fbpx

နိုင်/ကျဉ်းဟောင်း ဦးကျော်အောင်ကို အကြမ်းဖက်စစ်ကောင်စီက ကာကွယ် ဆေးထိုးနှံခိုင်းပြီး ဖမ်းဆီး

By MPA
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အောင်ကို အသက် ၆၅ နှစ်အထက်ဖြစ်၍ ကာကွယ်ဆေးထိုးနှံရမည်ဟု အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုထိုးနှံခိုင်းပြီး သွားရောက်ထိုးနှံပြီးအပြန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံက သိရသည်။
သြဂုတ်လ ၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၄င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“သူ့ကို အသက် ၆၅ နှစ်အထက် စာရင်းမှာပါလို့ ကာကွယ်ဆေးထိုးရမယ့်ထဲမှာပါတယ်လို့ ပြောလို့ ဆေးသွားထိုးပြီး ပြန်လာတဲ့ချိန်မှာ ဖမ်းလိုက်တာ။ သူက အရင်ထဲက ၅၀၅(က)နဲ့ စွဲခံထားရသူ။ အဲ့ဒါနဲ့ပဲ ​ဖမ်းတာနေမှာပါ” ဟု သူက MPA သို့ဆိုသည်။
စစ်ကောင်စီအနေဖြင့် ကာကွယ်ဆေးထိုးတာကို အကြောင်းပြပြီး ထောက်ချောက်ဆင်ဖမ်းဆီးတာ ဖြစ်တယ်လို့ ဦးကျော်အောင်နှင့်အတူ ဟံသာဝတီ ဖောင်ဒေးရှင်းတွင် တွဲဖက်လုပ်ကိုင်သော အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်ကြည်က ပြောသည်။
“သူ့ကိုကျွန်​တော် မထိုးခင်က ပြောသေးတယ်။ ဆေးကိုလည်းမယုံနဲ့။ သူတို့ကိုလည်း မယုံပါနဲ့လို့။ သူ က နေလည်းမကောင်းဘူး။ ကိုဗစ်ကိုကြောက်ပြီး ကာကွယ်ဆေးထိုးချင်တာ။ အဲ့ဒါကို ဒလန် အုပ် ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်တွေက အခွင့် ကောင်းယူပြီး တမင်ထောင်ချောက်ဆင် ဖမ်းဆီးတာ။ကျွန်​တော် အမှတ်မမှားရင် ပုဇွန်တောင် အလက (၃) မှာ ထိုးပြီးတော့ အပြန် သူ့ကားပေါ်မှာ ရဲတွေရောက်နေပြီ။ သေနတ်နဲ့ထောက်ပြီး လူရောကားရော ရဲစခန်းထဲမောင်းခိုင်းလိုက်တာ” ဟု ၄င်းက ပြောသည်။
ဦးကျော်အောင်အားလက်ရှိတွင် ပုဇွန်တောင်ရဲစခန်းအတွင်း ဖမ်းဆီးထားပြီး မိသားစုနှင့်တွေ့ဆုံခွင့်ရရှိကြောင်း သိရသည်။
သြဂုတ်လ ၄ ရက်နေ့က ရေးဖွင့်ထားသော အမှုများ ရုတ်သိမ်းပေးရန် ဆက်သွယ်ရမည့် တိုင်းနှင့်ပြည်နယ် အသီးသီ၏ဖုန်းများ ထုတ်ပြန်ကြောင်း စစ်ကောင်စီပိုင် မီဒီယာ ကြေညာသည့်နေ့တွင်ပင် ဦးကျော်အောင်ကို ထောင်​ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အသက် ၆၅ နှစ်အထက်များအား ဦးစားပေးကာကွယ်ဆေးထိုးနှံပေးနေကြောင်းသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: