fbpx

သတင်းမီဒီယာ ဂေဟစနစ်ပျက်စီးခြင်း

By MPA
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ သတင်းမီဒီယာလောက ပေါ်သက်ရောက်တဲ့ဂယက်က ဖမ်းဆီးမှု၊ လိုစင်ဖျက်သိမ်းမှု၊ သတင်းဌာနရုံးခန်းတချို့ဝင်ရောက်စီးနင်းမှု၊ သတင်းသမားအချို့ကို ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရန်းထုတ်မှုတွေက သတင်းမီဒီယာရဲ့ ဂေဟစနစ်ကို စတင် ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။
သတင်းမီဒီယာဂေဟစနစ်ကို ဘယ်လို ပျက်စီးစေခဲ့သလဲဆိုရင် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅-က ကိုပြဌာန်းလိုက်ခြင်းဟာ သတင်းသမားတွေကို သီးသန့်ရည်ရွယ်တာမဟုတ်သော်လည်းကောလဟလတွေ ဖြန့်ချိတယ်၊ ထုတ်လွှင့်တယ်၊ ဝန်ထမ်းက သူ့တာဝန် သူမထမ်းဆောင်နိုင်အောင် လုပ်ဆောင်တယ်၊ တပ်ကို လူထုအယုံအကြည်မဲ့အောင် ရေးတယ် စတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက သတင်းသမားတွေလည်း အကျုံးဝင်တဲ့ ပုဒ်မဖြစ်ပြီး ဖေဖေါ်ဝါရီ လလယ် လောက်က စလို့ဖမ်းဆီးတဲ့ သတင်းသမားတွေကို နကို ရာဇသတ်ကြီးက ၅၀၅(က) နဲ့ သော်လည်းကောင်း၊ ကျန်တဲ့သူတွေအားလုံးကို နောက်ထပ်ထုတ်ပြန်တဲ့ ၅၀၅-ကနဲ့ အမှုဖွင့် တရားစွဲ ဖမ်းဆီး၊ ဝရန်းထုတ် လုပ်ခဲ့တာတွေက သတင်းသမားတွေ တိမ်းရှောင်ကြရတာတွေ၊ ၊ သတင်းအလုပ်မလုပ်နိုင်တော့ပဲ အခြားအလုပ်အကိုင် ကို ပြောင်းလဲလုပ်ကိုင်ကြတာတွေ ၊ သတင်းဌာနတွေလည်း ရပ်နားကြောင်း အသိပေးကြေညာပြီး ရပ်နားလိုက်ရတာတွေ ဖြစ်လာပါတော့တယ်။
သတင်းဌာနအားလုံး ရပ်နားလိုက်တာမဟုတ်ပေမယ့် ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေ ရပ်နားလိုက်ကြရပြီး ဆယ်ဂဏန်းမျှသော သတင်းမီဒီယာတွေကတော့ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဧရိယာမှာ သွားရောက်အခြေစိုက်ပြီး သတင်းထုတ်လုပ်နေကြတာမျိုး ဖြစ်ပေါ်လာပါတော့တယ်။
သတင်းဌာန ၈ ခုရဲ့ လိုင်စင်တွေကို မတ်လဆန်းနဲ့ ဧပြီလနှောင်းပိုင်းမှာ အသီးသီး ပယ်ဖျက်လိုက်ကြောင်း အသိပေးကြေညာခဲ့ပေမယ့်၊ တကယ့်လက်တွေ့မှာတော့ သတင်းထုတ်လုပ်တာ ရေးသားတာဟာ အန္တရာယ်များတဲ့ အလုပ်၊ ထောင်နဲ့ ရင်းရမယ့် အလုပ်သဖွယ်ဖြစ်လာတာကြောင့် သတင်းဌာနပေါင်း ဒါဇင်နဲ့ချီ ရပ်ဆိုင်းလိုက်ကြရတာပါ။
ကျန်ရစ်တဲ့ သတင်းမီဒီယာတွေမှာ လုပ်ကိုင်နေသူတွေ အနေနဲ့ အရင်လို အဖြစ်အပျက်တခုနဲ့ ပတ်သက်လို့ သတင်းအချက်အလက်စုဆောင်းတဲ့အခါ တိကျမှုရှိအောင် သက်ဆိုင်တဲ့အဖွဲ့အစည်းကို အတည်ပြုချက်ယူတာ၊ လက်လှမ်းမှီတဲ့နေရာမျိုးဆို သွားရောက်ကြည့်ရှုပြီး သက်ဆိုင်သူနဲ့ တွေ့ပြီးကိုယ်တိုင်မေးမြန်း အတည်ပြုတာ၊ အနီးအနားက မျက်မြင်ကိုယ်တွေ့ လူပုဂ္ဂိုလ်တွေကို မေးမြန်းတာတွေ လုပ်ဖို့ အခွင့်မသာတော့ပါဘူး။ အပြင်ထွက်ပြီးအခင်းဖြစ်ပွားတဲ့နေရာ သွားတာကိုကပဲ စွန့်စားခန်းကြီးဖြစ်နေပြီး အဆင်မသင့်ရင် တိမ်းရှောင်နေရတဲ့ အခြေအနေက ပျက်ယွင်းပြီး ထိန်းသိမ်းခံရနိုင်ခြေရှိတာ ဖြစ်ပါတယ်။
လူကိုယ်တိုင် မသွားရသည့်တိုင် သတင်းအဖြစ်အပျက်နဲ့ ပတ်သက်လို့ တဖက်ရဲ့ စွပ်စွဲပြောဆိုချက်ဖြစ်စေ၊ အချက်အလက်ကို တိကျသေချာအောင် မေးမြန်းအတည်ပြုလိုလို့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကို မေးမြန်းရာမှာလည်း ကိုယ်ဘယ်သူလဲ ဘယ်သတင်းဌါနတွက် လုပ်နေတာလဲ၊ ဘယ်မြို့မှာနေတာလဲဆိုတာတွေ မသိအောင် မြေအောက် သတင်းထောက်သဖွယ် တိမ်းရှောင်လုပ်နေသူအဖို့ ဆက်သွယ်မေးမြန်းမယ်ဆိုရင် အန္တရာယ်ရှိနေတာကြောင့် မျှတဖို့ ဟန်ချက်ညီဖို့ တွေကို လျစ်လျူရှု လိုက်ကြရပါတော့တယ်။
ဒါက ပထမဆုံး သတင်းတပုဒ်ကို သတင်းပညာနဲ့အညီ ရေးဖို့ရာမှာ ကြုံကြရတဲ့ အခက်အခဲ စိမ်ခေါ်မှုဖြစ်ပါတယ်။
နောက်တချက်က သတင်းထောက်တွေမှာလည်း ခံစားချက်၊ ရပ်တည်ချက် ရှိကြတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်တွေကို ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ သံသယနဲ့ လာဖမ်းဆီးတာ စစ်ဆေးတာ၊ သတင်းထောက်အချို့နဲ့ ဆန္ဒပြသူတွေ နှိပ်စက်ညှင်းပန်းခံရတာ၊ ဆန္ဒပြသူအချို့လည်း လက်လွန်ခြေလွန်ဖြစ်ပြီး အသက်ဆုံးရှုံးသွားတာတွေ ကို ကြားနေမြင်နေရချိန်မှာ မိမိရဲ့ လုံခြုံရေးကို နေ့စဥ်နဲ့အမျှ စိုးရိမ်ပူပန်နေရတဲ့ ခံစားမှု၊ ကိုယ့်အိမ်မှာ အိပ်တယ်ဆိုရင်လည်း ညဘက်စိတ်ချလက်ချ မအိပ်ရ တဲ့ခံစားချက်တွေ၊ တမြို့တနယ် ၊ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေအထိ တိမ်းရှောင်နေရလို့ မိသားစုနဲ့ ခွဲခွာနေထိုင်ကြရတဲ့ အခြေအနေမျိုးဆိုခဲ့ရင် စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သတင်း၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဘက်မျှအောင် ၊ မျှတမှုရှိအောင် ရေးဖို့ ထုတ်လုပ်ဖို့ ခက်ခဲမှာ အမှန်ပဲဖြစ်ပါတယ်။
စိတ်ခံစားမှုက သတင်းကို လွှမ်းမိုးပြီး သတင်းက ဘက်လိုက်မှုရှိမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပန်းမှုလုပ်ဆောင်တဲ့ အဖွဲ့အစည်းကို ပြောဖို့ မစွမ်းသာပဲ၊ မျှတစွာမရေးတဲ့ သတင်းထောက်ကို မျှတဖို့၊ ဘက်မျှစွာရေးဖို့ ပြောဆိုရင်လည်း သဘာဝမကျတဲ့ အဖြစ်မျိုးပါ။
ခံစားချက်က သတင်းရေးသားရာမှာ ဘက်လိုက်မှုဖြစ်ဖို့ စေ့ဆော်မှာ အသေအချာ ဖြစ်ပါတယ်။ သတင်းမီဒီယာ ကျင့်ဝတ်အရဆိုရင် သတင်းအလုပ်လုပ်စဥ်မှာ မိမိရဲ့ ပုဂ္ဂလိက ယုံကြည်မှု၊ အစွဲ၊ ဆန္ဒ၊ နိုင်ငံရေးထောက်ခံမှုတို့ကို ဘေးဖယ်ထားပြီး သတင်းအလုပ်ကို ပညာသည်ပီသစွာ လုပ်ဖို့လမ်းညွှန်ထားပါတယ်။ မြင့်မားတဲ့ ကျင့်ဝတ်စံနှုန်းလည်း ဖြစ်ပါတယ်။
ခုလိုကာလမှာ အဲလို စံနှုန်းတွေကို လိုက်နာဖို့ တိုက်တွန်းတဲ့အခါ ကိုယ်မခံစားရလို့လား၊ ဒါမှမဟုတ် ဒီအရေးမှာ မီဒီယာဟာလည်း ဒီအရေးတော်ပုံကို ထောက်ခံရေးသားရမယ်ဆိုတာကို လက်မခံလို့လားဆိုတဲ့ အငြင်းအခုံတွေ ရှိမှာ အသေအချာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုစာနီးနီး သတင်းမီဒီယာတွေ ပညာသည်ပီသစွာ လုပ်ဆောင်နိုင်ဖို့၊ ကျွမ်းကျင်မှု ဆိုင်ရာအရည်အသွေး မြင့်တက်လာစေဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာ ပတ်ဝန်းကျင်ပေါ်ထွက်လာစေဖို့ မီဒီယာ နယ်ပယ်က ဦးဆောင်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အချို့သော နိုင်ငံတကာအစိုးရတွေက ပံ့ပိုးကူညီခဲ့ကြပြီး သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းတွေ သတင်းသမားအခွင့်အရေး ၊ လူထုရဲ့ သတင်းရပိုင်ခွင့်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ သတင်းအချက်အလက်ရပိုင်ခွင့်၊ သိပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်တဲ့ သတင်းသမားအဖွဲ့အစည်းတွေ ၊ သတင်းလွတ်လပ်ခွင့်နဲ့ ၊ အဖွဲ့အစည်းတွေ၊ လူထုတွေရဲ့ အခွင့်အရေး နှစ်ခုကို စောင့်ကြည့်ဆုံးဖြတ်ပေးတဲ့ စနစ်တွေ စတင်တည်ဆောက်ဖို့ အုတ်မြစ်ချတည်ဆောက်ခဲ့ကြပါတယ်။
လွတ်လပ်တဲ့မီဒီယာ အားကောင်းပြီး အလှူရှင်ရဲ့ ကူညီမှုမဟုတ်ပဲ မိမိခြေထောက်ပေါ် ရပ်တည်နိုင်ရေး တို့တွေ အထိ ရည်မှန်းပန်းတိုင်ထားပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ခရီးက အတိုင်းအတာတခုထိ ရောက်တာရှိသလို မရောက်သေးတာလည်း ရှိပါတယ်။
ဒီအချိန်မှာ အခုလို နိုင်ငံရေးစနစ်က နောက်ပြန်ဆုတ်သွားပြီး မီဒီယာက ဘက်တဘက်ဘက်မှာ ရပ်ရမယ်ဆိုတဲ့ အယူအဆတွေ ပြန်အားကောင်းလာတာ ၊ သတင်းတွေရဲ့ အရည်အသွေးကို အကဲမဖြတ်ကြတော့ပဲ သတင်းရဲ့ ရပ်တည်တဲ့ဘက်ကိုပဲ အကဲဖြတ်ကြတာတွေ ဖြစ်လာတာတွေဟာ အနှစ်ချုပ်လိုက်ရင်တော့ သတင်းမီဒီယာ ဂေဟစနစ်ပျက်စီးမှု ၊ အတိုချုပ်ပြောရရင် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးသွားတာက အကြောင်းရင်းခံဖြစ်တယ်လို့ပဲ ဆိုချင်ပါတော့တယ်။
( မူရင်းဆောင်းပါးရှင်ဆီမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည် )

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: