fbpx

“ ကျနော်သူတို့လက်ထဲမှာ အနှိပ်စက်မခံချင်ဘူး။ သူတို့လက်ထဲမှာမသေချင်ဘူး။ ” 

ဩဂုတ်လ၂၃ရက်နေ့က မုံရွာမှ လွတ်မြောက်နယ်မြေတစ်ခုသို့သွားသည့် လူငယ်သုံးဉီးသည် မင်းကင်းမြို့နယ်၊ ပန်းဆက်ရွာ အနီးရှိချင်းတွင်းမြစ်အတွင်း မော်တော်ပေါ်တွင် ပျူစောထီးတို့၏ စစ်ဆေးခြင်းကို ခံခဲ့ရပြီး ဖုန်းများစစ်ဆေးခြင်းခံခဲ့ရသည်။ ဖုန်းထဲတွင်အကြမ်းဖက်စစ်တပ်ကို သရော်သည့်ပုံများတွေ့ရှိခဲ့သည့်အတွက် လူငယ်သုံးဉီးထဲမှတစ်ဉီးဖြစ်သူ ဆလိုင်းမုံလျန် ကို ပျူစောထီးအဖွဲ့က ရိုက်နှက်ခဲ့ကြသည်။ ထို့နောက် ကိုဆလိုင်းမုံရှမ်သည် ချင်းတွင်းမြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့ရပုံအသေးစိတ်ကို MPA သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။  ။အစ်ကိုအကြောင်းလေးမိတ်ဆက်ပေးပြီး  ဖြစ်စဉ် အသေးစိတ်လေး ပြောပြပေးပါဦး။

ဖြေ။ ။ ကျနော့်နာမည်ကဆလိုင်းမုံရှမ်ပါ။ဩဂုတ်လ၂၃ရက်နေ့ညမှာ ၁၀နာရီလောက်ကပန်းဆက်ရွာမှာစစ်ကြတယ်။စစ်ကြတော့ဖုန်းထဲမှာတွေ့သွားတယ်။ တွေ့သွားတယ်ဆိုတာကျနော်ပေါ့ဆတာပေါ့။

မေး။ ။သူတို့က အစ်ကို့တို့ကိုဘယ်လိုစစ်ဆေးခဲ့တာလဲ။

ဖြေ။  ။သူတို့လှေပေါ်ကိုတက်လာပြီး သံဃာတော်တွေနဲ့မိန်းမတွေကလေးတွေတော့ လှေပေါ်မှာနေခဲ့ပေါ့။ကျန်တဲ့ သူတွေဆင်းပေါ့။  အဲ့တော့အပေါ်မှာနေခဲ့ကြပြီး ကျန်တဲ့သူတွေက ကုန်းပေါ်ကိုဆင်းကြရတယ်။ ဒူးထောက်ထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့မှ ဖုန်းတွေဝိုင်းစစ်ကြတယ်။ စစ်ကြတော့ကျနော့်ဖုန်းထဲကနေ မင်းမော်ကွန်းပုံရယ်၊မင်းအောင်လှိုင်နဲ့မန်ယူနည်းပြဆိုးလ်ရှားပုံရယ်ကိုနှိုင်း ယှဉ်ပြီးဟာသလုပ်ထားတဲ့ပုံတွေ့သွားတယ်။အဲ့တော့ ကျနော့်ကိုပဲမဲတော့တာပေါ့ ၊ အခြားလူတွေကိုဆက်မစစ်တော့ပါဘူး။

မေး။  ။ မိသွားတော့သူ့တို့(ပျူစောထီး)က အစ်ကို့ကိုဘာဆက်လုပ်ပါသလဲ။

ဖြေ။  ။တွေ့သွားတော့ သူတို့ပါးတွေရိုက်ကြတယ်။ မင်းတို့နိိုင်မယ်ထင်လားပေါ့။မင်းတို့ကိုမကြောက်ဘူး။ မင်းတို့အကုန်လုံးကိုရှင်းမှာ၊ မင်းတို့KIA တွေရော KNUရော ခေါ်ခဲ့ အဲ့လိုပြောတယ်။ ပါးတွေရိုက်တယ်။အနောက်ကနေဆောင့်ကန်တယ်။ လဲကျသွားတော့ မင်းယောကျ်ားမဟုတ်ဘူးလားကွဘာလို့လဲကျသွားတာတုန်းလို့ ပြောတယ်။သူတို့ကကျနော့်ကို လက်ပြန်ကြိုးတုပ်မယ်လုပ်တော့ ကျနော်ရေထဲခုန်ချလိုက်တယ်။

မေး။  ။ရေထဲခုန်ချဖို့ ဘာလို့ဆုံးဖြတ်လိုက်တာလဲ။

ဖြေ။  ။ကျနော့်ကိုလက်ပြန်ကြိုးတုပ်မယ်လုပ်တော့ မတုပ်ရသေးခင်ကျနော်ခုန်ချလိုက်တယ်။ဘာလို့ဆုံးဖြတ်လိုက်တာလဲဆိုတော့ ကျနော်သူတို့လက်ထဲမှာ အနှိပ်စက်မခံချင်ဘူး။ သူတို့လက်ထဲမှာမသေချင်ဘူး။ ကျနော်နဲ့ပါတဲ့သူတွေကိုလည်း ကျနော့်ကြောင့်ဒုက္ခမရောက်စေချင်ဘူး။

မေး။  ။မြစ်ထဲခုန်ချလိုက်တော့ နောက်ဆက်တွဲအခြေအနေလေးပြောပြပေးပါဉီး။

ဖြေ။  ။ကျနော်အကျီတွေအကုန်ချွတ်လိုက်တယ်။ ရေကူးရတာလွယ်အောင်လေ။ ပြီးတော့ရေငုပ်တယ်။ ကမ်းနားမှာပဲ ရေငုပ်ပြီးကူးတယ်။ ခေါင်းဖော်တဲ့အချိန်ကျတော့ ကျနော်ကို နောက်ကနေတချက်လှမ်းပစ်တာတော့သိလိုက်တယ်။ ကျနော့်ရှေ့မှာကျည်ဆံကျသွားတယ်။ နောက်ကနေပစ်သေးတယ် ၊ ကြားတယ်။ အဲ့ချိန် ကျနော်ပြေးဖို့ပဲသိတော့တယ်။ ကျနော့်နောက်ကနေ လှေနဲ့လိုက်ကြသေးတယ်။သူတို့လှေပျက်သွားလို့ပြန်လှည့်သွားရတယ်လို့သိရတယ်။ကျနော်ကတော့ရေကူးနေတာပေါ့။မြစ်ကြောင်းကကျယ်ပြီး ရေစီးကြမ်းပါတယ်။

မေး။   ။လုံခြုံတဲ့နေရာရောက်ဖို့ဘယ်လိုကူးခတ်ခဲ့ရလဲ။

ဖြေ။  ။ကျနော်၂၃ရက်နေ့  ညတညလုံးငှက်ပျောပင်နှစ်ပင်နဲ့မျောသွားတယ်။ သစ်တုံးတစ်တုံး အဲ့တာတွေထိုင်စီးပြီးတော့တညလုံးကူးတယ်။ မနက်ရောက်တော့ ကျနော်ကမ်းတက်တယ်။ ကမ်းတက်တော့အဖွဲ့တစ်ဖွဲ့နဲ့တွေ့သေးတယ်။ စစ်တပ်လား၊PDFလား၊ ပျူစောထီးလား ဘယ်အဖွဲ့လဲတော့မသိဘူး။ ကျနော့်ကို နောက်ကနေလိုက်ရှာကြသေးတယ်။ ရှာတော့ ကျနော်ခြုံထဲမှာ၂၄ရက်နေ့တနေကုန်ပုန်းနေရတယ်။ညကျတော့မှခြုံထဲကနေထွက်ပြီးတော့ မြစ်ကိုပြန်သွားတယ်။ မြစ်မှာလှေတစ်စီး။ဘယ်သူ့လှေမှန်း ဘယ်ကလှေမှန်းတော့မသိဘူး။ အဲ့တာကိုဖြုတ်ပြီးတော့လှေနဲ့လှော်ပြီးတညလုံးလှော်ခဲ့တာပေါ့။ နေရာတော့ဘယ်နေရာမှန်းမသိဘူး။ ကျနော်မုံရွာရောက်ခါနီးမှာ အိုးဖိုတောင်ရပ်ကွက်လို့ပြောတယ်။ အဲ့နားက ကျွန်းလေးတစ်ကျွန်းပေါ်မှာ လယ်ထွန်နေတဲ့အကိုတစ်ယောက်နဲ့တွေ့တယ်ဗျ။ သူကဟိုဘက်ကမ်းကိုကပ်ပြီး အဲ့အကိုပဲ မုံရွာကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးခဲ့တာပါ။ ကျနော်ဘာဆိုတာတော့သူမသိပါဘူး။လှေပျက်လို့ဆိုပြီးပဲအကူညီတောင်းခဲ့တာပါ။ မုံရွာရောက်တော့မှသူငယ််ချင်းတစ်ယောက်ကိုဖုန်းလှမ်းဆက်ပြီး ပိုက်ဆံလှမ်းတောင်းခဲဲ့ရတာပေါ့။

မေး။  ။ဘာအခက်အခဲတွေများရင်ဆိုင်ခဲ့ရပါသလဲ။

ဖြေ။  ။တော်တော်တော့ခက်ခဲတာပေါ့။လမ်းမှာအစစ်ဆေးဘာညာနဲ့။ သူတို့ကောက်ကျစ်တော့ ကျနော်လည်းပြန်ပြီးတော့ကောက်ကျစ်ရတာပေါ့။ မြစ်ထဲမှာတော့ နှစ်ညလောက်ဖြတ်သန်းခဲ့ရတာပေါ့။ နဲနဲတော့ကြောက်စိတ်တော့ဝင်တာပေါ့။ ကဗျာတွေတစ်ယောက်တည်းရွတ်နေတယ်။သီချင်းတွေဘာတွေကော ညည်းခဲ့ပြီးကြောက်စိတ်ဖြေခဲ့ရတာပါ။ ထမင်းငတ်တယ်၊ ရေကိုမြစ်ရေကိုသောက်ခဲ့ရတာပါ။

မေး။  ။လှေပေါ်မှာ ပါလာတဲ့ရဲဘော်တွေနဲ့ ဘယ်နေ့မှာပြန်ဆုံပါသလဲ။

ဖြေ။  ။ဒီနေ့ပဲရောက်ပါတယ်ဗျ။ ကျနော်တခြားနေရာမှာ သွားနေလိုက်သေးတယ်။ ပြီးမှဒီဘက်ကိုပြန်လာတာပေါ့။ အခုမှဆုံကြတာပေါ့။ တွေ့တော့အားလုံး ပျော်ပျော်ရွှင်ပါပဲ၊ ပြန်ဆုံကြတာပေါ့ဗျာ။

မေး။  ။အစ်ကိုကိုနှိပ်စက်ခဲ့တဲ့ ပျူစောထီးအဖွဲ့တွေကို ဘာပြောချင်ပါသလဲ။

ဖြေ။   ။ဒါအမှန်တရားမဟုတ်ဘူးပေါ့။အဓမ္မပဲ၊ သူတို့တွေအနေနဲ့ မှားနေတဲ့အရာတစ်ခုက ဒီအဓမ္မဖြစ်နေခြင်းကစရှုံးတာပါပဲ။ နောက်တခုက တော်လှန်ရေးမှာ အမှန်တရားဘက်ကပြည်သူတွေနိုင်ကိုနိုင်မှာ ။ ကျနော်တို့တွေလည်း ပြန်လာမှာ၊ ကျနော်တို့တွေပြန်ပြီး လက်တုံ့ပြန်မယ့်အခြေအနေတစ်ခုရောက်လာဦးမှာပါ။

မေး။   ။နောက်ဆုံးအနေနဲ့ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ။   ။နောက်လှုပ်ရှားမယ့်သူတွေအနေနဲ့ ပိုပြီးသတိထားကြစေချင်တယ်။ လူငယ်တွေဆိုတော့သိတဲ့အတိုင်းပဲ။ ကျနော့်လိုမျိုးထပ်ပြီးမကြုံစေချင်ဘူးလေ။ အရမ်းကြီးမပေါ့ဆစေချင်ပါဘူး။

#မင်းကင်း #ပန်းဆက်ကျေးရွာ #ပျူစောထီး #MPA #အင်တာဗျူး

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: