fbpx

တိုက်ပွဲများကြောင့် ဘုရားကျောင်းများတွင် ရှောင်တိမ်းနေရသည့် ဝိုင်းမော်ရှိပြည်သူများ

By MPA
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ ၅၈ တပ်ရင်းအနီးတဝိုက်တွင်ရှိသောပြည်သူများအနေဖြင့် အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သည့် အခြေအနေများကြောင့်နေ့ဘက်တွင် ရွာများတွင်နေထိုင်ပြီး ညအချိန်တွင် ဘုရားရှိခိုးကျောင်းများ၌ကြိုတင်ရှောင်တိမ်းနေရကြောင်းသိရသည်။
“ဒီမှာကစစ်တပ်ရှိတော့ အချိန်မရွေးKIAနဲ့တိုက်ပွဲဖြစ်နိုင်တယ်။အခုတစ်လောလည်းဖြစ်ဖို့အလားအလာတွေကြားရတဲ့အတွက် နေ့ဘက်ဆိုအိမ်တွေမှာနေကြတယ်။ညဘက်တွေမှာသာဘုရားကျောင်းတွေမှာရှောင်တဲ့ သဘောနဲ့သွားအိပ်ကြတာမျိုးရှိတယ်” ဟုဒေသခံတစ်ဦးကMPAသို့ပြောသည်။
သြဂုတ်လ၁၄ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် စစ်တပ်ကမွန်းလွဲ ၂ နာရီခန့်တွင် သံချဲ့စက်ဖြင့် ၁နာရီအတွင်းရှောင်ပေးကြရန် ပြောဆိုမှုများရှိခဲ့ကြောင်းသိရသည်။
“အစ်မတို့ရွာကခ.လ.ရ ၅၈ တပ်ရင်းနဲ့ကပ်လျက်ရှိနေတာပေါ့။အစ်မတို့ပဲမသိတာလား။အစ်မတို့ရွာကိုပဲလာမပြောတာလားတော့မသိဘူး။အဲ့တာမျိုးတော့မကြားမိဘူး။ညဘက်တွေမှာ ကြောက်ရတဲ့အတွက် ဘုရားကျောင်းတွေမှာသွားအိပ်ကြတာမျိုးရှိတယ်”ဟု ခ.လ.ရ ၅၈ တပ်ရင်းအနီးမှဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့တဲ့ သြဂုတ်လ၁၃ရက်နေ့က ခ.လ.ရ ၅၈ တပ်ရင်းရှေ့တွင် ဆိုင်ကယ်စီးလာသည့်လင်မယားကို စစ်တပ်က သေနတ်ဖြင့်လှမ်းပစ်ခဲ့ခြင်းကြောင့်အသက် ၃၃နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။
အဆိုပါအမျိုးသမီးကိုစစ်တပ်ကမည်သည့်အကြောင်းကြောင့်ပစ်ခတ်ခဲ့သည်ကိုမူသိရှိရခြင်းမရှိသေးချေ။
သြဂုတ်လ၃ရက်နေ့ညကလည်း စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်၏ရမ်းသန်းပစ်ခတ်မှုကြောင့်အနီးနားရှိရွာများမှ အိမ်မွေးတိရစ္ဆာန်အများအပြားသေဆုံးခဲ့ရသည်။
ကချင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် KIAတို့စစ်ရေးတင်းမာမှုများမြင့်မားနေသည့်အတွက်ခ.လ.ရ ၅၈ တပ်ရင်းအနီးတစ်ဝိုက်တွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် ဒေသခံများအနေဖြင့် ရှောင်တိမ်းနေကြရခြင်းဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: