fbpx

ကယားစစ်ဘေးရှောင်နေရာအချို့တွင် ကိုဗစ်ကူးစက်ခံနေရ

By MPA
ကယားပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွါပြီးထွက်ပြေးခဲ့ရသည့်စစ်ဘေးရှောင်များနေထိုင်ရာနေရာအချို့တွင်ကိုဗစ်ကူးစက်ခံနေရပြီဖြစ်ကြောင်းသိရသည်။
“အခုကတိုက်ပွဲတွေပြန်ဖြစ်တော့လူတွေပြန်ရောက်လာတယ်။အဲ့မှာစစ်ရှောင်ကြရင်းနဲ့ ကိုဗစ်ကူးတဲ့လူတွေရှိလာတဲ့သဘောပေါ့” စစ်ဘေးရှောင်ဒေသခံတစ်ဦးကMPAသို့ပြောသည်။
ကယားပြည်နယ်အတွင်း မေလတတိယအပတ်မှစတင်ပြီးပြည်သူ့ကာကွယ်ရေးတပ်များနှင့်အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့သည့်အတွက် လူတစ်သိန်းကျော်နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ခဲ့ကြသည်။ ဇွန်လအလယ်နှင့်ဇူလိုင်လတို့တွင်စစ်ပွဲများ ငြိမ်သက်သဖြင့်ဒေသခံအချို့နေရပ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်တွင်တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ပြန်လည်ရောက်ရှိလာကြကြောင်းသိရသည်။
“ဘာလို့ကူးတာလဲဆိုတော့ကယားပြည်နယ်ထဲမှာပဲကိုဗစ်ကူးတာကလည်းပျံ့နှံ့နေတယ်။ရောဂါရဲ့သဘာဝကြောင့်လည်းဖြစ်နိုင်သလို ပြန်လာတဲ့သူတွေဆီကလည်းကူးနိုင်တာလည်းရှိပါတယ်။ ဘယ်လိုသိလဲဆိုတာကတော့သူ့လက္ခဏာတွေကြည့်ပြီးသိရတာပါ” ၎င်းကဆိုသည်။
ကယားပြည်နယ်စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးအတွက် လက်ဆေးခြင်းကိုသာအဓိကထားပြုလုပ်နေရပြီး ကိုဗစ်အပြင်နေရာအခြေအနေရေရရှိမှုအခြေအနေများအရအခြားရောဂါများလည်းဖြစ်ပွားနိုင်​ခြေများကြောင်းသိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင်ကိုဗစ်ကူးစက်သူနည်းပါးပြီး သေဆုံးသူမရှိခဲ့သော်လည်း တတိလှိုင်းတွင်မူကူးစက်ခံရသူ၇၀၀ကျော်အထိရှိလာပြီး သေဆုံးသူ၂၀ကျော်ရှိလာပြီဖြစ်သည်။
လက်ရှိအချိန်တွင် သြဂုတ်လဆန်းပိုင်းမှစတင်ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး တိုက်ပွဲများမှာစစ်ရှောင်စခန်းများအနီးတွင်ဖြစ်ပွားလာခြင်းကြောင့်ထပ်မံတိမ်းရှောင်မှုများပြုလုပ်နေကြရသည်။
Photo_ MPA(စစ်ဘေးရှောင်များနေထိုင်ရသည့်ပုံကို ဇွန်လဆန်းပိုင်းကတွေ့မြင်ရသောပုံ)

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: