fbpx

ဒီးမော့ဆိုတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

 By MPA
 
ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အင်အားတိုးချဲ့လာသောအကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့သည် ဒေါ့ပိုးစီကျေးရွာ၌ ယနေ့(စက်တင်ဘာ၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်။
 
အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံသည့်အနေဖြင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး KNDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
 
“ဒီနေ့ကတော့ အင်အားမြောက်များစွာနဲ့ကျနော်တို့ ဒေါ့ပိုးစီဘက်မှရှိတဲ့ရွာတွေကို စစ်ကြောင်းထိုးတဲ့အတွက် အပြန်အလှန်ပစ်ခတ်ကြတဲ့ တိုက်ပွဲမျိုးပဲဖြစ်ပါတယ်။ ကျနော်တို့KNDFက တစ်ယောက်ကျထားပါတယ် ” ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောကြားသည်။
 
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြဆဲဖြစ်ပြီး စစ်တပ်မှ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေကာ ၎င်းတို့ဘက်မှကျဆုံးမှုရှိမရှိနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသေးပေ။
 
“ကျနော်တို့ဘက်ကတစ်ယောက်ကျတယ်။ဒဏ်ရာရရတဲ့သူလည်းရှိတယ်။ သူတို့ဘက်အခြေအနေတော့မသိရသေးပါဘူး။ အခုထိတိုက်ပွဲဲဖြစ်နေတုန်းပါပဲ “ဟု KNDFမှ တာဝန်ရှိသူကဆိုသည်။
 
ဒီးမော့ဆို့မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သော ကုန်းသာကျေးရွာတွင်လည်း စစ်တပ်၏ရမ််းသန်းပစ်ခတ်မှုများကြောင့် ဒေသခံအချို့ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးခဲ့ရသည်။
 
“ကုန်းသာရွာမှာဖြစ်တာတော့တိုက်ပွဲမဟုတ်ဘူး။ စစ်တပ်ကရမ်းသမ်းပစ်လို့ ကုန်းသာရွာကလူတစ်ယောက်ထိတယ်။ အိမ်တွေထိတယ်။ သေချာသိရအောင် ဆက်လက်စုံစမ်းနေကြတုန်းပါပဲ ” ဟု KNDFမှ တာဝန်ရှိသူကဆိုသည်။
 
စက်တင်ဘာလ၁၄ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်၊ စံပြ ( ၆ ) မိုင်ကျေးရွာသို့အင်အား၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
 
စက်တင်ဘာလ၁၇ရက်နေ့တွင်လည်း ဒေါ့ပိုးစီကျေးရွာသို့ အင်အားဖြည့်တင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံးနှစ်ဦးခန့် ကျဆုံးခဲ့သည်။
 
ကယားပြည်နယ်၏ လက်ရှိစစ်ရေးအခြေအနေမှာ နှစ်ဖက်တင်းမာမှူများရှိနေပြီးအကြမ်းဖက်စစ်တပ်မှ အင်အားအလွန်အကျွံဖြည့်တင်းခြင်း၊ စစ်ကြောင်းများဖြင့်ထိုးစစ်ဆင်လာခြင်းများ ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိနေသည်။
 
#ကရင်နီ #ဒီးမော့ဆို#တိုက်ပွဲ #KNDF #MPA
 
( Photo – ယနေ့ကျဆုံးသွားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲဘော်၏ လူမှုကွန်ရက်စာမျက်နှာတွင်တင်ထားသည့်ပိုစ့်တခုအားတွေ့ရစဉ် )​

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: