Site icon Myanmar Pressphoto Agency

“ ကျွန်တော်တို့ကို အထောက်အပံ့တွေ ပေးပါ။ လက်နက်ချင်းသာမျှမယ်ဆို ကျွန်တော်တို့ နိုင်ကိုနိုင်မှာပါ။ “

Advertisements

စက်တင်ဘာလ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ရင်း ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ ကျေးရွာအနီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် အသက် ၂၀ကျော်အရွယ် မန္တလေး စက်မှုလက်မှု သိပ္ပံကျောင်းသား မောင်စိုင်းဘုန်းမင်းသန့် နှင့်အတူ ကျဆုံးချိန်ထိ အတူရှိနေခဲ့သည့် ရဲမေ တစ်ဦးအား တိုက်ပွဲနှင့် ပတ်သက်ပြီး MPA မှ အင်တာဗျူးထားပါသည်။

မေး။     ။အဲ့ဒီနေ့ ဖြစ််စဥ်အသေးစိတ်လေးပြောပြပေးပါ

ဖြေ။     ။၂၀ ရက်နေ့ကပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲထဲမှာဆို ရှေ့တန်း နောက်တန်းဆိုတာရှိတယ်။ အပြန်အလှန်ပစ်ခတ်ရမယ် ဆိုတာကတော့ ရှေ့တန်းပေါ့။ ကျွန်တော်တို့က နောက်တန်းသွားရတာပေါ့။ အနောက်တန်းမှာ ကင်းစောင့်တာဝန်တွေရှိတယ်။ သူ့တာဝန်နဲ့သူခွဲထားတယ်။ ကျွန်တော်တို့အဖွဲ့က ကင်းစောင့်တာဝန်ကျတယ်။ အဲ့မှာ ကင်းစောင့်သွားရမယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ကို အယောက်၂၀ လွှတ်လိုက်တယ်။ မိန်းကလေးဆိုလို့ ကျွန်တော်တယောက်ထဲပဲပါသွားတယ်။  နောက်တန်းက လူတွေက သွားကူရမယ် အဲ့လိုပုံစံနဲ့ သွားခဲ့ကြတာပေါ့။ အဲ့နေ့ကတော့ ကံဆိုးသွားတယ်ပြောရမယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ကားနဲ့ သွားတဲ့အချိန်မှာပဲ အဲ့ဒီခွေးတွေနဲ့ တိုက်ရိုက်တိုးသွားတယ်။ အဲ့ဒါက စစ်တိုက်တဲ့နေရာ မဟုတ်သေးဘူး။ စစ်ရှောင်ရွာတွေ ကျွန်တော်တို့ဖြတ်သွားရတယ်။ အဲ့အချိန် သူတို့က ရိက္ခာတွေ ပြတ်သွားလို့ အဲ့ဒီရွာက အိမ်တအိမ်ကိုလာဖောက်တယ်ပေါ့နော်။ ကျွန်တော်တို့သွားတဲ့အချိန်နဲ့ကွက်တိတိုးသွားတာပေါ့။ အရမ်းတိတ်ဆိတ်နေတော့ ကျွန်တော်တို့ကားလာတာ သူတို့သိသွားတယ်။ အဲ့ချိန် ချက်ချင်းကို ပစ်ခံလိုက်ရတယ်။ ပစ်ခံရတဲ့အချိန် ကျွန်တော်တို့ကားပေါ်ကနေ ပြုတ်ကျတယ်။ ပြုတ်ကျပြီး ပြေးကြတယ်။ အပြန်အလှန်တွေ ပစ်ကြတယ်။ ကျွန်တော်တို့ဘက်က ပြန်ပစ်ပေမယ့် သူတို့ဘက်က လက်နက်ကြီးအားကိုး ရှိတာကိုး။ ဆိုတော့ သူတို့ ဆက်တိုက်ပစ်တယ် ။ ၃နာရီ နီးပါးလောက် အပြန်အလှန် ဆက်တိုက်ပစ်ကြတဲ့အချိန် ကျွန်တော်တို့ဘက်က ၂ယောက်ကျသွားတယ်။ ၄ ယောက်လောက်ကတော့ ဆေးရုံတင်ထားရတယ်။ နောက်ထပ် ၃ ယောက်လောက်ကတော့ ဒဏ်ရာရတာတွေ ရှိတယ်။ အဲ့ဒါ ဖြစ်စဥ် အကျဥ်းချုံးပေါ့နော်။

မေး။      ။ ညီမတို့က လုံခြုံရေးအတွက်လှည့်တာလား ရှေ့တန်းကိုသွားတာလား။ကျဆုံးတာ ဘယ်သူလဲ ဘယ်နှစ်ယောက်လောက်ဒဏ်ရာရသွားလဲ ။

ဖြေ။       ။လုံခြုံရေးဆိုတာထက် ကျွန်တော်တို့က ရှေ့တန်းက ရဲဘော်တွေကို နောက်ကနေ ကူညီထောက်ပံ့ပေးရမယ် ကင်းစောင့်တာဝန်လိုမျိုးပေါ့နော်။ ကျွန်တော်တို့ သိမ်းထားတဲ့နေရာတွေလည်းရှိတယ်။ သူတို့ပိုင်တဲ့ နေရာတွေလည်းရှိိတယ် ။ ကျွန်တော်တို့သွားရမယ့်နေရာ  မရောက်ခင်မှာပဲ သူတို့က ဖြတ်သွားတဲ့လမ်းမှာ ဖြစ်သွားခဲ့တာပါ။ သွားတာကတော့ တိုက်ပွဲအတွက်သွားတာပါပဲ။ ကျွန်တော်တို့က ရှေ့တန်းကို ကူညီဖို့လွှတ်လိုက်တဲ့အဖွဲ့ပေါ့။ အဲ့လိုမျိုးပါ။ 

ကျွန်တော်တို့ အယောက် ၂၀ ကွက်တိပဲသွားတာပါ။ မိန်းကလေးကတော့ ကျွန်တော် တယောက်ထဲပါသွားတယ်။ အဲ့ထဲမှာမှ စိုင်းဘုန်းမင်းသန့်အပါအဝင် ကိုသူရယ် နှစ်ယောက်ကျဆုံးတယ်။ သူတို့က ရဲဘော်တွေကိုကာကွယ်ရင်းနဲ့ ကျဆုံးသွားတာပေါ့။ ကိုသူဆိုရင်လည်း ပထမဦးဆုံး ခြေထောက်မှာ သေနတ်မှန်သွားတယ်ပေါ့။ ကလေးနှစ်ယောက်က သူ့ကိုတွဲခေါ်တယ် သူကအလယ်မှာ။ ကလေးနှစ်ယောက်ကို သူဖက်ထားရတယ်။ အဲ့အချိန် သူတို့နောက်တည့်တည့်ကို လက်နက်ကြီးကျတယ်။ အဲ့အချိန်မှာ သူက ကလေးနှစ်ယောက်ကို အုပ်မိုးပြီးတော့ ကာကွယ်သွားလိုက်တာ။ အကုန်လုံးတော့ လွင့်ထွက်သွားတာပါပဲ ။ ဒါပေမယ့် သူက အရမ်းထိသွားပြီး နောက်ကျောမှာ အပေါက်လိုက်ကြီး ဖြစ်သွားပြီး အဲ့လိုမျိုးနဲ့ ကျဆုံးသွားတာပါ။ စိုင်းဘုန်းမင်းသန့် ကျတော့လည်း လက်နက်ကြီးကျတဲ့အချိန် ကျွန်တော့်ကိုကာကွယ်လိုက်တာ။ ကာကွယ်ရင်းနဲ့ဆုံးသွားတယ်ပေါ့နော်။ 

မေး။         ။ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ပုခုံးပေါ် ထမ်းလာပြီး ခေါင်းပတ်တီးစည်းထားပြီး ခေါ်လာတဲ့ပုံက ဘယ်သူ့ပုံပါလဲ။ ညီမတို့အဖွဲ့ထဲကလား။

ဖြေ။         ။မဟုတ်ဘူး။ အဲ့ပုံက ဘယ်အဖွဲ့အစည်းကလဲတော့ မသိဘူး ။ ကျွန်တော်တို့ပုံတော့ မဟုတ်ပါဘူး။ အဲ့ပုံက အရမ်းကြီးတော့ပေါက်နေတယ်ပေါ့။ ကျွန်တော်တို့က ထမ်းပြီးပြေးတာတော့ ဟုတ်ပါတယ်။ အဲ့လို ပတ်တီးတွေ ဘာတွေ စည်းနေဖို့တော့ အချိန်မရှိခဲ့ဘူး။ အဲ့ဒါ ကိုသူ () ကိုနေထူးနိုင်ပုံမဟုတ်ပါဘူး ။ ကျွန်တော်တို့ ပုံရိုက်ချိန်တောင်မရှိဘူး။

မေး။          ။တိုက်ပွဲက ဘယ်လောက်ကြာခဲ့ပြီး ဘယ်လိုတွေ ဖြစ်ခဲ့လဲ။ ဘယ်လိုလွတ်မြောက်လာခဲ့လဲ ။

ဖြေ။          ။ ညီမတယောက်ပဲကျန်ခဲ့တာ။ အကုန်လုံးကတော့ ဖြစ်တဲ့အချိန် ၃ နာရီ အတွင်းမှာ လွတ်မြောက်သွားခဲ့တယ်။ အဖွဲ့ ၃ဖွဲ့ ကွဲသွားတယ်။ ပထမ ၆ ယောက်ပြန်ရောက်တယ်။ နောက် ၄ ယောက်စီ၊ အဲ့လိုခွဲပြီးပြန်ရောက်ကြတယ်ပေါ့နော်။ အဲ့ဒီ ၂၀ ရက်နေ့မှာ နှစ်ယောက်ပျောက်သွားတယ်၊ တယောက်ကျဆုံးတယ် ဆိုပြီး အရင်သတင်းထွက်တာပေါ့ ။ကျွန်တော်ရယ် စိုင်းဘုန်းမင်းသန့်ရယ် ပျောက်သွားတာ ဆိုပြီးတော့ပေါ့။ ကျွန်တော်ကျန်ခဲ့တယ်ဆိုတာက နယ်မြေလဲ မကျွမ်းဘူး၊ မန္တလေးသူဆိုတော့ ဒီကယားပြည်နယ် နယ်မြေတွေလဲ မကျွမ်းတဲ့အတွက်ရော ၊ လက်နက်ကြီးတွေ ကျနေတဲ့အတွက်ရော၊ ကျွန်တော့်ရဲဘော်ကျသွားတဲ့ အတွက်ရော သူ့နားမှာ ကျွန်တော် ခန့်မှန်းချေ ၃ နာရီ ၄ နာရီ လောက်ထိရှိခဲ့တာ။ မိုးတွေရွာတဲ့အချိန်မှာ လက်နက်ကြီး ငြိမ်သွားခဲ့တယ် အဲ့ချိန်မှာ ကျွန်တော်ထွက်လာခဲ့တယ်။ စဖြစ်တာ မနက် ၁၀နာရီခွဲ ၁၁ ဝန်းကျင်ဆိုတော့ ကျွန်တော်ထင်တယ် ညနေ ၅ နာရီ ၆ နာရီ လောက်ဖြစ်သွားမယ် ထင်တယ်။ ကျွန်တော်ထွက်လာခဲ့တဲ့အချိန် မိုးချုပ်နေပြီ မိုးတွေလဲ ရွာနေတယ်။ တောကြီးထဲဗျာ ကျွန်တော်လဲ မသိတဲ့နယ်မြေ အဲ့မှာ တညလုံး ရှိခဲ့ရတယ် မိုးရွာထဲမှာ။ ကြောက်လန့်တယ် ဆိုတာထက်  ငါဘယ်လို အသက်ရှင်အောင် နေရမလဲ ဘယ်လိုပြန်ရမလဲ ဆိုတဲ့ အတွေးတွေပဲ ဝင်တယ်။ ငါ အသက်ရှင်အောင်တော့ နေရမယ် ငါ့ ရဲဘော်တွေဆီကို ပြန်ရမယ်.. ဒီကျဆုံးသွားတဲ့ ဟာတွေ ဒီဖြစ်စဥ်တွေ အကုန်လုံးကို ငါပြောပြရမယ် ဆိုတဲ့စိတ်ပဲ ရှိပြီး ညီမ တညလုံးမအိပ်နိုင်ခဲ့ဘူး။ ဖုန်းကလဲ တခါတည်း ကျသွားခဲ့တော့ ညီမ အချိန်လဲ မသိဘူး ။ အဲ့နေ့က လပြည့်နေ့ပေမယ့် မိုးရွာနေတော့ လကလည်း မထွက်ဘူး။ မိုးကလည်းအရမ်းရွာနေတယ်။ မနက် ၃နာရီ ၄ နာရီ လောက် လထွက်တဲ့ အချိန်ကျ ဒီအချိန်လောက်တော့ လူတွေ အိပ်တဲ့ အချိန် ရောက်လောက်ပြီ ငါ့ကို ဘယ်သူမှ မမြင်လောက်ပါဘူး မရရအောင်ပြန်မယ်ဆိုပြီး ညီမ မရမက လမ်းရှာပြီး ပြန်ခဲ့တာပေါ့။ မနက် ၈ခွဲ ၉နာရီ လောက်မှာ အဖွဲ့အစည်းက လူတယောက်နဲ့တွေ့ပြီး ညီမကို ပြန်တွေ့ခဲ့တာပါ။ တော်တော်လေးတော့ လျှောက်ခဲ့ရတယ်။ တယောက်ထဲပေါ့နော်။ ကိုယ့်ရှေ့မှာ ကိုယ့်ရဲဘော်ကလဲ ကျသွားတယ်ဗျာ ကိုယ်ကလဲ နယ်မြေမကျွမ်းဘူး တယောက်ထဲလည်းဆိုတော့ အရမ်းအားတင်းကြိုးစားပြီးတော့တော့ ထွက်လာခဲ့ရတယ်။ 

