fbpx

မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် လွတ်လာ​သော်လည်း ရန်ကုန် ခေတ်သစ်သတင်းဌာန တည်ထောင်သူကို အမှုတွဲ တရားစွဲထားမှု မပယ်ဖျက်သေး

By  MPA

ရန်ကုန် ခေတ်သစ် သတင်းဌာနတွင် ဖော်ပြခဲ့သည့် မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ထောင်ကျရာမှ ပြန်လွတ်လာသော်လည်း အဆိုပါသတင်း ဖော်ပြမှုကြောင့် အမှုတွဲအဖြစ် တရားစွဲထားသည့် ရန်ကုန် ခေတ်သစ်သတင်းဌာန တည်ထောင်သူ ဦးသာလွန်ဇောင်းထက် အပေါ် စွဲဆိုထားသည့်အမှုကို ပယ်ဖျက်ထားခြင်း မရှိဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့တွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်ခြောက်လ ကျခံရသည့် မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်သည် မန္တလေး အိုးဘိုထောင်မှ လွတ်ရက်စေ့ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။

သို့သော် တရားလိုပြ သက်သေအဖြစ် ရဲတပ်ဖွဲ့က ဆရာတော်ကို တရားစွဲစဥ် ဆင့်ခေါ်ခဲ့သော ဦးသာလွန်ဇောင်းထက်ကို သက်သေမထွက်ပေးသည့်အပြင် စစ်ဆေးပေါ်ပေါက်ချက်ဟုဆိုကာ နောက်တိုးတရားခံအဖြစ် ပုဒ်မ ၅၀၀ ဖြင့်ပင် တရားစွဲထားကြောင်း သိရသည်။ 

ရန်ကုန်ခေတ်သစ် သတင်းဌာနသည် စစ်တပ်က အာဏာသိမ်းပြီးနောက် လိုင်စင်ပယ်ဖျက်ခဲ့သော သတင်းဌာန ရှစ် ခုတွင် ပါဝင်သည့် သတင်းဌာနဖြစ်သည်။ 

စစ်တပ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ပြည်သူအများ၏ ဆန့်ကျင်မှု၊ စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို ဖော်ပြသည့် သတင်းဌာနများကို ပစ်မှတ်ထားကာ လိုင်စင်ပယ်ဖျက်လျက်ရှိသည်။

#ရန်ကုန်ခေတ်သစ်သတင်းဌာန #ပုဒ်မ၅၀၀ #မန္တလေး  #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: