By MPA
ချင်းမြေကာကွယ်ရေးတပ် (Chinland Defense Force) သို့ ပြည်သူလူထုနှင့်အတူပူးပေါင်းပြီး CDM ( Civil Disobedience Movement ) ပြုလုပ်ရန်ရောက်ရှိလာသူ ရဲတပ်ဖွဲ့ဝင်၁၅၀ဦးခန့်အထိ ရှိလာပြီဖြစ်သည်။
အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုကျူးလွန်ပြီး CDM လှုပ်ရှားမှုများ ပြုလုပ်ချိန်မှစ၍ ပူးပေါင်းလာသူတွင် ရဲတပ်ဖွဲ့ဝင် ၁၅၀ ဦး ခန့်နှင့် စစ်သား၁ဝဦးခန့်ရှိလာခြင်းဖြစ်သည်။
“ကျနော်တို့က ဧပြီလလောက်ကတည်း ကလက်ခံနေကြတာပါ။ ဒီနောက်ပိုင်းမှာမှ စာထုတ်ပြီး ကြေညာဖြစ်တာပါ။ အခုထိဆို စစ်သား၁၀ ဦးခန့်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀ခန့်ရှိနေပါပြီ” ဟု CDFပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
CDFအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်လေ့ရှိပြီး ဆုငွေများချီးမြှင့်သွားမည့်အကြောင်းကိုလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာထားသည်။
လက်နက်ငယ်နှင့် ကျည်ဆံများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း၅၀၊လက်နက်ကြီးနှင့်ကျည်ဆံများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း၁၀၀နှင့် ပြည်သူများပိုင်ဆိုင်သည့် ဌာနဆိုင်ရာကားများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
“ အခုချိန်ထိတော့ လက်နက်ကြီးနဲ့ ပူးပေါင်းတာမျိုးမရှိသေးဘူး။လက်နက်ငယ်တွေနဲ့ ပူးပေါင်းတာမျိုးရှိတယ်။ လူချည်းပဲပူးပေါင်းတာမျိုး ရှိကြတာများတယ် ” ဟု ၎င်းကဆိုသည်။
ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များသည် မေလပထမအပတ်မှစတင်ပြီး ပလက်ဝ၊ မင်းတပ်၊ ဟားခါးအပါအဝင် အခြားမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူများအများအပြားလည်း ရှိလာခဲ့သည်။
“အဓိကက ရဲနဲ့စစ်သားတွေကို ပြည်သူနဲ့ အတူ ပူးပေါင်းစေချင်တယ်။ အားလုံးတိုက်ရမယ့်တိုက်ပွဲ ဖြစ််တဲ့အတွက် အားလုံးပူးပေါင်းစေချင်ပါတယ် ” ဟု CDF ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ၁ရက်နေ့တွင် အာဏာသိမ်းမှုကျူးလွန်ပြီးနောက် ပြည်သူလူထုက အကြမ်းမဖက်သောနည်းဖြင့် ဆန္ဒထုတ်ဖော် ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ဖက်ဆစ်ဆန်ဆန်ဖြိုခွဲမှုများပြုလုပ်ခဲ့သဖြင့် ပြည်သူလူထုမှ ရရာလက်နက်ဖြင့် တော်လှန်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
တော်လှန်ရေးလုပ်ငန်းများအတွက် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သား နှင့်ရဲများ ကိုလည်း ပြည်သူလူထုနှင့်အတူ ပူးပေါင်းရန် တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
#ချင်းပြည်နယ် #CDM #MPA