မေး။         ။တိုက်ပွဲ ဖြစ်တယ်၊ ရဲဘော်ကလဲ ကျတယ် ဆိုတဲ့အခြေအနေမှာ ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်ဖို့ အလုပ်မှန်မှန်ကန်ကန်လုပ်လို့ဖို့  စိတ်ကိုဘယ်လိုစုစည်းခဲ့လဲ။ အဲ့ အခြေအနေတွမှာ ဘယ်လိုခံစားရလဲ။

ဖြေ။          ။ခံစားရတာကတော့ ကိုယ့်မျက်စိရှေ့တင် ကိုယ့်ရဲဘော်က ကျဆုံးသွားတယ်  အဲ့ဒါကို မြင်ရတဲ့အချိန် တော်တော်လေးကိုထိတ်လန့်သွားတယ် နောက်ပြီး ကိုယ််ချစ်ရတဲ့သူတွေဆိုတော့လေ ။ နောက်ကျ ကျွန်တော်ပြန်စဥ်းစားတယ်ပေါ့ ငါဒီလိုကြောက်လန့်ပြီး ထိုင်နေလို့တော့ ဖြစ်မှာမဟုတ်ဘူး။ ကိုယ့်စိတ်ကိုယ် ပြန်တည်ငြိမ်အောင် နေရတယ်။ လက်နက်ကြီးသံဆိုတာကလည်း ကျွန်တော်တို့ သပိတ်ထွက်တဲ့အခါ ကြားရတဲ့ ဗုံးပေါက်တာ သေနတ်ပစ်တာဆိုတဲ့အသံတွေထက် အရမ်းဆိုးဝါးတယ်။ ဒါတော့ အတွေ့အကြုံပေါ့။ နားတွေလဲအူတယ်။ နှလုံးခုန်တွေလည်းမြန်တယ်။ ဒါပေမယ့် စိတ်ကိုစုစည်းရတာပေါ့ ၊ငါလုပ်သင့်တာလုပ်ရမယ်။ နောက်ပြီး ကျွန်တော့်ရဲဘော် စိုင်းဘုန်းမင်းသန့် ပြောခဲ့တဲ့ စကားတွေ ပြန်ကြားတာပေါ့။ နင်က ငါမရှိလဲ လုပ်နိုင်ပါတယ်။ နင်ဒါတွေ လုပ်ကိုလုပ်နိုင်မှာ။ နင်ကထက်မြတ်တယ် နင်ကသတ္တိရှိတယ်  နင်ကရဲရင့်ပြီးသား လုပ်နိုင်ရမယ်ဆိုတဲ့စကားတွေ ပြန်ကြားပြီး ကျွန်တော်ရအောင် ပြန်လာခဲ့တာပါ။ 

မေး။         ။ ဒီဖြစ်စဥ်အပေါ် ညီမ ခံစားချက်နဲ့ တော်လှန်ရေး အပေါ်မှာ ရှိလာတဲ့ ခံယူချက်ကရော ဘယ်လိုရှိလဲ။  ခိုင်မာလာလား ကြောက်သွားတာမျိုးလား။ 

ဖြေ။         ။ကြောက်စိတ်ကတော့ မရှိဘူးဗျ၊ ဒါလုပ်တယ် ဆိုကတည်းကလေ။ ဒီလမ်းက ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပဲ။ ဒါဆက်လုပ်ဖို့ကတော့ရှိပါတယ်။ ကိုယ့်ရဲဘော် ဖြစ်သွားတဲ့အတွက် သူ့အပေါ်မှာ တာဝန် မကျေခဲ့ဘူးလား ငါပဲ သူ့ကိုမကယ်နိုင်ခဲ့လိုက်ဘူးလားဆိုတဲ့ စိတ်ပဲ ဖြစ်တာ။ ဒီတော်လှန်ရေးအပေါ်မှာ ပြောချင်တာက လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ခဲ့တာပဲ ဆိုတော့ နောင်တရစရာတော့မရှိပါဘူး။ 

မေး။         ။ ကိုစိုင်းဘုန်းမင်းသန့်က နောက်ဆုံးမှာခဲ့တာမျိုးများရှိလား။ 

ဖြေ။         ။ အဲ့လိုမျိုးတော့မရှိဘူး။ ချက်ချင်းကြီး ဖြစ်သွားတာ ဆိုတော့လေ ။ ကျွန်တော့်ကို စိတ်မချတာမျိုးတော့ဖြစ်တယ်။ သူခေါ်လာခဲ့တာဆိုတော့ သူ့တာဝန် မကင်းဘူးဆိုပြီးးခံစားရတာမျိုးတော့ ရှိမှာပေါ့လေ အဲ့လောက်ပါပဲ။ သူမရတော့ဘူးဆိုတာလေးတော့ ပြောသွားတယ်။ 

မေး။         ။ ညီမတို့ရဲ့ တပ်က ဘာနာမည်လဲ  ကျန်တဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို ညီမ တကယ့်အတွေ့အကြုံနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ။          ။။ ညီမ တိုက်ပွဲအတွေ့အကြုံအရ ရဲဘော်တွေကို ပြောချင်တာကတော့ ဒါကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပဲဆိုတော့ ရဲရဲရင့်ရင့် လုပ်ရမယ့်ကိစ္စပဲပေါ့။ စိတ်ဓာတ်ခိုင်မာဖို့၊ ကြောက်ရွံ့မနေဖို့၊ အမြဲတမ်းသတိရှိဖို့၊ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ လေးလေးစားစား ရှိဖို့တွေ ညီမ ပြောချင်ပါတယ်။

မေး။          ။ ကိုသူတင်ထားတာက လက်နက်ချင်းမမျှဘူး။ လက်နက်တွေလိုအပ်တယ်လို့ သူအရင်က တင်ထားခဲ့တယ်ပေါ့။ ညီမတို့ရော အဲ့အပေါ် ဘာပြောချင်လဲ။ လက်နက်အင်အားတူရင် နိုင်မယ်လို့ထင်လား။ သူတို့ဘက်မှာ လက်နက်ကြီးတွေ ရှိသော်ငြားလည်းပေါ့။ 

ဖြေ။          ။ နိုင်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီဘက်က ပြန်ပစ်ခတ်ခဲ့တဲ့အခါ သူတို့ဘက်က ၅ ယောက်လောက်ပြန်ကျတယ်။ ဒါက ဗြုန်းစားကြီး ဖြစ်သွားတဲ့ အခြေအနေမို့ပါ။ တကယ်အပြန်အလှန်တိုက်မယ်ဆို သူတို့ကို နိုင်နိုင်ပါတယ်။ လက်နက်အင်အားမမျှဘူးဆိုတာက ကျွန်တော်တို့က သူတို့လို ဟိုးအရင်ထဲက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ်တော့ လက်နက်မပြည့်စုံတာတွေ အများကြိးရှိတယ် ။ ပြည်သူတွေရဲ့ အထောက့်အပံ့တွေ အများကြီးလိုအပ်တယ်။ အခုလဲ ပြည်သူတွေ ထောက်ပံ့လို့မို့ ရနေတဲ့ လက်နက်တွေနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်နေရတာပေါ့နော်။ အဲ့အတွက်လဲ ကျွန်တော်တို့ ပြည်သူတွေကိုပြောချင်တာက ကျွန်တော်တို့ကို အထောက်အပံ့တွေ ပေးပါ။ လက်နက်ချင်းသာမျှမယ်ဆို ကျွန်တော်တို့ နိုင်ကိုနိုင်မှာပါ။ အားမလျှော့ကြပါနဲ့လို့ ပြောချင်ပါတယ်။

မေး။         ။ဒီလို အမျိုးသားတွေနဲ့တန်းတူ  လက်နက်ကိုင်လမ်းစဥ်ကို  မကြောက်မရွံ့ ရွေးချယ်ခဲ့တာကရော ဘာကြောင့်ပါလဲ။ 

ဖြေ။         ။ညီမက အရင်ထဲက ခံယူချက် အရမ်းပြင်းတယ်။ လုပ်ချင်တဲ့အရာဆို မရမက လုပ်လေ့ရှိတယ်။ နောက်ပြီး ညီမတို့က အနီအစိမ်း ဆိုတာတွေထက် ညီမတို့နိုင်ငံကိုချစ်တယ်။ ညီမတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါကိုလိုချင်တာ။ ချုပ်နှောင်ထားတာမျိုးကို မလိုချင်ဘူး။ စည်းကမ်း၊ စည်းစနစ် ဆိုတာတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး ဆိုပြီး ဖိနှိပ်ချုပ်ချယ်တာမျိုးတွေ မလိုချင်ဘူး။ အဲ့ဒါတွေ အတွက်ကို ဒီလိုတွေ လုပ်နေတာပါ။ 

မေး။         ။ အခုကရော ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်လို့ရလား။ သူတို့ကရော အဲ့မှာ စျာပန အခမ်းအနားလုပ်လို့ရလား။ အခြေအနေတွေ ဘယ်လိုရှိလဲ။

ဖြေ။        ။ ကျွန်တော်တို့ သူ့ရဲ့ DB ကိုတော့ ပြန်မရဘူး။ သူ့ DB ပြန်မရပေမယ့် သူ့စျာပန အခမ်းအနားတော့ လုပ်ဖို့ရှိပါတယ်။ သူ့မိသားစုကတော့ သူ့ DB လဲ မရဘူးဆိုတော့ ညီမတို့ မလာခိုင်းတော့တာပါ ။

မေး။       ။ ညီမအနေနဲ့ သပိတ်လမ်းစဥ်ကနေ လက်နက်ကိုင်လမ်းစဥ်ပြောင်းလာတဲ့အခါမှာ ဘာကွာခြားမှုတွေရှိလာလဲ ဘာတွေ ဆောင်ရန် ရှောင်ရန်ရှိလာလဲ ကူးပြောင်းချင်တဲ့ လူငယ်တွေကို ဘာပြောချင်လဲ 

ဖြေ။       ။ မြေပြင်သပိတ်ကလူတွေနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်တဲ့ရဲဘော်တွေနဲ့ ကွာခြားချက်ကတော့ အများကြီးရှိတယ်ဗျ ကျွန်တော်တို့ မထင်မှတ်ထားတာတွေ အများကြီးပဲ။ အရမ်းပင်ပန်းတယ် အရမ်းစွန့်လွှတ်နိုင်ရမယ်။ တော်တော်လေး ဒဏ်ခံနိုင်ရမယ်။ ဝင်ချင်တဲ့ စိတ်ဓာတ်ပြင်းထန်တဲ့ ရဲဘော်တွေကိုလဲ  ကြိုဆိုပါတယ်။ ဒါပေမယ့် ငါဘယ်လောက် လုပ်နိုင်မလဲ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိတ်ဓာတ်ကိုပြင်ဆင်ထားပြီးမှ ဒီလမ်းကိုရွေးဖို့ ကျွန်တော်ပြောချင်ပါတယ် 

မေး။       ။ညီမက တော်လှန်ရေး ရဲဘော်တယောက်အနေနဲ့ ပြည်သူတွေကို မှာချင်တာ ဘာရှိလဲ 

ဖြေ။        ။ပြည်သူတွေကိုပြောချင်တာက ညီမတို့ကို မကူညီတဲ့ ပြည်သူတွေကိုလည်း အပြစ်မတင်ပါဘူး။ ကူညီနေတဲ့ ပြည်သူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ လူတိုင်းက သူတို့ခံယူချက်နဲ့သူတို့ပဲလေ။ မကူညီလို့လည်း ငါတို့ကို မကူညီရကောင်းလားဆိုပြီး အပြစ်မတင်ပါဘူး။ ကူညီနေတဲ့ပြည်သူတွေကိုလည်း အားနာပါတယ်။ ညီမတို့ ထောက်ပံ့မှုတွေအများကြီး လိုအပ်နေပါသေးတယ်။ အဲ့ဒီအတွက် ညီမတို့ကို ထောက်ပံ့ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။

မေး။          ။ဘာများဖြည့်စွက် ထပ်ပြောချင်ပါလဲ

ဖြေ။          ။မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ပဲဖြစ်ဖြစ် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ပဲဖြစ်ဖြစ် အကုန်လုံးစိတ်ဓာတ်မကျဖို့ ဒါကြီး ပြီးဆုံးတဲ့အထိ အားလုံးအတူတူ အားတင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုအချိန်ထိ ပါဝင်ပေးနေတဲ့အတွက်လည်း အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

Exit mobile version