fbpx

ပြည်သူတွေရဲ့ အောက်ဆီဂျင်တိုက်ပွဲ

By Emerald / MPA

 သဲကြိုးတွေဖြူလျော်ပြီး ဦးထိပ်တွေ တွန့်လိပ်နေသည့် ဖိနပ်ကိုစီးကာ လျှာထိုးဦးထုပ်ဆောင်းထားသည့် အောက်မှ ဆံပင်ဖြူဖြူ တွေထိုးထိုးထောင်ထောင်ထွက်နေသော အသက် ၆၀ကျော်ခန့်  ရှိရင်းစွဲအသက်ထက်များစွာ ရင့်ရော်နေဟန် ပေါက်သည့် အမျိုးသားတစ်ဦးက အောက်စီဂျင်အိုးတွေ စီတန်းထားသည့်နား မလှုပ်မယှက်ရပ်ကာ နံပါတ်စဉ်အလိုက် ရေရွတ်ခေါ်ယူနေသည့် စက်ရုံတာဝန်ရှိသူကို  မျှော်လင့်ချက်အပြည့်ဖြင့် မမှိတ်မသုန် စိုက်ကြည့်နေသည်။  

 “ အိုး ၂၀ သွင်းမယ် “  “ ၂၆၅ ရပြီ ၂၆၅ လာပါ ။ ရှိလား ။ ”  ခပ်ကျယ်ကျယ် အော်သံနှင့်အတူ စက်ရုံ တံခါးဟလာပြီး ဟိုတစ်စု ဒီတစ်စုထိုင်နေကြသည့်  လူအချို့ ၏ မျက်လုံးများ စက်ရုံတံခါးစီသို့ စုပြုံရောက်လာသည်။ မိမိအလှည့် ရောက်ပြီလားဟု မျှော်တလင့်လင့်နှင့် လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။ နံပါတ်စဉ် ၄၀၀ကျော်များကမူ ငိုင်တွေနေဆဲပင် ။

Photo – MPA

 “မနက် ၄နာရီခွဲထဲက တန်းစီတာ၊ ဒါတောင် နံပါတ်က ၁၆၂ ၊ မြင်တဲ့အတိုင်းပဲ ၊ ခု၁၂ နာရီကျော်မှ ရတယ် ။ကျွန်တော်တော့ နေ့တိုင်း oxygen ပဲ အရှာထွက်နေရတာ ။နေရာတိုင်းလိုလို ခက်ခဲနေတယ် ၊ အားလုံးကအရေးပေါ်ဆိုတော့လည်းလေ “  အသက် ၄၅ နှစ်ခန့် အမျိုးသား တစ်ဦးက ချွေးတွေသီးနေသည့် မျက်နှာကို ပွတ်သပ်ရင်း နွမ်းလျစွာဆိုသည်။

 ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို  အသည်းအသန် တွန်းလှန်နေရသည့် အချိန်တွင် အာဏာသိမ်းမှုကိုပါ ကြုံတွေ့လိုက်ရသည့် မြန်မာနိုင်ငံသည် အခြေခံလူတန်းစားများအတွက်ကိုယ်ရောစိတ်ပါ ချုံးချုံးကျကုန်ရလောက်အောင် အခက်ခဲပေါင်းစွာ ရင်ဆိုင်လိုက်ကြရသည်။

အိမ်နီးချင်းနိုင်ငံများမှ စတင်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်ရန် ကြိုတင်ပြင်ဆင်ချိန်ရခဲ့သည့် ကံကောင်းသည်ဟု ဆိုနိုင်သော မြန်မာနိုင်ငံသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ကြံ့ကြံ့ခံကာ အဆင်ပြေအောင် ကျော်ဖြတ်နိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့ရသည့် တတိယလှိုင်းတွင်မူ ငရဲတမျှ ပူလောင်ပင်ပန်းနေကြရသည်။

 “အားလုံး ပိုက်ဆံကိုင်ပြီး မျက်ရည်ကျနေရတယ် ။ ဘယ်လောက်ပေးရရ ပေးပါမယ်ဆိုတာတောင် ပစ္စည်းက မရဘူးလေ။ စောင့်နေရင်း ပြန်လာခဲ့တော့ ဆုံးသွားပြီ ဆိုတာမျိုးတွေ ကြားရတာ မရေနိုင်ဘူး။” “မျက်ရည်နဲ့မျက်ခွက်တွေချည်းပဲ” ဟု  အသက် ၅၀နှစ်အရွယ် အမျိုးသားတစ်ဦးက ပလက်ဖောင်းတွင်ခုထိုင်ထားသည့်ဖိနပ်ကို နေရိပ်ရာဘက်သို့ ရွှေ့ထိုင်ရင်းက ဆိုသည်။

 ယခုအခါ Covid 19 ကူးစက်ခံထားရသူပြည်သူအများစုသည် အောက်ဆီဂျင် ပြတ်လပ်ခြင်းဒဏ်ကိုဆိုးဝါးစွာရင်ဆိုင်နေရပြီး အောက်ဆီဂျင်အိုးများ၏  ဈေးနှုန်းမှာ ယခင် ၁၅ လီတာဗူးတဗူးကို ၅သောင်း ၆ သောင်းခန့်ရှိရာမှ ယခု ၅သိန်း ၆သိန်းမှ ၇သိန်းခန့်ထိ ရောင်းချနေသည်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိုဈေးနှုန်းနှင့်ပင် လိုသလောက် ဝယ်ယူနိုင်ရန် ခက်ခဲရှားပါးနေခဲ့သည်။ နေ့စဉ်စားဝတ်နေရေးအတွက် မနည်းရုန်းကန်လှုပ်ရှားနေရသည့် အခြေခံလူတန်းစားများအတွက် ထိုသို့ဝယ်ယူနိုင်ရန်မှာ အိပ်မက်ပင် မမက်နိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်။

 “ လေမရှူရလို့ သေကြရမယ် ဆိုတော့လည်း သေလိုက်ကြရတာပေါ့ ။ ပြည်သူတွေမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ တော်တော်ကြီးကို ဒုက္ခရောက်နေရတယ် “ ဟု ဒေါသသံတစ်ဝက် နာကျင်မှုတစ်ဝက်ဖြင့် ပြောလိုက်သည့် အသက် ၅၅ နှစ်အရွယ် ဦးအောင်မင်း (အမည်လွှဲ)သည် ၂နာရီအခန့်အကြာလာရောက်ရသည့် မြို့နယ်မှလာကာ သူငယ်ချင်းကို လာရောက်ကူညီ အဖော်ပြုပေးသူဖြစ်သည်။

“သူငယ်ချင်းဆိုတာ ကူညီရမှာ ပေါ့ဗျာ” ဟုဆိုကာ ရင်ဘတ်တစ်လျှောက် ရွှဲနစ်နေသည့် ချွေးများကိုသုတ်ရင်းဆိုသည်။

 “ ကျေးဇူးပြုပြီးတော့ ဒီနေရာကိုတော့ မဖော်ပြလိုက်ပါနဲ့နော် ။ ပြည်သူတွေ ဒုက္ခတအားရောက်နေတာကိုတော့ မီဒီယာမှာ ဖော်ပြပေးပါရှင်။ ဒါပေမဲ့ ဒီနေရာ (အောက်ဆီဂျင် ပေးဝေနေသည့်စက်ရုံ)ကိုတော့ မဖော်ပြလိုက်ပါနဲ့ရှင်။ ကျွန်မတို့မှာ ဒီနေရာလေးပဲ အားကိုးနေရတာပါ ။ ကူညီပါရှင် ။ အသက်တွေပါ အစ်မရယ်နော် ” ဟု စိုးရိမ်နေသည့် မျက်ဝန်းများနှင့် ပြောဆိုလာသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် အောက်ဆီဂျင် အရေးပေါ် လိုအပ်နေသူ မိခင်အတွက် လာရောက်ဝယ်ယူရန် စောင့်ဆိုင်းနေသူ တစ်ဦးဖြစ်သည်။

 ‘ပြည်သူမှာ ပြည်သူပဲ ရှိတယ် ‘ ဟုဆိုကာ ရန်ကုန်မြို့တွင်း ရှိ အောက်ဆီဂျင်ရရှိနိုင်သည့်နေရာများကို ပြည်သူများအချင်းချင်း ကူညီဖေးမနိုင်ရန် လူမှုကွန်ရက်တွင် အပြန်အလှန်မျှဝေကြမှုများရှိပြီးနောက် လာရောက်တန်းစီ စောင့်ဆိုင်းသူများနှင့် စုဝေးနေကြသည့် အောက်ဆီဂျင်စက်ရုံတစ်ခုကို စစ်ကောင်စီဘက်မှ လာရောက်ကန့်သတ်ကာ သေနတ်ပစ်ဖောက်တားဆီးမှုများပြုလုပ်ခဲ့သည်ဆိုသည့်သတင်းအပြီး ပြည်သူများက အောက်ဆီဂျင် မရတော့မည်ကို ထိတ်လန့်စိုးရိမ်ကာ မီဒီယာတွင် ဖော်ပြမည်ကို အထူးပင်ကြောက်ရွံ့နေကြသည်။

 အောက်ဆီဂျင် ပေးဝေရာနေရာများသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုံများမှ လာရောက်ကြသည်သာမက ရန်ကုန်ပြင်ပမှပင် လာရောက်ကြသည်များလည်းရှိသည်။

 “ ပြောရရင် စိတ်မကောင်းစရာဗျာ။ ပဲခူးကအထိတောင် လာကြတယ်။ ရန်ကုန်ကတော့အစုံပဲပေါ့။ အခု ဘာဖြစ်လဲဆိုတော့ ပြည်သူတွေက အောက်ဆီဂျင် ဘယ်နားပေးလဲ ဘယ်နားရလဲဆိုပြီး အသံကြားတဲ့နောက် အကုန်လိုက်ကြရတာ”

 ဘာသာပေါင်းစုံမှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ၊ ငွေကြေးတတ်နိုင်သူ စေတနာရှင်များနှင့်  ကုသိုလ်ဖြစ် လှူဒါန်းပေးနေသူပရဟိတအသင်းအဖွဲ့များစွာတို့ကလည်း ကြိုးစားအားထုတ်၍ အချိန်မီလိုသလောက်ကူညီနိုင်ရန် ကြိုးစားကြသော်လည်း လိုအပ်ချက်နှင့် မမျှတနိုင်သည့် အခြေအနေကိုကြုံတွေ့နေရသည်။ ပရဟိတ အသင်းအဖွဲ့များစွာ၏ ဖုန်းနံပါတ်များနှင့် အောက်ဆီဂျင် ရနိုင်မည့် စက်ရုံများ ၊ ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၏ ဖုန်းနံပါတ်များကို လူမှုကွန်ရက်တွင် မျှဝေထားခြင်းကြောင့် ဖုန်းကောပေါင်း ထောင်နှင့်ချီ၍ အဆက်မပြတ် ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ပြီး ကူညီရန်လည်း မတတ်နိုင်တော့သည့် ပရဟိတ အသင်းအဖွဲ့များသည် လက်လျှော့ပြီး ဖုန်းပိတ်ထားလိုက်ရသည့် အဖြစ်အပျက်များနှင့်လည်းရင်ဆိုင်နေရသည်။

 “ညဘက်တွေလည်း ကျွန်တော်တို့အဖွဲ့သားတွေ မအိပ်ရဘူး၊ ဖုန်းတွေက တောက်လျှောက်လာတာ ၊ ကျွန်မတို့အမေ အောက်ဆီဂျင် ၄၀ပဲ- ၃၀ပဲ ရှိတော့တယ်..ကျွန်တော်တို့မှာလည်း ပေးစရာမရှိတော့ဘူး …သူတို့မှာလည်း သေရေးရှင်ရေးနဲ့။ စိတ်မကောင်းတော်တော် ဖြစ်ရပါတယ်ဗျာ” ဟု အောက်ဆီဂျင် ပေးဝေလှူဒါန်းနေသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် ဒေါပုံနွယ်အေးဗလီမှအစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ တာဝန်ခံကိုဇော်မင်းလတ်က သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။

 မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်အိုးလာယူရင်း အများအတွက်ပါ ကုသိုလ်ဖြစ်သယ်ဆောင်ပေးနေသည့် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကလည်း

“ ကျွန်တော်က ကျွန်တော့်အမေအတွက် အသည်းအသန် လုပ်ပေး ရှာပေးနေချိန် သူများတွေက မျှော်လင့်ချက်နဲ့   အိုးရလား လာမေးကြတယ်။ နောက် တစ်နာရီ လောက်ကြာတော့ ဆုံးသွားတယ်။ အဲ့ဒါကိုလေ ကျွန်တော်တကယ်မခံစားနိုင်ဘူး။ “  ဟု မျက်ရည်အဝိုင်းသား၊ အသံဆို့နင့်စွာနှင့် ဆိုသည်။

အောက်ဆီဂျင် အားကိုးတကြီးအကူညီတောင်းခံလာသည့် မိတ်ဆွေများနှင့် အောက်ဆီဂျင်အချိန်မီ မရ၍ ဆုံးပါးသွားရသည့် ဖြစ်စဉ်များအတွက် စိတ်ထိုက်နာကျင်ခဲ့ရသည့်သူမက သူမ၏မိခင်အတွက်သာမက သူမမြို့နယ်ရှိ လိုအပ်နေသူများကို ကူညီနိုင်ရန် စိတ်ကူးရရှိခဲ့သည်။ သူမ၏စိတ်ကူးကိုအကောင်အထည်ဖော်ကာ မနက် အောက်ဆီဂျင် ၁၀ အိုး နှင့် ညနေဘက် ၁၀အိုးကို တစ်ပါတည်း ကုသိုလ်ဖြစ် သယ်ဆောင်၍ လိုအပ်နေသူများကို မျှဝေပေးခဲ့သည်။

 “ မြို့နယ်တိုင်းဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော်တို့လို မိသားစုအတွက် လုပ်ပေးနေရင်း ကူနိုင်တဲ့ဟာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကို ကူရင်လေ အောက်ဆီဂျင်အတွက် အသက်ဆုံးရှုံးရတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့ “ ဟု သူမ ရှိုက်သံဖြင့် ဆိုနင့်ကြေကွဲစွာပြောရင်း အသံတိုးတိမ်သွားခဲ့သည်။

 မိသားစုဝင်များအားလုံးဖျားနာနေ၍ အပြင်မထွက်နိုင်သည့်အခြေအနေများကိုရင်ဆိုင်နေရသည့် ပြည်သူအချို့သည် အောက်ဆီဂျင်အိုးတန်းစီနိုင်ရန်အတွက် တနေ့လျှင် ငွေတစ်သောင်းခွဲခန့်ပေးကာ စောင့်ဆိုင်းပေးမည့်သူကို ငှားရမ်းနေကြရသည်။ ငွေကြေးတတ်နိုင်သူများအဖို့ ထိုပမာဏသည် မပြောပလောက်သော်လည်း စက်ရုံအလုပ်ရုံများ လည်ပတ်မှု ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရသည့် အခြေခံ လူတန်းစားများနှင့် လုပ်ခလစာနည်းပါးလှသည့် သာမန် ဝန်ထမ်းပြည်သူများအဖို့ မိမိသားစုဝင်များ ဆုံးပါးသွားရခြင်းကို နာကျင်ကြေကွဲစွာ စောင့်ကြည့်နေရရုံမှတပါး အခြားမရှိတော့ချေ ။

အောက်ဆီဂျင် လာရောက်တန်းစီရာတွင် အမျိုးသားများသာမက  အမျိုးသမီးများ၊ ကလေးများ သံဃာတော်များပါမကျန် လာရောက်သယ်ဆောင်နေကြရပြီး အချို့မှာ ညအိပ် စောင့်ဆိုင်းပြီး သယ်ယူရသည့်အထိ ခက်ခဲပင်ပန်းလှသည်။ သစ်ပင်ရိပ်အောက်တွင် ထမင်းဖြူတစ်ထုတ်ကို သတင်းစာစက္ကူခင်း၍ တပွဲ ၃၀၀ ကျပ်တန် အသုပ်နှင့် လူနှစ်ယောက်စားကာ ညနေ နေစောင်းသည်အထိ  အောက်ဆီဂျင်ဘူးရယူရန် စောင့်ဆိုင်းနေရသည့် ပြည်သူများ ၊ မိမိမိသားစုဝင် အသက်ရှင်နိုင်ရေးအတွက် social distancing ကိုမမှုနိုင်တော့ဘဲ အလုအယက်တိုးဝှေ့ စောင့်ဆိုင်းနေကြရသည့် ပြည်သူများ၏ ဒုက္ခ၊ သောကနှင့် ပရိဒေဝများမှာ နူရာဝဲစွဲ လဲရာ သူခိုးထောင်းသလို တစ်ပူပေါ် နှစ်ပူဆင့်ရသည့် အခြေအနေမျိုးဖြစ်သည်။

 အဆမတန် မြင့်တက်လာသော ကုန်ဈေးနှုန်း၊ ထိန်းချုပ်နိုင်ခြင်းမရှိသော ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၏ဈေးကွက်၊ ဝိသမလောဘသားတို့၏ ကိုယ်ချင်းစာနာတရားကင်းမဲ့မှု ၊ အဆင်ခြင်မဲ့ အတ္တလောဘများနှင့် အာဏာရူးသွပ်သူများကြားမှ မြေစာပင်ပြည်သူများ၏ အနာဂတ်မှာ  ရွှေပြည်တော် မျှော်တိုင်းဝေးနေရသည့် အခြေအနေပင် ဖြစ်နေပါတော့သည်။

#အောက်ဆီဂျင် #ကိုဗစ် #မြင်ကွင်းဆောင်းပါး #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: