By MPA
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ၁၃ရက်နေ့ ရုံးချိန်းကို လာရောက်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ပြန်သွားခဲ့ရပြီး ရုံးချိန်းရွှေ့ဆိုင်းလိုက်ရကြောင်းသိရသည်။
ဇူလိုင်လဒုတိယအပတ်မှ ရပ်နားထားသည့်နိုင်ငံတော် အကြီးအကဲများ၏ အမှုများကို ဆက်လက်စစ်ဆေးရန် နှစ်လကျော်ကြာမြင့်ပြီးနောက် စက်တင်ဘာလ၁၃ရက်နေ့တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
ရုံးချိန်းကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ပြန်သွားခဲ့ရကြောင်း၊ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရ ကြောင်း ရှေ့နေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ အတည်ပြုပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြန်သွားရခြင်းနှင့်ပတ်သက်ပြီး နှာမွှန်ပြီး ခေါင်းမူးခြင်းကြောင့် ပြန်သွားရခြင်းဖြစ်ကြောင်းရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာအချို့သို့ဖြေကြားထားသည်ကို တွေ့ရသည်။
နိုင်ငံတော်အတိုင်ပင်ခံ၏ ကျန်းမာရေးအခြေအနေအသေးစိတ်နှင့်ပတ်သက်ပြီး MPAအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုမကျူးလွန်မီကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလမတိုင်မီအထိ စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုအထိ ရှိသည်။
Photo-MPA(ယခင်ကရိုက်ကူးထားသော ပုံအဟောင်းဖြစ်ပါသည်)
#အတိုင်ပင်ခံပုဂ္ဂိုလ် #ရုံးချိန်းရွှေ့ဆိုင်း #MPA