fbpx

ထန်တလန်မြို့ပေါ်တွင် မိသားစုဆယ်ဂဏန်းဝန်းကျင်သာကျန်ရှိ

 By MPA
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စက်တင်ဘာလ၁၈ရက်နေ့က မြို့တွင်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် မြို့တွင်း၌မနေရဲကြတော့ဘဲ စစ်ရှောင်လျက်ရှိကြရာ မြို့ပေါ်တွင်ဒေသခံအိမ်ထောင်စု ဆယ်ဂဏန်းဝန်းကျင်ခန့်သာ ကျန်ရှိတော့သည်။
“သက်ကြီးရွယ်အိုနဲ့ မသွားနိုင်မလာနိုင်တဲ့သူတွေ ကလေးတွေအရမ်းငယ်ပြီး မပြေးနိုင်တဲ့အိမ်အချို့နဲ့ ဝန်ထမ်းတွေပဲ မြို့ထဲမှာကျန်နေတော့တယ်။ အကုန်ပြေးကုန်ပါပြီ ” ဟု ထန်တလန်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် သုံးရက်အကြာတွင် အိမ်ခြေနှစ်ထောင်ကျော်နှင့် လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့သည် မြို့တွင်း၌ အိမ်ခြေဆယ်ဂဏန်းဝန်းကျင်ခန့်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
စက်တင်ဘာလ၁၈ရက်နေ့၌ ထန်တလန်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်၁၉လုံးမီးလောင်ကျွမ်းခဲ့ရကာခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး သေဆုံးခဲ့ရသည်။ ထို့သို့ဖြစ်ပွားပြီးနောက် လူဦးရေထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြရသည်။
“အခုမှပြေးရတာတော့မဟုတ်၊ အစောပိုင်းတည်းက မြို့ပေါ်မှာတိုက်ပွဲတွေ၊ ရဲစခန်းသိမ်းပိုက်မှုတွေဖြစ်နေတည်းက ပြေးနေကြရတာ ” ဟု အမည်မဖော်လိုသူ ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါးကဆိုသည်။
လက်ရှိအချိန်တွင် ထန်တလန်မြို့ပေါ်၌ ရဲစခန်း၊ မြို့အစွန်များနှင့် လမ်းဆုံများတွင် စစ်သားများရှိနေကြပြီး မြို့တွင်း၌ ကျန်ရှိနေသောမိသားစုဝင်များအနေဖြင့် အပြင်ထွက်ရန်မလွယ်ကူသော အခြေအနေတွင်ရှိနေသည်။
“အခုက ကျန်နေတဲ့သူတွေ အပြင်ထွက်ဖို့လည်းမလွယ်ဘူး။ သေတဲ့သူရှိတာတောင် သင်္ဂြိုလ်ဖို့အခက်အခဲတွေ အများကြီးဖြစ်နေတယ်။ တမြို့လုံးစစ်သားတွေချည်းပဲဆိုတော့လေ ” ဟုဒေသခံကဆိုသည်။
ထန်တလန်မြို့ပေါ်မှ စစ်ဘေးရှောင်များမှာ ဗိုင်လာမ်တောင်ကြော၊ ဘွာလ်တောင်ကြော၊ ခွာဟရိန်းတောင်ကြော၊ ဇနတ်တောင်ကြောနှင့် အန္ဒိယပြည်နယ် မီဇိုရမ် ပြည်နယ်ထဲသို့တိမ်းရှောင်နေကြလျက်ရှိနေပြီး စက်တင်ဘာလ၁၇ရက်နေ့အထိ စစ်ရှောင်သူဦးရေ ၅,၂၂၇ဦး ရှိနေကြောင်း Thantlang Placement Affairs Committee (TPAC) က သတင်းထုတ်ပြန်ထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: