fbpx

တနင်္သာရီတိုင်းအတွင်းရှိ KNUတပ်မဟာစခန်းများကို ထိုးစစ်ဆင်ရန် အကြမ်းဖက်စစ်တပ်ပြင်ဆင်

By MPA
တနင်္သာရီတိုင်း​ဒေသကြီးအတွင်းရှိ KNUတပ်မဟာစခန်းများကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်ရန်စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး မကြာမီကာလများတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်းသိရသည်။
တနင်္သာရီတိုင်း အတွင်းရှိ KNUတပ်မဟာနယ်မြေ၄ရှိနေရာများတွင်သြဂုတ်လ၂၄ရက်တွင် စစ်တပ်ကအင်အားအမြောက်အမြားဖြင့် တပ်စွဲလျက်ရှိနေပြီးစစ်ရေးအခြေအနေများတင်းမာလျက်ရှိနေခြင်းဖြစ်သည်။
KNUတပ်မဟာ၄နယ်မြေများဖြစ်သည့် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာသို့သွားသည့်လမ်းတွင်စစ်အင်အားအများချထားသည်။ရေဖြူမြို့နယ် နှမ်းကျဲကျေးရွာ ၊ကျေးဇူးတော်ကျေးရွာများကိုလည်းစစ်တပ်က ထိုးစစ်ဆင်ရန်အင်အားအလုံးအရင်းဖြင့် ပြင်ဆင်မှုများပြုလုပ်နေသည်။
“KNUတပ်မဟာ၄စခန်းတွေကို ထိုးစစ်ဆင်မဲ့သဘောပါ။အင်အားအများအပြားနဲ့ကိုဝိုင်းထားတာပါ” ထားဝယ်ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ဒီကနေ့နံနက်ပိုင်းတွင် တပ်မဟာ၄နှင့်၆တပ်စခန်းများရှိသည့်နေရာကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်များဖြင့် ထောက်လှမ်းခြင်းများပြုလုပ်ခဲ့သည်။ KNUဘက်ကလည်းစစ်တပ်မှအင်အားတိုးချဲ့များပြုလုပ်လာသည့်အတွက် စစ်ရေးအရပြင်ဆင်မှုတွေကိုတွေ့မြင်ရသည်ဟုဒေသခံများကဆိုသည်။
တိုက်ပွဲများဖြစ်ပွားနိုင်ချေရှိပြီး တိုက်ပွဲဖြစ်ပွားပါက လက်ရှိအချိန်ထိတွေ့မြင်ရသောပြင်ဆင်မှုများအရ ပိုမိုပြင်းထန်စွာဖြစ်ပွားနိုင်ကြောင်းသိရသည်။စစ်ဖြစ်ပွားနိုင်သည့်နေရာများသည်ထားဝယ်မြို့မှ ၃၃မိုင်အကွာအဝေးတွင် ရှိပြီး လူနေအိမ်များရှိနေသည့်အတွက်အရပ်သားများလည်းထိခိုက်မှုများရှိလာနိုင်ကြောင်း ဒေသခံက သုံးသပ်ပြောဆိုပါသည်။
လက်ရှိအချိန်တွင် KNUတပ်မဟာနယ်မြေအသီးအသီးတွင်ကရင့်တပ်မတော်များနှင့် အကြမ်းဖက်စစ်တပ်တို့စစ်ရေးအရ တင်းမာများဖြစ်ပေါ်လျက်ရှိနေပြီး တိုက်ပွဲများနေ့စဥ်ဆိုသလိုဖြစ်ပွားနေကြောင်းသိရှိရသည်။
စစ်တပ်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းအစရှိသည့်နေရာများတွင် ဒေသခံကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
အပြင်းအထန်ဖြစ်ပွားနေသောတိုက်ပွဲများတွင်စစ်တပ်က လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခြင်း၊ လူသားဒိုင်းကာအသုံးပြုခြင်း၊ လူနေအိမ်များကိုဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများကိုတိုက်ခိုက်ခြင်း၊ဘာသာရေးအဆောက်အအုံများကိုတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည်။
Photo_ CJ(ထောက်လှမ်းခြင်းပြုလုပ်နေသည့်ရဟတ်ယာဉ်အားတွေ့မြင်ရစဉ်)

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: