fbpx

“ စစ်ရေးဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဟာ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုရဲ့ Command Chain အောက်မှာ ရှိနေမယ် ဆိုတာပါပဲ “

အကြမ်းဖက်စစ်တပ်အာဏာသိမ်းခြင်းကို လမ်းမပေါ်တွင် သပိတ်မှောက်ဆန့်ကျင်တော်လှန်နေသည့် ကျောင်းသားကျောင်းသူများက ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်နှိမ်နင်းရန်အတွက် မဟာမိတ်လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်၏ လွတ်မြောက်နယ်မြေတွင် ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၊ ၂၇ ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော်အား စတင်သန္ဓေတည်ခဲ့ရာကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို MPAမှ အင်တာဗျူးထားပါသည်။
မေး ။  ။ ဘာလို့ကျောင်းသားလက်ရုံးတပ်တော်ကို ထပ်မံဖွဲ့စည်းခဲ့တာပါလဲ။
ဖြေ။ ။ ဒီတော်လှန်ရေးမှာ လမ်းမပေါ်လူထုလှုပ်ရှားမှုတွေ စတင်ကတည်းကနေစပြီး ကျောင်းသားထုဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ထုနဲ့ထည်နဲ့ ပါဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ကူးပြောင်းလာတဲ့အခါမှာလည်း ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားအသွင်နဲ့ ဆက်လက်ပါဝင်နေကြဆဲပါပဲ။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ရေစီးမှာ ကျောင်းသားတွေဟာ ဖိနှိပ်ခံလူထုကို မျက်နှာမူပြီး သပိတ်တိုက်ပွဲကအစ လက်နက်ကိုင်တော်လှန်ရေးအထိ တပ်ဦးကနေပြီး ရွပ်ရွပ်ချွံချွံ ချီတက်ဦးဆောင်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဒါ့အပြင် လက်ရှိတော်လှန်ရေးအခြေအနေအရဆို တကယ့်ကို နိုင်ငံရေးအရ သမာသမတ်ကျပြီး ဖိနှိပ်ခံလူထုကို မျက်နှာမူထားတဲ့ လက်နက်ကိုင်တပ်တစ်ခု မဖြစ်မနေ လိုအပ်နေတယ်။ ဆိုလိုတာကတော့ဗျာ ​ တော်လှန်ရေးရဲ့တောင်းဆိုချက်ကြောင့်ပဲ ၊၊ ဒါက ပထမအချက် .ဒုတိယအချက်က လက်ရှိ နိုင်ငံရေး elite တွေရဲ့ သမိုင်းအမြင်က နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးမျိုးဆက်ဖြစ်တဲ့ ကျောင်းသားတွေ။ လူငယ်တွေရဲ့ သမိုင်း အမြင်က အတော်ကွာတယ် ။ ဥပမာ နိုင်ငံရေး elite တွေ ခံယူထားတဲ့ ရှိပြီးသား နိုင်ငံတော်အခြေခံကနေ စဥ်းစားတဲ့ဖက်ဒရယ်ဆိုင်ရာ အမြင်တွေနဲ့ ကျောင်းသားလူငယ် တွေရဲ့ အမြင်တွေနဲ့ကကွာတယ် ။ ဒီလိုကွာခြင်းအားဖြင့်က တော်လှန်ရေးရဲ့နည်းနာရော ၊ ရည်မှန်းချက်ရောက သူတို့ကြား ကွာခြားသွားတယ်။ ဆိုလိုတာကဗျာ လက်ရှိ ဗမာ/မြန်မာ နိုင်ငံတော် ဆိုတာမျိုးကို ဘယ်လိုမြင်နေလဲ ဆိုတာပါ ကွာတယ် ။ ကျနော်တို့ အမြင်မှာတော့ ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အမြင်ဟာ ဖိနှိပ်ခံတွေနဲ့ ပိုနီးစပ်တယ် ။ ဗမာ/မြန်မာ မဟုတ်တဲ့ တခြားသော လူမျိုးစုတွေနဲ့ ပိုနီးစပ်တယ် ။ ဒါက တပ်တော်ကို ဖွဲ့စည်းရခြင်းရဲ့ ဒုတိယအချက်ပဲ။နောက်ဆုံးအချက်ကတော့ ရှင်းပါတယ် ။ လက်ရှိတော်လှန်ရေးဟာ non violent tactics တွေနဲ့ မအောင်မြင်နိုင်တော့ဘူးဆိုတာ။ လူထုတစ်ရပ်လုံးက အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ရင်းပြီးတော့ကို သိရှိနားလည်သွားပြီလေ။ ဒီလို သိရှိနားလည်သွားတဲ့ လူထုဆိုတာမှာ ကျနော်တို့ ကျောင်းသားတွေလည်း ပါတယ် ၊။ဒါကြောင့် ဒီတော်လှန်ရေးမှာ စုဖွဲ့မှုကောင်းမွန်ပြီး အမိန့်နာခံမှုကောင်းတဲ့ တပ်တော်တစ်ခု ဖွဲ့စည်းပြီး ပါဝင်နေတာပါပဲ ။
မေး။ ။ ဘာလို့ သပိတ်မှောက်တော်လှန်ရေးလုပ်ရာကနေ လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ဒါကတော့ ရှင်းပါတယ် ၊ ခင်ဗျား​​ပြောတဲ့ non violent tactics တွေကို သုံးပြီးပဲ ကျနော်တို့ တော်လှန်ရေး လုပ်ခဲ့ကြတာပါပဲ။ ဒီလိုလုပ်လို့ရတဲ့ အဖြေက ဘာလဲဆိုတာလည်း ကျနော်တို့ ခင်ဗျားတို့ တွေ့ကြုံခံစားနေရတာပါပဲ ၊၊ ဝန်စတန်ချာချီ ပြောခဲ့သလိုပဲ ကျားရဲ့ပါးစပ်ထဲ ခေါင်းရောက်နေတဲ့သူက ကျားနဲ့ ဆွေးနွေးလို့ မရဘူး ဆိုသလိုပေါ့ဗျာ ။ကျနော်တို့က အခု ကျားပါးစပ်ထဲ ခေါင်းရောက်နေကြသူတွေလေဗျာ။ ဒီအချိန်မှာတော့ ကျနော်တို့မှာက လုပ်စရာ တစ်ခုပဲ ရှိတော့တာလေ ။ ကျွန်ခံမလား တော်လှန်မလား ဆိုတာပဲ ။ ကျနော်တို့က ကျွန်မခံဘူး ။ တော်လှန်ဖို့ပဲ ရွေးလိုက်တော့ လက်နက်ကိုင်တော်လှန်ရေးဖြစ်သွားတာပေါ့ ။
မေး။ ။ NUG နဲ့ PDF တွေနဲ့ ဘယ်လို ပူးပေါင်းပြီးတိုက်ပွဲ၀င်မလဲ​။
ဖြေ ။ ။ ကျနော်တို့ တပ်တော်မှာ မူတွေ ရှိပါတယ် ။ မဟာမိတ်ဆိုင်ရာ မူဝါဒတွေလည်းရှိပါတယ် ။ အဲ့ဒီ မူတွေ ၊ မူဝါဒတွေနဲ့ သူတို့ မူဝါဒတွေကိုက်ညီရင်တော့ မဟာမိတ်ပြု လက်တွဲတိုက်ပွဲဝင်သွားမှာပါပဲ ။ local pdf တွေနဲ့လည်း ထိုနည်းတူပါပဲ ။
မေး။     ။ တိုင်းရင်းသားလွတ်မြောက်နယ်မြေမှာ တပ်အသစ်စတင်ထူထောင်တော့ဘာအခက်အခဲတွေရှိလဲ။ မူဝါဒပိုင်းဆိုင်ရာအရဘာတွေညှိနှိုင်းရတာရှိလဲ။
ဖြေ။ ။ တစ်ခုပြောချင်တာက တိုင်းရင်းသားဆိုတဲ့ စကားလုံးကို ကျနော်တို့က မသုံးပါဘူး။ ဒီလို မသုံးရတာက အဲ့ဒီစကားလုံးမှာ ဘာသာဗေဒအရ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ နိမ့်ချထားတဲ့ ရည်ရွယ်ရင်းတွေပါနေလို့ပါ။ ဒါကြောင့် လူမျိုးစုလွတ်မြောက်နယ်မြေလို့ပဲ အသုံးပြုခွင့်ပြုပါ။ ကျနော်တို့အတွက်တော့ မပြောပလောက်တဲ့ အခက်အခဲတွေပဲ ရှိပါတယ်။ ကျနော်တို့ မဟာမိတ် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့က ကျနော်တို့ကို အစွမ်းကုန် ကူညီပေးနေတာပါပဲ ။ မပြောပလောက်တဲ့ အခက်အခဲဆိုတာက အစားအသောက်မကျွမ်းဝင်တာတို့ ၊ ဘာသာစကားမရင်းနှီးသေးတာတို့ ၊ တပ်သားသစ်တွေ ၊ လွတ်မြောက်နယ်မြေမှာ သင်တန်းလာတက်ဖို့ လမ်းခရီး ခက်ခဲတာတို့တွေပါပဲ ။ သူတို့နဲ့ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေကလည်း ပြေလည်ပါတယ်။ ကျနော်တို့ တပ်တော်ရဲ့ မူတွေဟာ သူတို့ရဲ့ မူတွေနဲ့ conflict ရှိနေတာမျိုးမှ မရှိတာလေ။ အဆင်ပြေပါတယ်။
မေး။ ။ ဘယ်လိုဖွဲ့စည်းမှာလဲ​၊​ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ။ ကျောင်းသားလက်ရုံးတပ်တော်ဆိုတဲ့အတိုင်း ကျောင်းသားလူငယ်တွေနဲ့ အဓိကဖွဲ့စည်းမှာဖြစ်ပြီး တပ်တော်ရဲ့ မူဝါဒနဲ့အလံတော်အောက်မှာ တိုက်ပွဲဝင်လိုသူတွေလည်း ပါဝင်မှာပါ ။ တပ်တော်မှာ အဓိကအားဖြင့် သမာရိုးကျ တောတွင်းပြောက်ကျားနည်းနာ ၊ မြို့ပြပြောက်ကျားနည်းနာ ၂ ရပ်လုံးအတွက် လိုအပ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ အရာရှိ၊ စစ်သည်တွေနဲ့ ဖွဲ့စည်းမှာပါ၊၊ ဒီနေရာမှာ အဓိကထား ပြောလိုတာက အဲ့ဒီစစ်ရေးဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဟာ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုရဲ့ Command Chain အောက်မှာ ရှိနေမယ် ဆိုတာပါပဲ ။ဆက်လက်ဆောင်ရွက်မှာကတော့ ကျနော်တို့ တပ်တော် စစ်ရေးနိုင်ငံရေး စွမ်းရည်ပြည့်ဝတဲ့ အခြေအနေကို ရောက်တဲ့အချိန်တစ်ခုအထိ စုဖွဲ့မှုတွေ ၊ လေ့ကျင့်မှုတွေ ၊ စုဆောင်းစည်းရုံးမှုတွေ လုပ်နေဖို့ လိုအပ်နေပါသေးတယ် ။ ဒါပေမယ့် ဒီလိုလုပ်ငန်း​တွေလုပ်နေစဥ်မှာလည်း တစ်ပြိုင်နက်တည်းမှာ တိုက်ပွဲဖော်ဆောင်လို့ရမယ့် နေရာတွေမှာလည်း တိုက်ပွဲဖော်ဆောင်နေမှာပါပဲ။ ကျနော်တို့ဟာ မြို့ပြပြောက််ကျားလှုပ်ရှားမှုတွေကိုလည်း ကျောင်းသားလက်ရုံးတပ်တော်ကို လူထုထံ အသိမပေးခင်အချိန်ကတည်းက လှုပ်ရှားနေခဲ့တာတွေ ရှိနေပါတယ် ။မကြာမီမှာတော့ တပ်တော်ရဲ့ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကို လူထုထံ အသိပေးမှာပါ။ တပ်တော်ရဲ့ တောတွင်းပြောက်ကျားတပ်ဖွဲ့က စစ်ရေးလှုပ်ရှားမယ့် စစ်နယ်ဝန်းကျင်မှာရှိတဲ့ လူထု နဲ့ local pdf တွေကို စည်းရုံးထောက်ပံ့တာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ် ။ မကြာမီအချိန်မှာတော့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ အလံတော်ဟာ လူထုခုခံစစ်ပွဲတွေရဲ့ ရှေ့ဆုံးက ရှိနေမှာကို တွေ့ရမှာ ဖြစ်ပါတယ် ။
မေး။ ။ ပြည်သူတွေ ကျောင်းသားတွေကို မှာချင်တာဘာရှိမလဲ။
ဖြေ။ ။ တော်လှန်ရေးဟာ ရှည်ကြာပါလိမ့်မယ်။ ဒါ့အပြင် စစ်ကိုစစ်နဲ့ ရင်ဆိုင်ကြမယ့် တော်လှန်ရေးဖြစ်တဲ့အတွက် ကြမ်းတမ်းမှုတွေကို မလွဲမသွေကြုံရမှာပါပဲ။ ဒီအတွက် လူထုတစ်ရပ်လုံးဟာ စိတ်ဓာတ်ကို အမာဆုံးပြင်ဆင်ထားဖို့လိုသလို အခြေအနေအရပ်ရပ်အတွက်လည်း ကြိုတင်ပြင်ဆင်ပြီး တော်လှန်ရေးမှာ ပါနိုင်တဲ့အခန်းကဏ္ဍက ပါဝင်ပါ။ နောက်တချက်ကတော့ ဒီလို စစ်အာဏာသိမ်းမှုဖြစ်စဥ်နဲ့ တော်လှန်ရေးကို အခွင့်အရေးတရပ်အဖြစ် ရှုမြင်ကြဖို့ပါပဲ။ နှစ်ပေါင်းများစွာတိုင် အဖြေမထွက်ခဲ့တဲ့ ရလဒ်မထွက်ခဲ့တဲ့ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်နဲ့ ဖိနှိပ်မှုအရပ်ရပ်ကို အမြစ်ကဖြတ်နိုင်မယ့် အခွင့်အရေးဟာ ဒီခေတ်မှာ ကျရောက်လာတာပါပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အခိုင်မာဆုံးသော စိတ်ဓာတ်များနဲ့ တော်လှန်ရေးရဲ့ ကျရာကဏ္ဍတိုင်းမှာ ပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: