fbpx

ရခိုင်ဒေသရဲ့ တစ်ကျော့ပြန်စစ်ပွဲ ဘယ်တော့ပြန်ဖြစ်လာနိုင်သလဲ

Photo – စိုင်းတင်တံတားပေါ်မှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီစစ်တပ်ရဲ့ တပ်မ ၂၂တပ်ဖွဲ့ဝင်တစ်ဦး

3 June 2021 _ By Kaung Mrat Naing / MPA

အာဏာသိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲကိုအကြောင်းပြပြီး ရခိုင်ဒေသမှာ မရပ်ချင်ဘဲရပ်ထားလိုက်တဲ့ စစ်တပ်ရဲ့တိုက်ပွဲတွေ ဘယ်တော့ပြန်ဖြစ်လာနိုင်သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ရခိုင်ဒေသတွင်း တိုက်ပွဲတွေစဖြစ်နေကြချိန်တွေမှာတော့ ရက္ခိုင့်တပ်တော်(အေအေ)ကို အမြတ်ဖြတ်ချေမှုန်းမယ့်လို့ လူသိရှင်ကြား ပြောကြားခဲ့ပေမယ့်တကယ့်လက်တွေ တိုက်ပွဲတွေဖြစ်တော့ အထိ အခိုက်အကျအဆုံးများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ရခိုင်ဒေသတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကို ပြန်ပြောရရင်တော့ နှစ်ဖက်စလုံးဟာ အပြန်အလှန် အထင် သေးလျော့တွက်ခဲ့ကြတာကို တွေ့ရပါတယ်။

ရခိုင်ဒေသမှာ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်ကနေ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတော်တော်များများကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့ဖူးတော့ အခြေအနေတချို့ကို သိခဲ့မြင်ခဲ့ကြားခဲ့ရပါတယ်။

စစ်ကောင်စီစစ်တပ်ကတော့ အေအေမှာ ဒီလောက်ကြီးလက်နက်အင်အား၊ လူအင်အားရှိနေမယ့်လို့ မထင်ထားခဲ့ဘဲ အမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မယ့်လို့ လျော့တွက်ခဲ့တာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)ဖက်ကတော့ စစ်ကောင်စီ စစ်တပ်ဖက်က လက်နက်ကြီးတွေအပါအဝင်၊ကြေး၊ရေ၊လေ၊စုပေါင်းပြီး အပြင်းထန်ဆုံးချေမှုန်းမှာ မဟုတ်ဘူးလို့ လျော့တွေးထားခဲ့တယ်လို့ မြင်ပါတယ်။

ဌာနချုပ်က ခေါင်းဆောင်ပိုင်းတွေက တွေးကောင်းတွေးခဲ့လိမ့်မယ်ဆိုပေမယ့် အောက်ခြေမြေပြင်မှာတကယ်တိုက်ပွဲဝင် လမ်းညွှန်နေသူတွေ မတွေးခဲ့တာကို တွေ့ရပါတယ်။

အေအေရဲ့နောက်ထပ် လိုအပ်ချက်တစ်ခုက စစ်ရေးဗျူဟာတွေကို အသေးစိတ်သေချာလေ့လာပြီး အပြီးသတ်အပိုင်းနဲ့နောက်ဆက်တွဲ အကျိုးသက် ရောက်မှုအားလုံးကို ထည့်တွက်ဖို့ လိုအပ်ခဲ့တယ်လို့ မြင်မိပါတယ်။

၂၀၁၈ ဒီဇင်ဘာလမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေရောက်လာခဲ့တော့စိုင်းတင်ဈေးရွာအထိ ကယ်ဆယ်ရေးပေးရင်း သတင်းသွားယူခဲ့ဖူးပါတယ်။

အဲဒီကိုသွားခဲ့တဲ့အတွေ့အကြုံအရ အဲဒီတုန်းက စကခ ၁၅ လက်အောက်ခံ ၅၅၁ တပ်ရင်းမှာ လုံခြုံရေးတအားကြီး အားနည်းနေတာကို တွေ့ရသလို စိုင်းတင်တံတားပေါ်မှာ ဘယ်စစ်သား၊နယ်ခြားစောင့်မှ မရှိပါဘူး။

အဲဒီအချိန်တုန်းကသာ အေအေဖက်က နောက်ပိုင်းတိုက်ပွဲတွေလို သေချာစီစဉ်ဝင်တိုက်ရင် ၅၅၁ ကိုတစ်ညတည်းနဲ့ အလွယ်တကူရနိုင်ခဲ့တယ်လို့ မြင်မိပါတယ်။

အဲဒီတုန်းက ပျာရည်ရွာ နယ်ခြားစောင့်စခန်းရယ်၊နွားရုံတောင်နယ်ခြားစောင့်စခန်းသာ ၅၅၁ ရဲ့ ရှေ့ကာကင်းစခန်းအဖြစ် တပ်ဖွဲ့ဝင်အင်အား အစိတ်၊သုံးဆယ်ခန့်သာရှိတာကို တွေ့ရပါတယ်။ခုတော့ ၅၅၁ ကို ဝင်တိုက်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

နယ်ခြားစောင့်တွေ ကိုယ့်စခန်းကိုယ်ကို မီးတိုက်ပြေးသွားတဲ့ နွားရုံတောင်စခန်းနဲ့နွားရုံတောင်ရွာဘုန်းကြီးကျောင်းမှာ အင်အားရာချီပြီး လက်နက် ကြီးတပ်ဆင်ထားသလို ၃၁ ဘုံစေတီကုန်းရယ်၊ထိပ်တူးပေါင်တောင်ကုန်းရယ်မှာလည်း အင်အားအများကြီးနဲ့ ထပ်တိုးချထားပါတယ်။

နောက်တစ်ချက်က စိုင်းတင်တံတားပေါ်မှာ တပ်မ ၂၂ က အခိုင်အမာတပ်စွဲထားသလို ကြာညိုပြင်ဘုန်းကြီးကျောင်းရှေ့မှာလည်း လက်နက်ကြီးကိုအဆင်သင့်လုပ်ထားတုန်းပါပဲ။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကဆိုရင် ၅၅၁ က အင်အား၂၀၀ နီးပါးဟာ ထိပ်တူးပေါက်၊၃၁ ဘုံ၊နွားရုံတောင်စခန်းတွေဖက်သို့ အင်အားထပ်တိုးထားတယ်လို့သတင်းအတိအကျသိရပါတယ်။

နောက်ပြီး မေလ ၂၉ ရက်နေ့ကလည်း စကခ ၁၅ သို့ ရသေ့တောင်၊စစ်တွေဖက်က စစ်ရဟတ်ယာဉ် အသွားအလာလုပ်တာတွေကို တွေ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဒေသခံတချို့ခန့်မှန်းကြတာကတော့ ရသေ့တောင်မြို့နယ်၊ရေစိုးချောင်းဗျူဟာသို့ လက်နက်၊လူ၊ရိက္ခာတွေဖြည့်တင်းနေတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ မောင်တောမြောက်ပိုင်းနယ်စပ်ခြံစည်ရိုးကနေ ရခိုင်တစ်ပြည်လုံးမှာ လက် နက်အင်အား၊တပ်ဖွဲ့ဝင်အဆင်သင့်၊ခံစစ်အခိုင်အမာနဲ့အဆင်သင့်ဖြစ်နေ၊စောင့်နေပြီလို့ မျက်မြင်တွေကပြောပါတယ်။

အငူမော်ဆိပ်ကမ်းကစခန်းတစ်ခုတည်းကို ကြည့်ရင်တောင် စစ်ကောင်စီဖက်က ဘာတွေကို ဘယ်လောက်ထိလုပ်ထားသလဲ၊လုပ်နေသလဲဆိုတာကို တွေ့ရ၊သိရမှာဖြစ်ပါတယ်။

အေအေဖက်ကတော့ ဘာတွေပြင်ဆင်နေသလဲ၊ဘာတွေလုပ်နေသလဲဆိုတာကို မတွေ့ရ၊မသိရပေမယ့်စစ်တပ်ဖက်ကတော့ အေအေလာတိုက်ရင် အကောင်းဆုံးခံတိုက်ဖို့ ပြင်ဆင်ပြီးသွားတာကို တွေ့ရပါတယ်။

မောင်တောတောင်ပိုင်းထိ နယ်စပ်ခြံစည်ရိုးတွေ ကာရံပြီးစီးလာတာတွေ၊တပ်ရင်းအသစ်တွေကို သေချာတည်ဆောက်အင်အားတိုးချဲ့လာတာကအစဖြစ်ပါတယ်။

လိုအပ်လို့ထုတ်ကစားမယ်ဆိုရင် စစ်ကောင်စီဖက်က စတာနဲ့တိုက်ပွဲတွေအချိန်မရွေးပြန်ဖြစ်လာနိုင်ပေမယ့် ရက္ခိုင့်တပ်တော်(အေအေ)ဖက်ကတော့ အပြီးသတ်တိုက်ပွဲဆင်နွဲ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မြင်ပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)ကို အုပ်ချုပ်ရေး၊တရား စီရင်ရေး၊လုံခြုံရေးတွေကြောင့် စစ်ရေးပြင်ဆင်မှုပိုင်းမှာ အားနည်းသွားတယ်၊အားနည်းသွားမှာ စိုးတယ်လို့ ဝေဖန်ပြောဆို စိုးရိမ်မှုတချို့ကို တွေ့ရပါတယ်။

ရခိုင်ဒေသရဲ့ တစ်ကျော့ပြန်စစ်ပွဲ ဘယ်တော့ပြန်ဖြစ်နိုင်သလဲဆိုရင် နိုင်ငံတကာဖိအားကြောင့် ရိုတွေကို ပြန်လည်လက်ခံရေး မလုပ်လို့မရတော့တဲ့အခြေအနေမှာ စစ်ကောင်စီဖက်က ပွဲထုတ်ကစားလာရင် ဖြစ်လာနိုင်သလို မဟာမိတ်နယ်မြေတွေရဲ့လိုအပ်ချက်ကြောင့် အေအေဖက်က တိုက်ပွဲဖော်ကစားလာရင်လည်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ နှစ်ဖက်စလုံးက တိုက်ပွဲတွေ မဖော်ကြဘူးဆိုရင်လည်း ၂၀၂၂ မိုးရာသီနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းတွေမှာ ရခိုင်ဒေသမှာ တိုက်ပွဲတွေ အပြင်း အထန်ပြန်ဖြစ်လာနိုင်ပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)တပ်မှူးချုပ်က ၂၀၂၅ မတိုင်မီ ရခိုင်မှာ အပြောင်းအလဲကြီးတစ်ခုဖြစ်ရမယ်လို့ ပြောထားတော့ ရခိုင်ဒေသက စစ်ကောင်စီတပ်တွေကို ဖယ်ရှားဖို့နဲ့ပြန်လည်တည်ဆောက်ဖို့ အနည်းဆုံး ၃ နှစ်ခန့်အချိန်ယူရမှာမို့ ၂၀၂၂နဲ့ ၂၀၂၃နှစ်တွေမှာ မလွှဲမသွေ၊တိုက်ပွဲတွေ ပြန်ဖော်ဆောင်ရမှာဖြစ်ပါတယ်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: