Site icon Myanmar Pressphoto Agency

KNUနယ်မြေအတွင်းတိုက်ပွဲများကြောင့် ​လေးရက်အတွင်းစစ်သား၂၀ကျော်သေဆုံး

Advertisements
By MPA
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)၏နယ်မြေများအတွင်း ပြီးခဲ့သည့် ​လေးရက်အတွင်းက အကြမ်းဖက်စစ်တပ်နှင့်ကရင့်ကာကွယ်ရေးတပ်များတိုက်ပွဲ အကြိမ်(၃၀) ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်သား ၂၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။
KNUသတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ထားသော သတင်းများအရ ပြီးခဲ့သည့် လေးရက်အတွင်းက အကြမ်းဖက်စစ်တပ်နှင့် ကရင့်ကာကွယ်ရေးတပ်များ တိုက်ပွဲ အကြိမ် (၃၀) ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်သား၂၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။
KNUတပ်မဟာနယ်မြေများဖြစ်သည့် တပ်မဟာ ၁ ၊တောင်ငူခရိုင် တပ်မဟာ ၂ နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေများတွင်လည်း စစ်တပ်၏စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည်။​လေးရက်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်KNUဘက်မှ တပ်သားများထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍သတင်းထုတ်ပြန်ထားသည်ကိုမတွေ့ရပေ။
အကြမ်းဖက်စစ်တပ်အနေဖြင့် KNUနယ်မြေမူတြော်ခရိုင်အတွင်းရှိ ပြည်သူအများအပြားစစ်ရှောင်နေသော နေရာများကိုလေယာဥ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းခြင်း၊ လက်နက်ကြီးဖြင့်ထုခြင်း၊လုပ်ငန်းခွင်များသို့လက်နက်ကြီးဖြင့်လှမ်းပစ်ခြင်းများပြုလုပ်ခဲ့သည်ဟု KNUသတင်းနှင့်ပြန်ကြားရေးထံမှသိရသည်။
လတ်တလောတွင် အကြမ်းဖက်စစ်တပ်က KNUနယ်မြေများသို့ စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ရိက္ခာများ စုဆောင်းနေခြင်းများပြုလုပ်လျက်ရှိနေပြီး KNUနယ်မြေများအတွင်း စစ်ရေးတင်းမာမှုများရှိနေသည်။
ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ တပ်မဟာများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်ရန်အတွက် ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ တပ်ရင်းများမှ အစောင့်တပ်များသာ ချန်ထားပြီးအခြားစစ်သားများကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်သို့ စေလွှတ်ထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်မိသားစုဝင်အချို့က ဩဂုတ်လ၁၀ရက်နေ့တွင် MPAသို့အတည်ပြု‌​ပြောကြားထားသည်။
KNUနယ်မြေအတွင်း ဖြစ်ပွားသောတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်KNDOတို့မှ ပြန်လည်ခုခံချေမှုန်းနေကြခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် နိုင်ငံတော်အာဏာကိုလုယူပြီး​ခြောက်လကျော်အကြာတွင် နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏စစ်ရေးအရခြိမ်းခြောက်မှုကို ခံနေရပြီးစစ်မျက်နှာအသီးသီးတွင် တင်းမာမှုများဖြစ်ပွားလျက်ရှိသည်။တိုက်ပွဲများဖြစ်ပွားလာခြင်း၊စစ်ရေးအရတင်းမာမှုများရှိလာသည့်အချိန်တွင် တပ်တွင်း၌လည်း တပ်ပြေးများ၊ပြည်သူလူထုနှင့်ပူးပေါင်းသူတပ်သားများအများအပြားရှိလာသည်။
စစ်တပ်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းအစရှိသည့်နေရာများတွင် ဒေသခံကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။အပြင်းအထန်ဖြစ်ပွားနေသောတိုက်ပွဲများတွင်စစ်တပ်က လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခြင်း၊ လူသားဒိုင်းကာအသုံးပြုခြင်း၊ လူနေအိမ်များကိုဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများကိုတိုက်ခိုက်ခြင်း၊ဘာသာရေးအဆောက်အအုံ များကိုတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည်။
Photo-KIC(ယခင်ကရိုက်ကူးထားသောပုံဖြစ်ပါသည်)
Exit mobile version