fbpx

တိုက်ကြီးမြို့နယ်အတွင်း ပျူစောထီး ၄၀၀ ခန့်ကို ​လေးသုတ်ခွဲကာ အကြမ်းဖက်စစ်ကောင်စီက သင်တန်းပေး

By MPA
ရန်ကုန်တိုင်း​ဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပဲခူးရိုးမ တောင်ခြေရှိ ကျားချောင်းရွာနှင့် ကွမ်းသီးမြောင်ရွာ အသွား ကြားလမ်းမကြီး နဘေးရှိ အမြှောက်တပ် လေ့ကျင့်ရေးတပ်ပိုင် နယ်မြေအတွင်း စစ်ကောင်စီကို ထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ရေး တပ်အတွင်း ရန်ကုန်တိုင်း​ဒေသကြီး၊ ပဲခူးတိုင်း​​ဒေသကြီး အစရှိသည့် ပျူစောထီး အဖွဲ့ဝင်များကို တစ်သုတ်လျှင် ၁၀ ရက်ကျော်ကြာ လက်နက်ကြီး၊ လက်နက်ငယ်နှင့် အခြေခံ မိုင်းလုပ်ငန်းဆိုင်ရာ သင်တန်းများကို ပေးအပ်ခဲ့ကြောင်း ၎င်းတပ်မိသားစုနှင့် နီးစပ်သော သူတဦးက MPA သို့ပြောသည်။
“တောအစပ်ဆိုတော့လူမသိကြဘူး။ သူတို့အတွက် သီးသန့် ယူနီဖောင်းက ရဲတပ်ဖွဲ့ ယူနီဖောင်းနဲ့ ခပ်ဆင်ဆင်ပဲ။ တစ်သုတ်ကို လူ ၁၀၀ ဝန်းကျင်ရှိတယ်။ ပြီးခဲ့တဲ့ ဇွန်လက ​လေးသုတ်မြောက် ပေးခဲ့တာ။ မိန်းကလေးတွေလည်းပါတယ်။ သူတို့ ညဘက် သင်တန်းချိန်ဆို လက်နက်ကြီး ဖောက်ခွဲသံတွေပါ ကြားရတယ်။ လက်နက်ငယ်သံကိုတော့ တစ်ခါတလေ နေ့ဘက်မှာ ကြားရတယ်။ ဘယ်ကလူတွေလဲတော့ ကျွန်​တော်အတိအကျမသိပေမယ့် သူတို့ တန်းဖြုတ်လို့ နားနေချိန် စကားပြောချက်အရ စစ်မှုထမ်းဟောင်းတွေ၊ သူတို့ မိသားစုဝင်တွေနဲ့ ရဲတွေတောင်ပါတယ်” ဟု သူကဆိုသည်။
ထို့အတူ ပျူစောထီးများကို လေ့ကျင့်ပေးပြီးနောက် မည်သည့်နေရာတွင် တာဝန်ခွဲစေမှုအကြောင်း MPA အနေဖြင့် အတိအကျ စုံစမ်း၍ မရသေးသော်လည်း သင်တန်းသူ၊ သင်တန်းသားများတွင် လူငယ်များပါ ပါရှိခဲ့သည်ကို ဇွန်လအတွင်းက လေ့လာတွေ့ရှိရသည်။
၎င်း သင်တန်းသားနှင့် ပြောဆို ဆက်သွယ်ရန် လုံခြုံရေးအရ အခွင့်မသာသဖြင့် မေးမြန်းခွင့် မရသော်လည်း ၎င်းတို့သည် အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ်ထု၏ လုပ်ရပ်များကို တန်ပြန်ရန် ယခုကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးအခြေခံ ပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း အခိုင်အမာ သတင်းရရှိခဲ့သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။ သင်တန်းသားတွေက အပြင်လူနဲ့ စကားပြောခွင့်မရှိဘူး။ သူတို့က အခါအားလျော်စွာ ညတိုက်ပွဲအတွက်တောင် လေ့ကျင့်ရမယ်ဆို လုပ်ရဦးမှာ။ သွား။ သွား” ဟု ဇွန်လအတွင်းက MPA သတင်းဌာန၏ သတင်းပေးသူတစ်ဦးကို ၎င်းလေ့ကျင့်ရေး တပ်ဘက်မှ လုံခြုံရေးယူသူ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးက မောင်းထုတ်ခဲ့ဖူးသည်။
ပျူစောထီးအဖွဲ့ကို တိုင်းနှင့်ပြည်နယ်အနှံ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ၊ အကြမ်းဖက် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအချို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်နှင့် ရဲတပ်ဖွဲ့က မွေးမြူထားသည့် ဒေသအလိုက် လူမိုက်အဖြစ် ထင်ရှားသူအချို့ ပါဝင်ကြောင်း သိရသည်။
ပျုစောထီးအဖွဲ့ကို မေလအတွင်းက စတင်ပြီးဖွဲ့စည်းခိုင်းကာ နယ်မြေရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးဌာနထက် သက်ဆိုင်ရာ နယ်မြေ စစ်ဒေသမှူးများက တိုက်ရိုက် ကိုင်တွယ်ကြောင်း ပဲခူးမြို့ပေါ်ရှိ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တစ်ဦးက MPA သို့ ပြောဆိုထားဖူးသည်။
Photo- အကြမ်းဖက်စစ်တပ်လက်‌အောက်ခံများအသုံးပြုနေသော ပျူစောထီးဟူသည့် ရာဇဝင်သူရဲကောင်းတစ်ဦး၏ရုပ်ထုကိုတွေ့မြင့်ရစဉ်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: