fbpx

ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများရှိနေသည့် မြို့ နယ်များတွင် လူ( ၅ ) ဦးနှင့်အထက်ပိုမိုစုဝေးခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ထပ်ဆင့်ထုတ်ပြန်

By MPA
ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အဖြစ်သတ်မှတ်ထားသော မြို့နယ်များမှ ဆိပ်ကြီးခနောင်တိုမြို့နှင့် ဒလမြို့နယ်မှ အပ ကျန် ၃၁ မြို့နယ်တွင် လူ( ၅ )ဦးထပ် ပိုမိုစုဝေးခွင့်မပြုကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဌာနမှ သြဂုတ်လ ၈ ရက်နေ့က ဒေသန္တရအမိန့် ထပ်ဆင့်ထုတ်ပြန်လိုက်သည်။
အဆိုပါမြို့နယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပေါင်းစုံနှင့် ဆန္ဒပြနေသည့်မြို့နယ်များဖြစ်ပြီး ယင်းမြို့နယ်များ၏ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ အများသွားရာလမ်းများ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်များတွင် လူ( ၅) ဦးထက် ပိုမိုစုဝေးခွင့်မပြုကြောင်းသိရသည်။
“ဒီထုတ်ပြန်တဲ့အပိုင်းက ထွေအုပ်ဌာနက ထုတ်ပြန်တာ။ လိုက်နာဆောင်ရွက်ဖို့က ပြည်သူတွေအလုပ်။ ဆန္ဒပြတာတွေကိုရည်ရွယ်တာလား ဆိုတာကတော့ ခများတို့မှတ်ယူတဲ့သူတွေအပေါ်မှာပဲမူတည်တယ်။ ကိုဗစ်စည်းကမ်းတွေ မှာလည်း ပါပြီးသား လူစုလူဝေးမလုပ်ရဘူးဆိုတာ။” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတဦးက MPAသို့ပြောသည်။
ရန်ကုန်တိုင်းအတွင်း COVIDကူးစက်မှုနှင့် သေဆုံးမှုနှုန်းမြင့်တက်နေ၍ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအား Stay at Home သတ်မှတ်ထားပြီး ယခုထုတ်ပြန်ချက်သည် အများပြည်သူလုံခြုံရေးအတွက် ထပ်ဆင့်ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီထုတ်ပြန်ချက်ကတော့ ကိုဗစ်လည်းပါဝင်သလို ကိုဗစ်နဲ့ပတ်သက်တဲ့စည်းကမ်းကတော့ Social Distancing တွေရှိမယ်။ အဓိက လူ (၅) ဦးထက်ပိုမစုရ ဆိုတာက လုံခြုံရေးအတွက်ပေါ့။” ဟု ရန်ကုန်တိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တဦးကဆိုသည်။
တားမြစ်ထားသည့်မြို့နယ်များအတွင်း လူ( ၅ ) ဦး ထက်ပိုမိုစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုလုပ်ခြင်း၊ ဟောပြောခြင်းများပြုလုပ်ပါက ပုဒ်မ (၁၄၄) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက် ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတင်းကျပ်ထားပြီး ပြီးခဲ့သည့် မတ်လမှ စတင်၍ ည ၈ နာရီ မှ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ရာ မေလတွင် ည ၁၀ နာရီသို့ ပြန်လည်တိုးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: