fbpx

ကိုဗစ်လူနာများအတွက် စီမံထားသည့် Waiting စင်တာများမှ ၂၀ ရာခိုင်နှုန်းသာ ဆေးရုံတင်ကုသပေးနိုင်

By MPA

ကိုဗစ်ကူးစက်ခံရသူများအတွက် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ပေးထားသည့် Waiting စင်တာများမှာ ကိုဗစ်ကူးစက်ခံထားရသူများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ဆေးရုံတင်ကုသမှုပေးနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်း ထံမှ သိရသည်။

Waiting စင်တာများသည် ဆေးရုံတင် မကုသမီ Booking တင်ထားစဉ်စောင့်ဆိုင်းနေရသည့် နေရာများဖြစ်ပြီး စောင့်ဆိုင်းဆဲ လူနာများ၏ ၂၀ ရာ ခိုင်နှုန်းခန့်ကိုသာ ဆေးရုံသို့ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။

“ဆေးရုံတွေမှာက လူနာကပြည့်နေတာ။ ဆေးရုံမှာထားနိုင်မယ့်လူနာအရေအတွက်၊ ဆေးရုံဆင်းခွင့် ရတဲ့လူနာ၊ ထပ်တိုးလာတဲ့လူနာက မမျှဘူးလေ။ Waiting စင်တာထားလည်း ထားတာဘဲရှိမယ်”ဟု မွန်ပြည်နယ် ကျန်းမာရေးဝန်ထမ်းတဦးက MPA သို့ ပြောသည်။

Waiting စင်တာများတွင် စောင့်ဆိုင်းနေသည့်လူနာများအား အောက်စီဂျင် ထားပေးထားသော်လည်း လောက်ငှမှုမရှိ၍ အလှည့်ကျရှူနေရကြောင်း သိရသည်။

“ဒီWaiting စင်တာမှာက လူနာတွေလက်ခံပြီး ဆေးရုံ မပို့နိုင်တော့ နဂိုကထားထားတဲ့ အောက်စီဂျင်တွေကလည်း အပြည့်အဝမဟုတ်ဘူး။ ​အဲ့ဒီထဲကမှ အောက်စီဂျင် လိုတဲ့သူတွေကို အလှည့်ကျပေးနေရတယ်” ဟု ရန်ကုန်တိုင်းရှိ ကုသရေး ဆရာဝန်တဦးက ဆိုသည်။

နိုင်ငံတဝှမ်း ပြည်သူ့ဆေးရုံများအနေဖြင့် ကိုဗစ်ရောဂါဖြင့် သေဆုံးနေသူများတွင် ၅ ဦးလျှင် ၁ ဦးသာသေဆုံးခြင်းအား အတည်ပြုနိုင်ပြီး နေအိမ်တွင် သေဆုံးသူများ၏ စာရင်းများထည့်သွင်း ခြင်းမရှိကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း စစ်ကောင်စီမှ ပြုလုပ်သည့် Waiting စင်တာများ စတင် ထားရှိစဉ်ကလည်း မြေပြင် အခြေအနေအရ ကူးစက်မှုအဆမတန် မြင့်တက်ခြင်းဖြစ်ပေါ်နေ၍ ထူးခြားမှုမရှိနိုင်ကြောင်း ရန်ကုန်မြို့ ပရဟိတအသင်းများက သုံးသပ်ပြောဆိုထားသည်။

#Waitingစင်တာ #စစ်ကောင်စီ #COVID19 #MPA 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: