fbpx

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များရှိ စက်ရုံအချို့မှဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေးစတင် ထိုးနှံ

 By MPA

ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွာသာကြီး စက်မှုဇုန်များရှိ စက်ရုံအချို့မှ ဝန်ထမ်းများကိုသြဂုတ်လ ဒုတိယအပတ်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေကြောင်း သတင်းရရှိသည်။

စက်ရုံဝန်ထမ်းများမှ ကာကွယ်ဆေးထိုးရန် ဆန္ဒပြုသူများအား စတင်ထိုးနှံပေးနေပြီး လှိုင်သာယာစက်မှုဇုန်၏ စက်ရုံ ၃ ရုံခန့်ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။

စထိုးပေးနေတာ ၃ ရက်လောက်ရှိပြီ။ စက်ရုံ ၃ ရုံလောက်ထိုးပြီးပြီပေါ့။ အရေအတွက်အားဖြင့်တော့ ၃၀၀၀ နီးပါးတော့ရှိပြီ။ စက်ရုံတွေမှာ ကာကွယ်ဆေးထိုးနှံချင်တဲ့သူတွေကို စာရင်းတောင်းလိုက်တယ်။ ထိုးဖို့ဆန္ဒပြုတဲ့သူတွေကို ထိုးပေးနေတာ။ဟု လှိုင်သာယာစက်မှုဇုန် တာဝန်ရှိသူတဦးက MPA သို့ပြောသည်။

ရွာသာကြီးစက်မှုဇုန်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံ တွင်လည်း သြဂုတ် ၁၅ ယနေ့မနက်ပိုင်းမှ စ တင် ၍ အဆိုပါစက်ရုံအပါအဝင် စက်ရုံ ၂ ရုံ စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ဒီမနက်ကျနော်တို့စက်ရုံမှာ ကာကွယ်ဆေးစထိုးတယ်။ ပထမအကြိမ်ပေါ့နော်။ လူအကုန်ထိုးပေးတယ်။ ၁၄၀၀ လောက်တော့ရှိမယ်။ဟု ကျောက်စိမ်းဖိနပ်စက်ရုံ HR မန်နေဂျာက ပြောသည်။

ထို့ပြင် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် နောင်ခန့်အပ်မည့်အလုပ်သမားများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးမှ ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယခုကဲ့သို့ညွှန်ကြားထားခြင်းမရှိကြောင်းနှင့် လုပ်ငန်းရှင်များဘက်မှလည်း တစုံတရာမှတ်ချက်ပြုခြင်းမရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

စက်မှုဇုန်များရှိ စက်ရုံများသည် လူအင်အား ထောင်နှင့်ချီ လုပ်ကိုင်နေရပြီး လူစုလူဝေး အ များဆုံးဖြစ်ပေါ်နေရာများဖြစ်ကာ စက်ရုံအလုပ်သမားများ အနေဖြင့် အလုပ်တက်/ဆင်းချိန်တွင် ဖယ်ရီကားများပေါ်၌ social distancing မရှိဘဲ ပူးကပ်၍ လိုက်ပါနေရကြောင်း သိရသည်။

စစ်ကောင်စီက သြဂုတ်လ ၂၂ ရက်နေ့ထိ ဘဏ်များအပါအဝင် ရုံးများအားလုံး ရုံးပိတ်ရက်တိုးမြှင့်ပေးထားသော်လည်း စက်ရုံ၊အလုပ်ရုံများ က ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

#စက်မှုဇုန် #အလုပ်သမားများ #ကိုဗစ်ကာကွယ်ဆေး #စတင်ထိုးနှံ #COVID

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: