Site icon Myanmar Pressphoto Agency

NUGကိုထောက်ခံသည့် Profile များမချိန်းကြရန် ရဲတပ်ဖွဲ့ဝင်များကို တားမြစ်ထား

Advertisements
By MPA
အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)ကိုထောက်ခံသည့်စာသားများပါသည့် facebook Profileချိန်းခြင်းများမပြုလုပ်ရန်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များကိုတားမြစ်ထားကြောင်းသိရသည်။
လူမှုကွန်ယက်စာမျက်နှာများအပေါ်တွင် Accept NUG၊REJECT Military စသည့် Logoများပါဝင်သော profile များကို ယူနီဖောင်းဝတ်ရဲတပ်ဖွဲ့ဝင် ပုံများအသုံးပြုပြီး ဖော်ပြလာသည်ကိုတွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များကို ထိုသို့ ဖော်ပြခြင်းမပြုရန် စခန်းအသီးသီးကိုညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPAပြောသည်။
NUGထောက်ခံသည့်ပြည်သူများအနေဖြင့် ပြီးခဲ့သည့်သြဂုတ်လ၁၀ရက်နေ့ကတည်းက အဆိုပါလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါလှုပ်ရှားမှုတွင်ပါဝင်သူ သန်းနှင့်ချီရှိနေပြီဖြစ်သည်။
အဆိုပါfacebook Profileချိန်းသည့်လှုပ်ရှားမှုတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကဦးဆောင်ပြုလုပ်ခဲ့ကြပြီး လာမည့်စက်တင်ဘာလ၁၄ရက်နေ့တွင်ပြုလုပ်မည့်( ၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံကိုကိုယ်စားပြုမည့် အစိုးရတစ်ရပ်နှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘာ့နိုင်ငံများက စိစစ်ရွေးချယ်ရန်ရှိသည့်အတွက် NUGကိုအသိအမှတ်ပြုရန်လုပ်ဆောင်ကြခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့​အနေဖြင့် အဆိုပါ Profileထားရှိ အသုံးပြုနေသော သရုပ်ဆောင် ဒေါင်း၊ မြနှင်းရည်လွင်၊ ကျော်ထက်အောင်၊ အေးမြတ်သူတို့အပါအဝင် နာမည်ကြီးအနုပညာရှင် ၆၃ ဦးအားအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုအရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Exit mobile version