fbpx

ထန်တလန်စစ်ရှောင်များတွင်ကိုဗစ်ကူးစက်ခံရမှုများရှိနေ

By MPA
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် စစ်ဘေးရှောင်နေရသော ချင်းပြည်နယ်၊ ထန်တလန်မှ စစ်ရှောင်များတွင် ကိုဗစ်ကူးစက်ခံနေရမှုများရှိနေသည်။
စက်တင်ဘာလ၁၈ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများကြောင့် ဒေသခံပြည်သူအများအပြားသည် စစ်ရှောင်ကြရင်း ကိုဗစ်ကူးစက်မှုများ ရှိလာခြင်းဖြစ်ကြောင်း စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
“ကိုဗစ်ကူးစက်မှုတွေရှိပါတယ်။ ရွာချင်းတော့မတူဘူး။ တချို့ရွာတွေမှာဆိုရင် စစ်ဆေးတဲ့ဟာတွေ ဝေထားတာရှိတယ်။ မဝေထားတာရှိတယ်။ ဥပမာ ရှန်ခန်းရွာမှာ၄၅ဦးလောက် ကူးစက်ခံထားရတယ်။ အခြားရွာတွေမှာလည်းရှိနိုင်ပါတယ် ” ဟုThantalang Placement Affairs Committe -IDPs help မှ တာဝန်ရှိသူကပြောသည်။
ထန်တလန်စစ်ဘေးရှောင်များသည် ထန်တလန်အနီးတဝိုက်ရှိ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲတွင် စစ်ဘေးရှောင်နေရပြီး လူဦးရေတစ်သောင်းနီးပါးခန့် ရှိသည်။
ထန်တလန်မြို့အတွင်းနှင့် မြို့ပြင်များ၊ ရဲစခန်းများတွင် စစ်တပ်မှ တပ်စွဲထားခြင်းနှင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့်အတွက် စစ်ရှောင်များသည် နေရပ်သို့ပြန်ရန် အခက်အခဲများရှိနေသည်။
“အခုလက်ရှိအကြီးမားဆုံးပြဿနာကို ပြောရမယ်ဆိုရင်တော့ နေရပ်ပြန်ပြီး အခြေစိုက်ဖို့ဆိုတာတော့ နဲနဲပါးပါးအလှမ်းဝေးနေသေးတယ်။ ဘယ်လောက်ကြာမလဲဆိုတာ ပြောလို့မရသေးဘူး ဖြစ်နေတယ်။ တစ်ဖက်မှာ ကိုဗစ်ကလည်းဖြစ်နေတယ် ” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်တစ်သောင်းနီးပါးသည် ဘေးကင်းရာများတွင်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်အခြေအနေမှာ နေထိုင်နေရသောကျေးရွာနှင့် စစ်ရှောင်စခန်းများအပေါ်တွင် မူတည်ပြီး ကွဲပြားမူများရှိနေသည်။ ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သည့် စက်တင်ဘာလ၁၈ရက်နေ့ နောက်ပိုင်းမှစတင်ပြီး ယနေ့အထိ အင်တာနက်လိုင်းဖြတ်တောက်ထားလျက်ရှိနေသည်။
အကြမ်းဖက်စစ်တပ်၏ ဖက်ဆစ်ဆန်ဆန်လုပ်ရပ်များကို ခုခံတော်လှန်ခဲ့ကြသော ပြည်နယ်များတွင် ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့သည် ပထမဆုံးနှင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေသည်။ ယနေ့အထိ ရရှိသော သတင်းအချက်အလက်များအရ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင် တစ်သိန်းခွဲကျော်ရှိနေပြီဖြစ်သည်။
#ထန်တလန်#စစ်ရှောင်#ကိုဗစ်ကူးစက်ခံရ #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: