fbpx

အင်းစိန်ထောင်မှ ဆန္ဒပြ အကျဉ်းသားများ၏ တောင်းဆိုမှုများအနက် ကိုဗစ်နှင့်သက်ဆိုင်သော အချက် တချက်သာ လိုက်လျော

By MPA

ရန်ကုန်၊ အင်းစိန်ထောင်ရှိ ယနေ့နံနက်ပိုင်း ဖြစ်ပွားခဲ့သော ထောင်တွင်းဆန္ဒပြမှု့မှ အကြမ်းဖျဉ်း တောင်းဆိုချက် ၃ ခုမှ တခုကိုသာ အကျဉ်းဦးစီးဌာနမှ လိုက်လျောပေးနိုင်မည်ကြောင်း တာဝန်ရှိသူ တဦးက MPA သို့ ပြောသည်။

တောင်းဆိုချက် အဓိကအချက်များမှာ မတရား ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရေး၊ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး အစီအမံများ တိုးမြှင့်ပေးရေးနှင့် ထောင်ဝင်စာ ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးရေးတို့ ဖြစ်သည်။

သို့သော် အကျဉ်းဦးစီးဌာန အနေဖြင့် လုပ်ပိုင်ခွင့်ဘောင်များအရ အကျဉ်းသားများ၏ ကိုဗစ်ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အစီအမံများ တိုးမြှင့်ပေးနိုင်သည့် အချက်သာ ရှိနေကြောင်း အကျဉ်းသားများကို ရှင်းပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ကျနော်တို့ လုပ်ပေးနိုင်တာက ကျန်းမာရေးကိစ္စ၊ ဆရာဝန်တွေ ထပ်တိုးပေးနိုင်မယ်။ ဆေးကုတာ ပိုတိုးတက်အောင် လုပ်ပေးနိုင်မယ်။ လွှတ်တာ၊ မလွှတ်တာက စစ်ကောင်စီနဲ့ဆိုင်တယ်။ သူက လွှတ်ဆို ကျနော်တို့ လွှတ်ပေးရမှာပဲ။ ထည့်ထားဆို ကျနော်တို့ ထိန်းသိမ်းထားရမှာပဲ။ ကျနော်တို့ စီမံလို့ရတာ မဟုတ်ဘူး။ ထောင်ဝင်စာ ပိတ်ထားရတာလဲ အခုထက် ထောင်ထဲကို ပိုးတွေ ထပ်မကူးအောင်ပါ။ ထောင်ဆိုတာ အပြင်ထက် တကယ် ကူးစက်ပြီဆို ထိန်းသိမ်းဖို့ တအားခက်တဲ့နေရာဟု ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်မှု အခြေအနေအပေါ် သက်ဆိုင်ရာ မိသားစုများကို အသိမပေးခြင်း၊ ထုတ်ပြန်မှု မပြုခြင်းက ဆိုးဝါးသော အခြေအနေ တခုဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ကိုမင်းသွေးသစ်၏ ဇနီးမပိုပိုက MPA ကိုပြောသည်။

ထောင်တွင်း ဆေးရုံ၊ ဆေးဝါးကုသမှု မပြည့်စုံခြင်း၊ ဆရာဝန် မပြည့်စုံခြင်းက အကျဉ်းသားများကို ပိုမိုဆိုးဝါးစေနိုင်ကြောင်း သူမက ဆက်ပြောသည်။

အခု ကိုမင်းသွေးသစ်က ဖျားနေပြီ၊ အနံ့ပျောက်နေပြီ ကြားတယ်။ သူက အချုပ်အကျဥ်းသားတွေနဲ့ အတူတူထားတာ။ သူ့အကြောင်း ဘာဖြစ်နေပြီ၊ ဘယ်ဆေးလိုပြီဆိုတာ မိသားစုဝင်တွေကို အကြောင်းကြားဖို့ကောင်းတယ်။ အပြင်က စိတ်သာပူနေကြရတာ။ ဘာလုပ်ပေးရမယ် မသိရဘူး။ ထောင်ဆေးရုံမှာ မရှိတဲ့ဆေးဆို အပြင်ကနေ ဝယ်ပို့ပေးလို့ရတာပဲ။ ကျမတို့ မိသားစုတွေ ဘာမှမသိတော့ စိတ်ပူနေရတယ်ဟု သူမက ဆိုသည်။

လက်ရှိအချိန်တွင် အင်းစိန်ထောင်အတွင်း အချုပ်အကျဉ်းသားနှင့် ထောင်ကျပြီးသူများ ရောနှောထားခြင်း၊ ဖျားနာပြီဆိုပါက ကုသရန် ဆေးဝါး မလုံလောက်ခြင်းများ ဖြစ်နေသည့် အကြောင်း အခြား အချုပ်သား မိသားစုဝင်တဦးကလည်း ပြောသည်။

ထို့အပြင် အကျဉ်းဦးစီးဌာန၏ စာရင်းများအရ အင်းစိန်ထောင်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၅၀ နီးပါး ရှိနေကြောင်း သိရသည်။

ထို့အပြင် NLD ပါတီ၏ ထိပ်ပိုင်း နိုင်ငံရေး သမားများနှင့် ရွှေညဝါဆရာတော်တို့လို နိုင်ငံရေး သြဇာ ရှိသူများကို ဖမ်းဆီးထားသည့် အင်းစိန်ထောင် အတွင်းရှိ သီးသန့်ထောင်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းလည်း ကိုဗစ်ကြောင့် သေဆုံးခဲ့ရသည်။

#အင်းစိန်ထောင် #ကိုဗစ် #ဆန္ဒပြတောင်းဆို #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: