fbpx

အာဏာသိမ်းစစ်ကောင်စီက အေအေကို ထိုးစစ်ဆင်တော့မလား

By Kaung Mrat Naing / MPA
ယခုရက်ပိုင်းအတွင်း ရခိုင်တွင် အာဏာသိမ်းစစ်ကောင်စီက စစ်သား၊လက်နက်၊ရိက္ခာများ ဖြည့်တင်းတိုးချ၊ပြောင်းရွှေ့ပြီး စစ်ကားကြီးများနှင့်အင်အားပြခြင်းများပြုလုပ်လာကာ ပြည်သူအချို့က အေအေကို ထိုးစစ်ဆင်တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်မှု​တွေ ရှိ​နေသည်။
ရက္ခိုင့်တပ်မတော်(အေအေ)နှင့်မြန်မာ့တပ်မတော်တို့ကြား ၂၀၂၀ ရွေးကောက်ပွဲကာလမှစတင်ကာ ယာယီအပစ်အခတ်ရပ်စဲထားခြင်းဖြစ်ပြီး ဒီလပိုင်းများတွင် အခြေအနေတင်းမာမှုကဲ့သို့ အပြုအမူအချို့ကိုစစ်ကောင်စီဘက်ကပြုမူလာခြင်းဖြစ်သည်။
အထူးသဖြင့် ကိုဗစ်တတိယလှိုင်းအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ဘက်မှ တရားဝင်ထုတ်ပြန်ချက်များ ထုတ်ခြင်း၊ကိုဗစ်ရောဂါကာကွယ် ရေးအတွက် ကားလမ်းမများတွင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းများအပါအဝင် အုပ်ချုပ်ရေး၊တရားစီရင်ရေးများကို ရခိုင်တစ်ပြည်လုံး၌ တရား ဝင် လုပ်ဆောင်လာ​နေခြင်းများကို အရှက်ပြေ ဟန်ရေးပြရန်အတွက် တန်ပြန်အာဏာပြမှုများ လုပ်ဆောင်လာသည်ကို ​တွေ့ရခြင်းဖြစ်သည်။
ယခုလ ၁၂ ရက်နေ့က စစ်သားရာနှင့်ချီကာ ကမ်းထိုးရေယာဥ်များနှင့် စစ်တွေမှ ရသေ့တောင်မြို့နယ်၊အငူမော်ဆိပ်ကမ်းသို့ပို့ပြီး အငူမော်ဆိပ်ကမ်းမှတစ်ဆင့် စစ်ကားကြီး ၁၅ စီးနှင့်ဘူးသီးတောင်တပ်ရင်းသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါစစ်သားများကို ဘူးသီးတောင်မြို့နယ်၊ရှေ့တန်း စစ်မြေပြင်မှ စစ်သားများနှင့် အပြောင်းအရွှေ့အချို့လုပ်ခြင်း၊အင်အားတိုးဖြည့်ခြင်း၊နယ်ခြားစောင့်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလည်း တွေ့နေရသည်။
ဘူးသီးတောင်မြို့နယ်၊စိုင်းတင်တံတား၊ထိပ်တူးပေါ က်တောင်၊၃၁ ဘုံစေတီ၊နွားရုံတောင်စခန်းများရှိ တပ်မ ၂၂ နှင့်လူအ​ပြောင်းအလဲများ လုပ်သကဲ့သို့ ရသေ့တောင်မြို့ပေါ်မှ တပ်ရင်း သုံးရင်းအပါအဝင် ရစိုးချောင်းဗျူဟာ၊ထီးစွဲရွာထဲတွင် ယာယီတပ်စွဲထားသည့် စစ်သားများကိုလည်း လူ၊လက်နက်၊ရိက္ခာဖြည့်တင်းခြင်းများအပါအဝင် ရခိုင်တစ်ပြည်လုံးတွင် ဟန်ရေးပြ၊စစ်မြူးနေခြင်းများကို တွေ့မြင်​နေရပြန်သည်။
ရက္ခိုင့်တပ်တော်(အေအေ)၊တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က“ အခုလိုကပ်ဘေးရောဂါကာလ၊မိုးတွင်းပြည်သူတွေစားဝတ်နေရေးအခက်အခဲများတဲ့ကာလမှာတော့ စစ်ရေးအရ ပြဿနာတွေမတက်လာအောင်ရှောင်ရှားဖို့ မြေပြင်တပ်မှူးတွေကို ညွှန်ကြားဖို့ရှိတယ်” လို့ အာရက္ခမီဒီယာနှင့် အင်တာဗျူး ဖြေဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီကို အယုံအကြည်မရှိသည့် ဒေသခံပြည်သူလူထုအကျိုးစီးပွားအတွက် ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်နေ​သော ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ လုပ်ဆောင်နေမှုအချို့ကို ရဲ၊စစ်သား၊မီးသတ်တပ်ဖွဲ့ဝင်အချို့ပါဝင်​သော ပူးပေါင်းအဖွဲ့များက လာရောက်ဖျက်ဆီးခြင်း၊ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်လာ​နေသည်။
ထို့အပြင် ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် မဆိုင်ဘဲ ဧည့်စာရင်းစစ်ခြင်းများ၊ဆိုင်ကယ်၊ကားများကို ဖမ်းဆီးစစ်ဆေးခြင်းများ၊ စစ်သားများကမြို့ပေါ်နေရာ အနှံ့တွင် နေရာယူလှုပ်ရှားပြပြီး ဒေသခံပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အနှောင့်အယှက်ပေးမှုများ ပြုလုပ်လာသည်ကို တွေ့မြင်နေရသည်။
ထိုကဲသို့ အပြုအမူလုပ်ဆောင်ချက်များသည် ကမ္ဘာ့ကပ်ရောဂါကာလ လူသားထုအပေါ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး ကမ္ဘာကြီးကစောင့်ကြည့်နေမှုကို မထီမဲ့မြင်ပြုရာလည်း ရောက်​နေပြန်သည်။
“ဒီဟာမှာလည်း အကန့်အကတ်တော့ ရှိတယ်။ကျွန်​တော်တို့ သည်းခံနိုင်တဲ့အတိုင်းအတာ၊မဖြစ်သင့်တဲ့ အလုပ်ကိုမဖြစ်အောင်ပေါ့။ဒီအချိန်ဟာ ပြည်သူတွေကိုကူညီဖို့က နံပါတ်တစ်ဦးစားပေးဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှရှောင်ရှားမယ်။စစ်ရေးအရကိုလည်း လိုအပ်ရင်လိုအပ်သလို စဉ်းစားပြီးလုပ်ဆော င်သွားမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ဗိုလ်ချုပ်ပြောထားသကဲ့သို့ ယခုအချိန်တွင် ဒေသခံပြည်သူ လူထုအကျိုးအတွက်စစ်ရေးပဋိပက္ခမဖြစ်​စေရန် ULA လုပ်ဆောင်နေ​သော ကိုဗစ်ရောဂါကာကွယ်ရေးစစ်ဆေးရေးဂိတ်အချို့ကို နောက်ဆုတ်ပေးလိုက်ခြင်းများလည်းရှိခဲ့​ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ရခိုင်တစ်ပြည်လုံးတွင် စစ် သည်၊လက်နက်များ ဖြည့်တင်းခြင်း၊ဥပဒေများ၊အမိန့်များထုတ်ပြန်​နေခြင်း၊စစ်ဆေးနေခြင်းများ အပါအဝင် လက်နက်အားကိုးပြီး စစ်ရေးအရ ဟန်ရေးပြလုပ်ဆောင်နေခြင်းများအ​နက် အချက် သုံးချက်ကို သတိထားစောင့်ကြည့်မိသည်။
ပထမတစ်ချက်မှာ ရခိုင်တစ်ပြည်လုံးတွင် အစိုးရတစ် ရပ်လို့ အာဏာဖြန့်ပြီးအုပ်ချုပ်ရေး၊တရားစီရင်ရေးများကိုလုပ်ဆောင်ကူညီလာနေ​သော ​အေအေ၏နိုင်ငံ ရေးအာဏာတိုးချဲ့တည်ဆောက်နေမှုများကို ဟန့်တားနှောင့်ယှက်ပြီး ဒေသခံပြည်သူလူထုကို လက်နက်နဲ့ခြိမ်းခြောက်ရန်။
ဒုတိယတစ်ချက်မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံတကာက မထင်မှတ်ဘဲ စစ်ရေးအရဝင်ရောက်လာမှုကို အချိန်မီဟန့်တားကာကွယ်နိုင်ရန်။
အဆိုပါအချက်တွင် ဒေသခံရခိုင်အများစုအပါအဝင် မြန်မာပြည်သားများနှင့် နိုင်ငံတကာကပါ သတိမထားမိသည်မှာ ရေတပ်အင်အားဖြည့်တင်းခြင်းများ၊တိုးချဲ့ခြင်းများ၊စနစ်တကျပြင်ဆင်နေခြင်းများ၊နည်းပညာများ တပ်ဆင်ဖြည့်ဆည်းခြင်းများ ဖြစ်သည်။
လူတိုင်းတွေ့မြင်ရ​သော မြေပြင်စစ်ရေးလှုပ်ရှားမှုများတွင် ယခုနောက်ပိုင်းကင်းထောက်ဒရုန်းများကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလှုပ်ရှားလာသည်ကို သတိထားစောင့်ကြည့်နေသူအချို့သာ သိနေရခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တစ်လျှောက်နှင့် နတ်မြစ်ဝများတွင် ရေတပ်ကို တိုးမြှင့်ချထားသကဲသို့ ရခိုင်ပြည်အနှံ့က ပင်လယ်ဝင်ပေါက်/ထွက်ပေါက်များမှာလည်း အချိန်ပြည့်ကင်းချထားခြင်းများကို သတိထားမိသူနည်းမည် ထင်သည်။
မောင်တောနယ်စပ်ဆိုလျှင် နယ်စပ်ခြံစည်ရိုးများကို ယခင်မရှိသေး​သောနေရာများတွင်ပါ ထပ်တိုးကာရံခြင်း၊တပ်ရင်းများတိုးပြီးအသစ်တည်ဆောက်ခြင်း၊စစ်သားမျာူကို အသွင်ပြောင်းအင်အားတိုးထားခြင်း၊ခုရက်ပိုင်း နယ်ခြားစောင့်များနှင့်အတူ စစ်သားများကိုပါ ပူးတွဲလှုပ်ရှားစေခြင်းများကို တွေ့မြင် သတိ ထားမိသည်။
တတိယတစ်ချက်မှာ ရခိုင်ပြည်၏ ပင်လယ်ထွက် ပေါက်နေရာအချို့တွင် သင်တန်းများ၊နည်းပညာများကို နိုင်ငံခြားသားမျညးနှင့် စနစ်တကျပြင်ဆင်နေခြင်းများကို ဒေသခံပြည်သူလူထုသတိမထားမိ​စေရန် စစ်အင်အားဟန်ရေးပြလှုပ်ရှားနေခြင်းဟု သတိထားမြင်မိသည်။
ရခိုင်တောင်ပိုင်း၏ မြို့နယ်အချို့၏ စစ်တပ်ထိန်း ချုပ်နယ်မြေအချို့တွင် နိုင်ငံခြားသားများကို တွေ့နေရ​ကြောင်း ဒေသခံအချို့က ဆိုသည်။
အထူးသဖြင့် ကျောက်ဖြူ၊သံတွဲ၊တောင်ကုတ်ဘက်များတွင် ရုရှားလူမျိုးများဟု ဒေသခံများ ထင်မြင်​နေကြသူများသည် ရေ​ကြောင်းကာကွယ်ရေးအတွက် သင်တ န်းများ၊နည်းပညာများကို သင်ကြားပို့ချကူညီပေးနေကြ​ကြောင်း သတိထားစောင့်ကြည့်နေသူ ဒေသခံအချို့က ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ယခင်က ရခိုင် တိုက်ပွဲများတွင်သာ ကင်းထောက်ဒရုန်းများ သုံးခဲ့​သော်လည်း ယခုလ ၁၄ ရက်နေ့တွင် စစ်​တွေမှ ရသေ့တောင်သို့ ကမ်းထိုးယာဥ်နှင့် စစ်သားများကို သယ်ယူလာချိန်တွင် ကင်းထောက်ဒရုန်းများ ရှေ့ပြေးပါနေ​ကြောင်း ဒေသခံမျက်မြင်တွေက ဆိုသည်။
ရခိုင်တစ်ပြည်လုံးတွင် ကင်းစခန်းများ၊တပ်ရင်းများ၊တပ်မများ၊ စစ်တိုင်းဌာနချုပ်အပါအဝင် အစိုးရဌာနဆိုင်ရာရုံးအားလုံးနီးပါး မီးသတ်စခန်းများအ ပါအဝင် အုတ်နံရံကာရံခြင်းများ ၊CCTV တပ်ခြင်းများ၊၂၄ နာရီ ကင်းချထားခြင်းများ ကအစ လုံခြုံရေးကို အထူးအလေးထားလုပ်ဆောင်​နေ​သော စစ်ကောင်စီသည် ယခုအချိန်တွင် အေအေကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အင်အားမလုံလောက်ဟု မြင်သည်။
ရခိုင်တစ်ပြည်လုံးတွင် ရှိသည့် ကင်းစခန်းများ၊တပ်ရင်း၊တပ်မများ မည်မျှရှိပြီး အင်အားမည်မျှ ရှိသည် ဆိုခြင်းကိုအေအေဘက်မှ အနီးစပ်ဆုံးသိရှိထားနိုင်မည်ဖြစ်​သော်လည်း အေအေဘက်မှ စစ်သည် အင်အား၊လက်နက်အင်အားကို မခန့်မှန်းနိုင်သကဲ့သို့ နိုင်ငံရေးအကျပ်အတည်းများ၊နိုင်ငံတကာဖိအားများကို အပြင်းအထန်ရင်ဆိုင်နေရ​သော စစ်ကောင်စီအနေဖြင့် အရှက်ပြေဟန်ရေးပြသည်ကလွဲပြီး ထိုးစစ်ဆင်ဦးမှာ မဟုတ်သေး​ကြောင်း ထင်မြင်သည်။
ရက္ခိုင့်တပ်တော်(AA)ဘက်က ပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန်လိုလား​ကြောင်း ဆိုထားသဖြင့် အေအေဘက်မှ စတင်တိုက်ခိုက် ထိုးစစ်ဆင်ရန်မှာ မဖြစ်နိုင်​ပေ။
“သူတို့ဘက်က ကြည့်ရင်လည်း သူတို့မှန်တယ်လို့ထင်မယ်။ကျွန်​တော်တို့ဘက်က ကြည့်ရင်လည်း ကျွန်​တော်တို့လုပ်သင့်တဲ့ အလုပ်ကိုလုပ်နေတာဖြစ်တယ်။ ဒါတွေကို နားလည်မှုမယူဘဲ စစ်ရေးအရ လှုပ်ရှားမှုတွေ ပိုပြီးတင်းကျပ်လာတာ၊ ခြိမ်းခြောက်မှုလုပ်တာတွေကို ကျွန်​တော်တို့ သတိထားပြီး စောင့်ကြည့်နေပါတ ယ်။” လို့ အေအေတပ်မှူးချုပ်က ဆိုထားပြီး ရခိုင်ပြည်သူလူထုအနေနှင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေခြင်းထက် မိမိတို့လုပ်သင့်သည်များ ကို လုပ်နိုင်သလောက်ကြိုတင်ဆင်ပြင်ထားသင့်သည်။
ထို့အပြင် ရခိုင်တစ်ပြည်လုံးတွင် အဆုံးသတ်တိုက်ပွဲကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မလွှဲမသွေဆင်နွှဲလာရမည်ဖြစ်သဖြင့် ယခုကတည်းက ရခိုင်ပြည်သူအားလုံး ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာများကို ဖြည့်ဆည်းထားကြရမည် ဖြစ်သည်။
ကမ္ဘာ့မျက်နှာစာထဲတွင် အသိအမှတ်ပြုရေးကို လာမည့် လထဲတွင် အကြိတ်အနယ်ယှဥ်ပြိုင်ရဖို့ရှိသကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ၊မတရားဖမ်းဆီးသတ်ဖြတ်နေမှုများ၊ဖမ်းဆီးထောင်ချနေမှုများကိုဖြေရှင်းပေးရမည့် တာဝန်အပြင် ICC တွင်လည်း ဖြေရှင်းချက်ပေးရမည် ဖြစ်သဖြင့် အာဏာသိမ်းစစ်တပ်သည် ရခိုင်တွင် အေအေကိုထိုးစစ်ဆင်တိုက်ခိုက်မည်မှာ မဟုတ်​ကြောင်း သုံးသပ်မိသည်။
(ဓါတ်ပုံ- ရခိုင်ပြည်ထဲတွင် လုံခြုံရေးတာဝန်ယူပေးနေသော အေအေတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သည်တစ်ဦး/အေအေ)

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: