Site icon Myanmar Pressphoto Agency

ကယားစစ်ရှောင်စခန်းများတွင်ဆေးဝါးနှင့်ကိုဗစ်ကာကွယ်ရေးပစ္စည်းများလိုအပ်နေ

Photo - MPA

Advertisements

By MPA

ကယားပြည်နယ်အတွင်းစစ်ရှောင်စခန်းများတွင်ဆေးဝါးများနှင့်ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်းသိရသည်။

“ကျွန်မတို့ဆီမှာကိုဗစ်ဖြစ်တဲ့သူတွေအောက်ဆီဂျင်ပြတ်တဲ့သူတွေတော့အခုချိန်ထိမရှိသေးပါဘူး။ရာသီတုပ်ကွေးဖြစ်တဲ့သူတွေငှက်ဖျားမိပြီးဖျားတဲ့သူတွေပဲရှိပါတယ်။အဓိကကတော့ဆေးဝါးတွေလိုအပ်ပါတယ်။ပြီးတော့ဒီမှာလူများတော့ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေလက်ဆေးဆပ်ပြာတွေတော့အလုံအလောက်မရှိသေးတော့ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ပြောရပါမယ်”ဟု ကယားစစ်ဘေးရှောင်စခန်းတွင်ရောက်ရှိနေသူတစ်ဦးကဆိုသည်။

ဇူလိုင်လပိုင်းတွင်စစ်ရှောင်လူဦးရေများပြားလာပြီးရာသီဥတုအပြောင်းအလဲများ၊နေထိုင်ရသည့်နေရာအခက်အခဲကြောင့်ဖျားနာမှုများရှိနေပြီးအနီးဆုံးဆေးကုသစခန်းမှာအချိန်အတော်ကြာသွားရကြောင်းသိရသည်။

“ကျွန်မတို့စစ်ရှောင်စခန်းမှာဆေးပေးခန်းတော့ရှိတယ်။ဒါပေမဲ့ဆေးအလုံအလောက်မရှိဘူး။ကျွန်မတို့နေတဲ့နေရာနဲ့ဆရာဝန်ရှိတဲ့နေရာကတော်တော်လေးတော့သွားရသေးမယ်။ဆရာဝန်ရှိတဲ့နေရာသွားတဲ့အခါမှာအခုက လမ်းပေါ်မှာစစ်သားတွေကနေရာတိုင်းရှိနေတော့မလုံခြုံရေးကတော့မပြောတတ်ပါဘူး”ဟုဆိုသည်။

လက်ရှိအချိန်တွင်ကယားပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသဖြင့်ပြည်သူတစ်သိန်းကျော်အနေဖြင့်အိုးအိမ်များစွန့်ခွါပြီးဘေးကင်းလုံခြုံရာများသို့ရှောင်းတိမ်းနေရသည်။စစ်ရှောင်များအနေဖြင့်လုံခြုံသောနေရာများတွင်မိုးကာများဖြင့်ဖြစ်သလိုနေထိုင်ရသဖြင့်ကျန်းမာရေးအတွက်အဘက်ဘက်မှစိန်ခေါ်မှုများရှိနေခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင်ဇူလိုင်လ၁၃ရက်နေ့အထိကိုဗစ်ကူးစက်ခြင်းမရှိသေးသော်လည်းလူဦးရေအများအပြားရှိသည့်အတွက်စစ်ဘေးရှောင်များအနေဖြင့်ကိုဗစ်ရောဂါအတွက်စိုးရိမ်ပူပန်မှုများရှိသည်။ကယားပြည်နယ်တွင်တစ်ပတ်အတွင်းကိုဗစ်ကူးစက်သူ၁၀၀ကျော်ရှိပြီးသေဆုံးသူတစ်ဦးရှိသည်။

#IDP #ကယား #MPA

Exit mobile version