fbpx

ပင်းတယ မီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဖမ်းဆီးထားသည့် CDM ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအချို့ကို ပြန်လွှတ်ပေးမည်ဟုသိရ

By MPA
ပင်းတယ မီးအိမ်ရှင်ကဲ့သို့ လူသိများသည့် ဒေါက်တာသန်းမင်းထွဋ်အပါအဝင်အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင်၍ CDMပြုလုပ်သဖြင့် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော CDM ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဥ်းသားများအား စစ်ကောင်စီမှ သြဂုတ်လ ၂ရက် နေ့တွင် ပြန်လည်လွှတ်ပေးမည်ဟု အကျဥ်းဦးစီးဌာနအတွင်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။
” သြဂုတ်လ ၂ရက်နေ့မှာ ၅၀၅ (က)တစ်သုတ် လွှတ်ဖို့ရှိတယ်လို့ကြားတယ်။ အဲဲ့ဒီထဲမှာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများစုပါဖို့ရှိတယ်။ ညွှန်ကြားစာတော့အတိအကျ ထွက်မလာသေးဘူး”ဟု အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးတဦးက MPAသို့ပြောသည်။
ဇွန်လမှစ၍ COVID-19 တတိယလှိုင်း ပြင်းထန်လာခဲ့ပြီး ပြည်သူ့ဆေးရုံများတွင် ကုသရေးဆရာဝန်များနည်းပါးနေ၍ ဇူလိုင်လအတွင်းကူးစက်မှုနှင့်သေဆုံးမှု အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
” သူတို့ပြန်လွှတ်တဲ့ရည်ရွယ်ချက်ကတော့ အဓိကက ကိုဗစ်ကိုမထိန်းနိုင်လို့ပဲ။ ကျနော့်ဆေးရုံမှာဆို နဂိုဆရာဝန်အင်အားရဲ့ ၄ပုံ ၁ပုံဘဲရှိတယ်။” ဟု အမည်မဖော်လိုသူ ဆရာဝန်တဦးက MPAသို့ ပြောပြသည်။
အာဏာသိမ်းပြီးနောက် CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် CDM ကျန်းမာရေးဝန်ထမ်းနှင့် ဆရာဝန်များ ရာနှင့်ချီ ရှိကြောင်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီက ယခုလအတွင်းမှာပင် ကိုဗစ်ထိန်း ချုပ်နိုင်ရေး ကုသရေးပိုင်းဆရာဝန်များအား ၆လ စာချုပ် ကန်ထရိုက်စနစ်ဖြင့် ခေါ်ဆိုခဲ့သော်လည်း ဝင်ရောက်လုပ်ကိုင်သူ နည်းပါးကြောင်း သိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: