fbpx

ရိုးရာဓလေ့အယူအဆလှိုင်းကြမ်းထဲစစ်ရှောင်တွေအတွက် ရပ်တည်ပေးနေသူ  

အိမ်စိုးဖြူ / MPA 

လေကြမ်းကြောင့် ယိမ်းနွဲ့နေသည့်သစ်ပင်များ စည်းချက်ညီညီကနေသလိုရှိနေချိန်တွင်  ကောင်းကင်ပေါ်မှ အနက်ရောင်တိမ်တိုက်များက အငြိုးတကြီးနှင့် ပြိုမလိုဟန်ဆင်နေသည်။

ထိုသို့ ကြမ်းတမ်းသောရာသီဥတုကို အန်တုနေသည့် တဲအိမ်စုများကို အဝေးကလှမ်းမြင်နေရသည်။

ကွမ်းသီးပင်များ ပတ်ကာထားသည့် မြေကွက်လပ်လေးမှာ ဓနိမိုး၊ ဝါးထရံကာ တဲငယ်လေးများ ရာနဲ့ချီပြီး တစ်စုတစ်ရုံးတည်းနှင့် ရှိနေသည်။

တဲအိမ်များကြားထဲ လမ်းကျဉ်းလေးများထဲတွင် ဟိုဟိုသည်သည်သွားလာနေသူ တစ်ယောက်စ နှစ်ယောက်စမှလွဲပြီး လူသွားလူလာမရှိ ငြိမ်ချက်သား ကောင်းလို့နေသည်။

တဲအိမ်တချို့၏ မီးဖိုချောင်လေးများမှ ထွက်လာသော မီးခိုးငွေ့ကို မြင်ရသည့်အတွက်မူ ထိုတဲအိမ်များထဲတွင် လူများရှိနေကြောင်း  သိရသည်။

ထိုမြင်ကွင်းများမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်က လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၏ မြင်ကွင်းဖြစ်ပါသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်ပြီး စစ်ဘေးရှောင်များနှင့် တောသူတောင်သားများ၏ လိုအပ်ချက်များကို ပရဟိတစိတ်နှင့် ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ရှိနေပါသည်။

ထိုသူမှာ အဆိုပါ စစ်ဘေးရှောင်စခန်းတွင်သာမက အခြားနေရာများတွင်လည်း အကူအညီလိုအပ်နေသူများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

အနှိမ်ခံရမှာစိုးလို့ လိုက်လုပ်ပေးဖြစ်တာပါ။ စခန်းက လူတော်တော်များများကို နေမကောင်းရင် ဆေးခန်းလိုက်ပြပေးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း စစ်ဘေးရှောင်ဆိုပေမယ့် ကိုယ်အားငယ်နေဖို့ အချိန်မရဘူး။ လူနာတွေကိုကူညီနေတာက မမြင်ရက်လို့ပါ။ တကယ်ဖြစ်ချင်တာကတော့ ကလေးတွေအတွက် အခမဲ့ကျောင်းလေးတစ်ခုလောက် ဖွင့်ပေးချင်တာပါဟု ယောက်ကျားလေးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

သူမသည်  မိမိကိုယ်ကို LGBT တစ်ဦးဟု ခံယူထားသော အသက် ၂၄ နှစ်အရွယ် တူးတူး (ခေါ်)မဆွေဇင်သန်းဆိုသူ ဖြစ်သည်။

သူမတို့မိသားစု ခိုလှုံနေသော ဘူးသီးတောင် လမ်းမဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ကျော်ခိုလှုံနေကြပြီး စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်တတိယလှိုင်းအတွင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ထိုအထဲတွင် အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများမှာ ကိုဗစ်ကူးစက်ခံရမည်ကို အထူးစိုးရိမ်နေကြရသည်ဟုလည်း ဆိုသည်။

ယောက်ကျ်ားလေးလို ဝတ်ထားပေမယ့် စိတ်ကသိပ်နူးညံ့ပြီး ကူညီပေးလိုစိတ်အပြည့်ရှိတယ်ဟု စစ်ဘေးရှောင်စခန်းက မွေးကင်းစကလေးငယ်၏ ဖခင်ဖြစ်သူကိုနေဇော်ဦးက တူးတူး၏အကြောင်းကို ပြောပြသည်။

သူမ၏ မိခင်မှာ ချင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဖခင်မှာ ရခိုင်လူမျိုးဖြစ်သောကြောင့် တူးတူးကို ချင်းကပြားဟု ခေါ်ကြသော်လည်း သူမမှာ လူမျိုးမရွေးချစ်ခင်တတ်သူ ဟု ကိုနေဇော်ဦးက ဆိုသည်။

တူးတူးသည် သူမမိခင်ဆီက အသားအရည်လှပခြင်းနှင့် ဖခင်ထံမှ အရပ်ရှည်ခြင်းကို အမွေရထားခြင်းကြောင့် နှစ်လိုဖွယ်ရာရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။

ထိုယောက်ကျ်ားဆန်နေသော အမျိုးသမီးငယ်မှာ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာဇာတိဖြစ်ပြီး ၂ဝ၁၉ခုနှစ်၊ မေလက ကျေးရွာအတွင်း မြန်မာစစ်တပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးကြရာမှ သူတို့မိသားစုကလည်း နေအိမ်ကို စွန့်ခွာထွက်ပြေးလာကြရခြင်း ဖြစ်သည်။

လွန်ခဲ့သော၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်၊ စည်တောင်၊ ကံပြင်၊ နွားရုံတောင်၊ စံကိုးထောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ စေတီတောင်၊ သရက်ပြင်၊ ကြာညိုပြင်၊ ဖုံညိုလိပ်နှင့် ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာရှိ ပြည်သူများသည် နေအိမ်ကို စွန့်ခွာထွက်ပြေးလာခဲ့ကြရသည်။

တူးတူးတို့မိသားစု ရွာမှထွက်မပြေးခင်ညက  တူးတူး၏ အစ်မတစ်ဝမ်းကွဲ သားအမိနှစ်ယောက်အပါအဝင် ရွာသား ၅ ယောက်သည် နေအိမ်ဗုံးခိုကျင်းထဲ၌ သေဆုံးခဲ့ရသည်။

ထို့နောက် နောက်တစ်နေ့နံနက် မေလ ၂၃ ရက်နေ့တွင်  ဗုံးဆံ၊ သေနတ်ကျည်များကြားမှ ရှောင်ကွင်းပြီး ရရာပစ္စည်းကို ကောက်ယူကာ ထွက်ပြေးခဲ့ကြရသည်။

ဗုံးတွင်းထဲမှာ တစ်ညလုံးအိပ်ခဲ့ရတယ်။ အသံတွေသာ ကြားနေရတယ် ဘာဖြစ်လည်းမသိဘူး။ မနက်လင်းလို့ ဗုံးတွင်းကထွက်တော့မှ အမယ်ချေ (အစ်မတစ်ဝမ်းကွဲ) တို့သားအမိ သူတို့အိမ်ရဲ့ဗုံးတွင်းထဲမှာ သေနေတယ်လို့သိခဲ့ရတာ။ ရွာသားအားလုံး ငါးယောက်သေခဲ့တယ်ဟု သူမတို့ကြုံတွေ့ခံစားခဲ့ရသည့် အဖြစ်အပျက်ကို ရင်နာကြေကွဲစွာ ပြန်ပြောပြသည်။

တူးတူးတို့မိသားစုမှာ ရသေ့တောင်မြို့ နယ်၊ အိုးဖောက်ကျေးရွာရှိ ဘကြီးတော်စပ်သူအိမ်တွင် သူမမိသားစုဝင် ၇ ဦးနှင့်အတူ လေးလကျော် ခိုလှုံခဲ့ကြရသည်။

ထိုနောက် သြဂုတ်လတွင်  သူမ၏မွေးရပ်မြေ၊ ဘူးသီးတောင်မြို့တွင်  စစ်ဘေးရှောင်စခန်းများ စတင်ဖွင့်ပေးနေသည့်သတင်းကြောင့် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းသို့ လာရောက်နေထိုင်လာခဲ့ရသည်မှာ ယခုဆိုလျှင်သုံးနှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။

ထိုသုံးနှစ်ကျော်ကာလအတွင်းတွင်  သူမအတွက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ယောက်ကျားလေးတစ်ယောက်ကဲ့သို့ သတ္တိနှင့် ခံနိုင်ရည်အပြည့် မွေးနိုင်ရနန်ကြိုးစားခဲ့ရသည်ဟု ဆိုသည်။

သူမ စခန်းသို့ရောက်ခါစတွင် အမျိုးသမီးများအားလုံး စုပေါင်းရေချိုးသည့် နေရာတစ်ခုတည်းရှိသည့်အတွက် မိန်းကလေးများနှင့်အတူ အဆင်မပြေမှုကြားက ရေချိုးခဲ့ရကြောင်းပြောသည်။

ထို့အပြင် အဝတ်အစားလဲခြင်း၊ နေရာကျဥ်းကျပ်ခြင်းများကြောင့် ဆွေမျိုးစပ်တော်စပ်သော သီလရှင်သင်္ခန်းကျောင်းတွင်  ရေသွားချိုးခဲ့ရသည်ဟုလည်း တူးတူးကရှင်းပြသည်။

သူမတို့ရောက်ပြီး သုံးလခန့်အကြာတွင် စစ်ဘေးရှောင်စခန်းရှိ မိသားစုတစ်စုကို ၆ ပေပတ်လည် တဲအိမ်တစ်လုံးစီ လုပ်ပေးလာချိန်မှသာ မိသားစုနှင့်အတူ နေခွင့်ရလာခဲ့သည်ဟု ဆိုသည်။

ရွာတွင်ကျန်ခဲ့သော လယ်ယာများကို စွန့်ထားခဲ့ရသည့် သူမတို့မိသားစုမှာ  စားဝတ်နေရေး အခက်အခဲဖြစ်လာခဲ့သဖြင့် တစ်ခါတစ်ရံ စိတ်ဓာတ်ကျမိသော်လည်း မိဘများရှေ့တွင် အမြဲဲပြုံးပြုံးရွှင်ရွှင် ဟန်ဆောင်နေခဲ့ရသည်ဟု တူးတူးက ဆိုပါသည်။

မိုးကြီးချိန်တစ်နေ့တွင်  မိသားစုထမင်းစားနေစဥ် ခေါင်းမိုးမှ မိုးယိုပြီး ထမင်းပန်းကန်ထဲ အကုန်ဝင်သွားချိန်တွင် မည်ကဲ့သို့ ခံစားရမှန်းမသိ ဖြစ်သွားဖူးပြီးစစ်ဘေးရှောင်တိုင်း ဒီလိုပါလားဟု တွေးရင်း ဖြေသာနေလိုက်ရသည်ဟု သူမက ပြောသည်။

မည်သည့်အလုပ်ကိုမဆို မညည်းမညူလုပ်သော အကျင့်ကြောင့်လည်း အထက်တန်းသင်ဖူးပြီး ကလေးချစ်တတ်သည့် တူးတူးကို စစ်ဘေးရှောင်စခန်းရှိ ကျောင်းသားများအား ကျူရှင်သင်ပေးချိန်တွင် ကျောင်းသားမိဘအချို့က အခကြေးငွေအနည်းငယ်ပေးကြကြောင်းလည်း ဆိုသည်။

တူးတူးတို့နေထိုင်ရာ စည်တောင်ကျေးရွာကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းလူမျိုးကျေးရွာများမှာ ဝေးလံခေါင်သီပြီး သွားလာရခက်ခဲခြင်းကြောင့် အစိုးရဆရာ/မ များ အများစု မလာရောက်နိုင်ကြပေ။

ထိုနေရာများအတွက် တူးတူးတို့ကဲ့သို့ အထက်တန်းပညာသင်ဖူးသူများက စပါးတောင်းဆရာ(စပါးပေး၍ ကျူရှင်ကဲ့ သို့ စာသင်ပေးရန်ငှားရမ်းမှု)နှင့် စာသင်ပြပေးကြသည်မှာ ဓလေ့တစ်ခုကဲ့သို့ ဖြစ်နေသည်။

တူးတူးသည်  ဆယ်တန်းစာမေးပွဲဖြေပြီးစအချိန်မှစ၍  ချင်းရွာလေးတွင်  စပါးတောင်းဆရာအဖြစ် စာသွားသင်ပေးခဲ့ဖူးခြင်းကြောင့် စာပြရသောအလုပ်က သူ့အတွက်ပျော်စရာထဲကတစ်ခုဟု ဆိုသည်။

ကလေးမိဘများက တူးတူးအား ကလေးတစ်ယောက်လျှင် တစ်လ သုံးလေးငါးထောင် ထောက်ပံ့ကြသော်လည်း ကလေးများနှင့် နေရသည်ကို ပိုမိုသဘောကျကြောင်း ပြောသည်။ယခင် သူစာသင်ပေးဖူးသော ချင်းရွာလေးတစ်ရွာတွင်  သူ့အား တပည့်ကလေးများက ဆရာဟု ခေါ်ကြသည့်အတွက် သူ့ဘဝတွင် အမှတ်တရဖြစ်ပြီး ကျေနပ်ခဲ့ရကြောင်း ဆိုသည်။

ယောက်ကျ်ားလေးတစ်ယောက်ကဲ့သို့ နေထိုင်လိုသော ဆန္ဒရှိသော်လည်း အမျိုးသမီးတစ်ဦးဖြစ်နေသည်ကို သူမမငြင်းလိုသည်မှာ စစ်ဘေးရှောင်စခန်းသို့ အမျိုးသမီးလစဉ်သုံးပစ္စည်းများ လာလှူပါက သူမကျေနပ်ကျေးဇူးတင်မိသောကြောင့်ဟု  ပြောသည်။

သူမမှာ အမျိုးသမီးတစ်ဦးကဲ့သို့  နွဲ့နွဲ့နှောင်းနှောင်းမဖြစ်သည်ကလွဲပြီး သူမ၏အပြုအမူများမှာ သာမန်အမျိုးသမီးများကဲ့သို့ ကြင်နာတတ်သူဖြစ်ကြောင်း အတူနေထိုင်သူ စစ်ဘေးရှောင်များက ဆိုကြသည်။

တူးတူးက လူတွေနဲ့ပေါင်းသင်းတာတော်တယ်။ ကျွန်တော်တို့နဲ့ ဆွေမျိုးမတော်ပေမယ့် အစ်ကိုချေ (အစ်ကိုလေး) ဆိုပြီး သူ့အစ်ကိုအရင်းကိုခေါ်သလိုခေါ်တယ်။ သူ့အပေါ်ပိုရင်းနှီးသွားတာပေါ့ဟု  စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထိုလမ်းမကျောင်းစစ်ဘေးရှောင်စခန်းတစ်ခုလုံးတွင်  သူမ၏ ပရဟိတစိတ်၊ စေတနာကြောင့် သူမ၏မိသားစုအသစ်ကြီးတစ်ခုလို ဖြစ်နေကြောင်းလည်း ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် အမျိုးသမီးများအတွက် သီးသန့်လုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း၊ စစ်ဘေးရှောင်များအတွက် အမျိုးသမီး၊ အမျိုးသားဟု ခွဲခြားလုပ်ဆောင်ပေးခြင်း မရှိကြောင်းလည်း ရှင်းပြသည်။

အစိုးရအနေနဲ့တော့ အမျိုးသမီး၊အမျိုးသားရယ်လို့ ခွဲခြားလို့တော့မရှိဘူး။ စစ်ဘေးရှောင်ဆိုရင် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးတယ်။ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအတွက် အမြဲတမ်းလုပ်ပေးနေတယ်။ နောက်ပြီး ပွင့်လင်းရာသီရောက်တဲ့အခါ ပြန်ပို့ဖို့ လုပ်ပေးနေတယ်။ အစိုးရအဖွဲ့အစည်း ရံပုံငွေနဲ့လုပ်ပေးနေတယ်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောသည်။

စစ်ရေးပဋ္ဋိပက္ခနှင့် ကိုဗစ်အခက်အခဲများကို သာမန်အမျိုးသမီးများပင် ခက်ခက်ခဲခဲရင်ဆိုင်နေကြရချိန်တွင် လိင်စိတ်ခံယူမှုကွဲပြားသော အမျိုးသမီးတစ်ဦးဖြစ်သူ တူးတူးအတွက် သာမန်အမျိုးသမီးများထက် ပိုခက်ခဲလို့နေသည်။

”LGBTခေါ်လား။ အဲဒီလိုမျိုးတွေဆိုရင် တချို့ကစနောက်ကြတယ်။ သူတို့က စကြနောက်ကြတာကို မကြိုက်ကြဘူး။ နောက်ထပ်ဒီစခန်းမှာ မိန်းကလေးဖြစ်ချင်တဲ့ လူငယ်နှစ်ယောက်လည်း ရှိသေးတယ်။ အမှန်က သူတို့ဝါသနာပါရာ လက်မှုပညာလေးတွေသင်ပြီး ဘဝရပ်တည်ဖို့ အစိုးရနဲ့သက်ဆိုင်ရာ ကူညီပေးနိုင်တဲ့လူတွေက ကူညီပေးသင့်တယ်။ တူးတူးလည်း ဒီမှာနေမကောင်းတဲ့လူတွေကို ကူညီပေးနေတာပဲဟု လမ်းမကျောင်းစစ်ဘေးရှောင်းစခန်းတာဝန်ခံ ဦးကျော်ကျော်ဝင်းက ပြောသည်။

LGBT ဆိုသည်မှာ L=Lesbian ( အမျိုးသားတစ်ဦးကဲ့သို့ ဝတ်စားထားသူ) G= Gay (အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားထားသူ) B= Bisexual (လိင်တူနှင့် ဆန့်ကျင်ဖက်လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ) နှင့်  T=Transgender Women ( အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ) တို့ဖြစ်ပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခန်း()၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အပိုဒ် (၃၅၃)တွင် မည်သူ့ကိုမှ တည်ဆဲဥပဒေနှင့်အညီမှ တစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှူံးမှုမရှိစေရဟု ဖော်ပြထားသည်။

တူးတူးအား ဖခင်ဖြစ်သူမှ  သားတစ်ဦးကဲ့သို့ အားထားသည့်အတွက် အမေဖြစ်သူနှင့် အစ်မဖြစ်သူတို့မှလည်း ယောက်ကျ်ားလေးတစ်ဦးကဲ့သို့ သဘောထားဆက်ဆံပေးခဲ့ကြခြင်းကြောင့် ပတ်ဝန်းကျင်က သူ့မိသားစုတွေရှေ့တွင် မကဲ့ရဲ့၊ မသရော်ရဲခဲ့ကြပါဘူး ဟု ဆိုသည်။

သို့သော်လည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်းယောက်ကျ်ားလေး အချို့က သူမအား မိန်းကလေးတစ်ဦးကဲ့သို့ စနောက်တတ်ကြသည်ဟု ပြောသည်။

နင်လှလာတယ်တို့  ပြီးတော့ မိန်းကလေးတစ်ယောက်လို စနောက်ကြတာတော့ရှိတယ်။ အရင်ကတော့ မကြိုက်ဘူး။ ဒါပေမယ့် နောက်ပိုင်းဆိုရင် နင့်မိဘဆီ ငါပြန်လာတောင်းမယ်လို့ အဲဒီယောက်ကျ်ားလေးတွေကို ပြန်စနောက်လိုက်တယ်။ ဒီလိုပဲ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေရတာပါပဲဟုသူမက ဆိုသည်။

ရခိုင်တွင်  အမျိုးသမီးများအပါအဝင် တူးတူးတို့ကဲ့သို့  LGBT ဘဝအတွက် အကာအကွယ်ပေးမှု၊ လူသားချင်းစာနာထောက်ထားမှုနှင့် လိင်အကြမ်းဖက်မှုများ ပျောက်ရန်အတွက် ကြိုးစားပေးနေသော လူမှုအဖွဲ့ အစည်းအချို့ရှိသော်လည်း အစိုးရဖက်မှ သီးသန့်အကူအညီသာရခဲ့ပါက လူ့အသိုင်းအဝိုင်းတွင် အမျိုးသမီးများ ခေါင်းငုံ့နေရမည် မဟုတ်ကြောင်းလူမှုအဖွဲ့အစည်းများက ပြောသည်။

မိန်းမလျာ အခွင့်အရေးဆိုတာ ကမ္ဘာပေါ်မှာ ရှိတာမဟုတ်ပါဘူး။ ကျွန်မတို့က ကိုယ်ဖြစ်ကိုယ်ခံပေါ့။ ရခိုင်မှာတော့ စော်ကားခံရတာတွေ၊ အလိုမတူမှုတွေတော့မရှိဘူး။ အစိုးရအနေနဲ့က LGBT လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးတာ တစ်ခုမှမရှိဘူး။ ကိုယ်တွေကိုလည်း ဘာတစ်ခုမှ ဖိတ်တာမရှိဘူးဟု LGBT အရေးလှုပ်ရှားနေသူ ကုမုဒြာကွန်ရက်မှ ရခိုင်ဒေသကိုယ်စားလှယ် မီရှဲလ်() ကိုကျော်ကျော်လင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင်  LGBT အရေးဆိုလျှင် Gay အခွင့်အရေးလှုပ်ရှားသူ များသာရှိသော်လည်း တူးတူးတို့ကဲ့သို့  Lesbianအရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည်မှာ တစ်ဖွဲ့မျှ မရှိသေးကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သော  NLD ၏ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲကြေညာစာတမ်းတွင်ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (SDG)များ၊ အမျိုးသမီးအား နည်းမျိုးစုံခွဲခြားမှု ပပျောက်မှုဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW)ပါ ပြဌာန်း ချက်များ၊ လုပ်ငန်းအစီစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရပါဝင်ပြီး သဘောတူလက်မှတ်ရေးထိုးထားသော စစ်မက်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အထူးအလေးထားသည့်  ပထမဆုံးသောဆုံးဖြတ်ချက်တစ်ခု (UNSCR 1325) ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အောက်တိုဘာလ ၃၁ ရက် ၂ဝဝဝ ပြည့်နှစ်က အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

ထိုကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)မှာ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း(Protection) ၊ ကြိုတင်တားဆီးခြင်း (Prevention) ၊ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး(Relief and Recovery) စသည့်အချက်များ ပါဝင်သည်။

ထိုအချက်များအပြင် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအစီအစဉ်သည် ကျား၊မ သဘောထားအမြင်များနှင့် အမျိုးသမီးအခွင့်အရေးများ ထိရောက်စွာပေါင်းစည်းနိုင်ခြင်းနှင့်  ကမ္ဘာပေါ်ရှိ အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးများနှင့် ယောက်ျားလေးများ၏ ဘဝများကို အဓိပ္ပာယ်ရှိစေပြီး အပြုသဘောသက်ရောက်မှုရှိသည်။ ၎င်း၏ အပြန်အလှန်ချိတ်ဆက်မှုနှင့် အပြန်အလှန်အားဖြည့်မှုအား ကာကွယ်ခြင်းသည် လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားခြင်းအပါအဝင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖန်တီးရန် ပဋိပက္ခ၏ မူလဇစ်မြစ်များကို ဖြေရှင်းရာတွင်အရေးပါသည် ‘’ ဟုလည်း ဖော်ပြထားသည်။

အဓိကပြောချင်တာက ဘာလဲဆိုလို့ရှိရင် ခုနကပြောတဲ့  CEDAW စာချုပ်၊ တိုက်ရိုက်ရေးထိုးထားတဲ့ စာချုပ်ကိုတောင်မှ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အစိုးရတစ်ရပ်အနေနဲ့  ၁၃၂၅ ကို အကောင်အထည်ဖော်ဖို့ဆိုတာက လုံးဝဖြစ်လာမှာမဟုတ်ဘူး။ လောလောဆယ် အနေအထားမှာလည်း ဖြစ်လည်းမဖြစ်သေးတဲ့အနေအထားကိုတွေ့ရပါတယ် ‘’ ဟု ရခိုင့်အမျိုးသမီးရှေ့ဆောင်အဖွဲ့ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းတွင်  တူးတူးအပါအဝင် လိင်စိတ်ခံယူမူ မတူညီသူ သုံးဦးရှိနေပြီး ၄င်းတို့မှာ အမျိုးသားအချို့၏ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရကြောင်း ဆိုသည်။

ထို LGBT လူငယ်လေးနှစ်ယောက်မှာ မိန်းကလေးများကဲ့သို့ ဝတ်စားပြီး အလှပြင်သော  ဝါသနာကြောင့် အမျိုးသားများက ဝိုင်းစနောက်ကြသည့်အတွက် မိသားစုမှ ဖိနှိပ်ခြင်းရော၊ပတ်ဝန်းကျင်မှ  လှောင်ပြောင်သည်များကိုပါ ခံနေကြရကြောင်း အဆိုပါလူငယ်လေးများက  ပြောပြသည်။

လပ်စ်ဘီယမ် (Lesbian) ပဲဖြစ်ဖြစ်၊ ဂေး( Gay)ပဲဖြစ်ဖြစ် အမြဲတမ်း သူတို့ဘဝက လုံခြုံတယ်လို့ မခံစားရဘူး။ စစ်ဘေးရှောင်တွေလို အခန်းကျဉ်းလေးထဲမှာ နေနေရတယ်ဆိုရင်တော့ သူတို့မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်နိုင်တယ်။ ကိုယ်ထိလက်ရောက်မဟုတ်ရင်တောင် အသံနဲ့တို့လိုပေါ့နော် ကြုံတွေ့နိုင်တယ်လို့ ယူဆတယ်  ဟု  မြန်မာနိုင်ငံ အမျိုးသားချင်း ချစ်ခင်စုံမက်သူများနှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူများကွန်ရက် (Myanmar MSM and TGW Network- MMTN) အကြံပေးအရာရှိ ဦးသန့်ဇင်ဦးက ပြောသည်။

ရခိုင်တွင်  အမျိုးသမီးအတိုင်း ဝတ်စားပြီး ဆံပင်ရှည်များနှင့် နေထိုင်သူ ၂၆၄ ဦး၊ အိမ်မှခွင့်မပြုဘဲ ကန့်ကွက် ထိန်းချုပ်ခံထားရသော ယောက်င်္ကျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ရသူ ၄၈၁ ဦး၊ စုစုပေါင်း ၇၄၅ ဦးရှိကြောင်း မြန်မာနိုင်ငံအမျိုးသားချင်း ချစ်ခင်စုံမက်သူများနှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူများကွန်ရက် (Myanmar MSM and TGW Network- MMTN)၏ ရခိုင်ဒေသစာရင်းအရ သိရပါသည်။

သို့သော်လည်း တူးတူးတို့ကဲ့သို့ လပ်စ်ဘီယမ်(Lesbian)များအရေးအတွက်  စာရင်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုပါသည်။

စစ်မက်ပဋ္ဋိပက္ခများရှိနေဆဲ ရခိုင်ဒေသအတွင်းတွင် တူးတူးတို့ကဲ့သို့ အမျိုးသမီးများနှင့်  LGBT များအတွက် အကာအကွယ်ပေးမှု အားနည်းနေသေးသကဲ့သို့ ရခိုင်လူ့အဖွဲ့အစည်းအတွင်းတွင်လည်း ၄င်းတို့အတွက် ထည့်သွင်းစဉ်းစားမှုများ နည်းနေသေးကြောင်းကိုလည်း ရခိုင်လူမှုအဖွဲ့အစည်းအချို့က ထောက်ပြပြောဆိုကြသည်။

စစ်ဘေးရှောင်တန်းလျားနဲ့  တဲအိမ်တွေမှာ  အမျိုးသမီးနှင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ လုံခြုံမှုကင်းမဲ့နေကြပြီး လိင်စိတ်ခံယူမှုမတူသူ LGBT အသိုင်းအဝိုင်းက အစိုးရတင်မကဘဲ  လူမှုအသိုင်းအဝိုင်းကပါ လှစ်လျူရှုထားခံနေကြရတယ်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူ ဦးဝေဟင်အောင်က ဆိုသည်။

ကျွန်တော်တို့ ရခိုင်လူ့အဖွဲ့အစည်းအတွင်းမှာလည်း တစ်ခုခုလုပ်မယ်ဆိုရင် ဒီလူတွေအတွက် ထည့်သွင်းစဉ်းစားတာတွေ သိပ်အားနည်းသေးတယ်။ ပြဿနာတစ်ရပ်ကို ဖြေရှင်းနေကြတဲ့အချိန်မှာ ထောင့်ပေါင်းစုံစဉ်းစားချက်က သိပ်အရေးကြီးတယ်လို့မြင်တယ်လို့ စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူ ကိုဝေဟင်အောင်က ပြောသည်။

ကမ္ဘာ့နိုင်ငံအချို့မှာသာမက မြန်မာနိုင်ငံတွင်လည်း ယခုချိန်ထိ LGBTဟုဆိုပါက လက်မခံနိုင်သောပတ်ဝန်းကျင်တွင်  လူ့အသိုင်းအဝိုင်းမှ သီးသန့်ဖယ်ထားခံနေကြရဆဲဖြစ်ကြောင်းလည်း ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကလည်း UNHCR (၁၃၂၅)၏ ဆုံးဖြတ်ချက်ကို လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိနေသော်လည်း ဒီမိုကရေစီအစိုးရလက်ထက်မှာပင် အကောင်အထည်ဖော်နိုင်မှုမရှိခဲ့သဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းစပျောက်သွားခဲ့ရကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှားနေသူများက ထောက်ပြကြသည်။

ရခိုင်ဒေသတွင်  လူမျိုး၊ ဘာသာ၊ ဓလေ့စရိုက်များစွာ ကွဲပြားခြားနားသကဲ့သို့  မတူညီသောလူ့အသိုင်းအဝိုင်းတွင်  LGBT အားလုံးမှာ  မွေးရာပါအပြစ်တစ်ခုဖြစ်နေပြီး အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေကြပြီး  စာနာနားလည်ပေးမှုအားနည်းချက်များကြောင့် မိမိကိုယ်ကိုသတ်သေမှုအထိ ယနေ့တိုင်ရှိနေကြဆဲဖြစ်သည်။

ကျွန်မတို့ ရခိုင်ဒေသကကျတော့ခါ ယဉ်ကျေးမှု၊ ထီးနန်းစဉ်လာအစွဲကြီးမားတယ်။ ထုံးတမ်းစဉ်လာကြီးမားတဲ့ဒေသတစ်ခုအနေနဲ့ လူမှုအသိုင်းအဝိုင်းမှာ သဘာဝအမှန်အတိုင်း တည်ရှိနေတဲ့ ဒီကိစ္စတွေကိုလည်း များများစားစားနားလည်သဘောပေါက်ဖို့ ပညာပေးမှုတွေလိုအပ်သေးတယ်လို့မြင်တယ်ဟုစောစံငြိမ်းသူက မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် မအီမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့က အသက်၁၄ နှစ်အရွယ် ၈တန်းကျောင်းသား  LGBTတစ်ဦးမှာ မအီချောင်းအတွင်း မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

လိင်ကွဲပြားမှုနဲ့ဆိုင်တဲ့ကိစ္စဆိုလို့ရှိခဲ့ရင် ကျွန်မတို့ ဒေသမှာကတော့ သီးသီးသန့်သန့် သူတို့အတွက် အခွင့်အရေးဆိုပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေကို မတွေ့ရသေးပါဘူး။ သိပ်အားနည်းနေပါသေးတယ်ဟု စောစံငြိမ်းသူက ဆက်ပြောသည်။

လိင်စိတ်ခံယူမှုကွဲပြားသည့်အတွက် လူများ၏မယုံကြည်မှု၊ အပြစ်တင်ဝေဖန်မှုများကို ခက်ခက်ခဲခဲရင်ဆိုင်ကျော်ဖြတ်နေရပြီး LGBT တစ်ဦးဟု ခံယူထားသောသူမကို  မိသားစုက နားလည်ပေးသော်လည်း ရခိုင့်လူမှုအသိုင်းအဝိုင်းအပြင်ဖက်ကို ရောက်နေဆဲပဲဟု တူးတူးက ဆိုသည်။

နောက်ပိုင်းမှာ သူများတွေက ကိုယ့်ဖြစ်တည်မှုကို အထင်လွဲတာတွေရှိလာတဲ့အတွက် မိန်းကလေး သူငယ်ချင်းတွေနဲ့လည်း စကားမပြောတော့ဘူး။ ယောက်ကျားလေးသူငယ်ချင်းတွေနဲ့လည်း မပြောဖြစ်တော့ဘူး။ သီးသန့်နေတတ်လာတယ်။ လူတိုင်းအပေါ်စကားလည်းနည်းသွားတယ်ဟု သူမက ဆက်ပြောသည်။

တူးတူးသည် LGBT တစ်ယောက်ဖြစ်သော်လည်း  သူမအပေါ်ကဲ့ရဲ့မှုများကို မျက်ကွယ်ပြုပြီး သူမတတ်နိုင်မျှ လူနာများကို ကူညီကာ  တက်တက်ကြွကြွနှင့် စစ်ဘေးရှောင်စခန်းတစ်ခုလုံးကို ပြုံးပြဖို့ အသင့်ဖြစ်နေသည်။

သေနတ်သံများ ဆူညံနေချိန်တွင် တူးတူးတို့ကဲ့သို့ စစ်ပွဲဒေသကလူများ မအိပ်နိုင်ခဲ့သလို သေနတ်သံများတိတ်ဆိတ်နေသော်လည်း သူမတို့စစ်ဘေးရှောင်

များမှာ ကောင်းစွာမအိပ်စက်ရဘဲ အသက်ရှင်ရပ်တည်ရေးအတွက် ဖြတ်ကျော်နေရဆဲဖြစ်သည်။

ရခိုင်တွင်  စစ်ပွဲများ ရပ်တန့်နေသည်မှာ  ၁ ဝ လကျော်နေသော်လည်း စစ်ဘေးရှောင်အများစုမှာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့်အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံ တွေ့နေရဆဲလည်းဖြစ်သည်။

ထိုအထဲတွင် ရိုးရာဓလေ့စရိုက် လေမုန်တိုင်းကြမ်းကြားက တူးတူးတို့လို LGBT များသည်  လူမှုဒုက္ခမျိုးစုံကို သည်းခံခွင့်လွှတ်စိတ်ဖြင့် ရင်ဆိုင်ဖြေရှင်းနေရပြီး သူ၏ ပရဟိတစိတ် ယုံကြည်ချက်များအတိုင်း ခိုင်မာစွာဆက်လျှောက်နေမည်ဟု တူးတူးက ပြောသည်။

သူမ ဖြစ်ချင်သော ကလေးများအတွက် အခမဲ့စာသင်ကျောင်းတစ်ကျောင်းဖြစ်နိုင်ရန်စဥ်းစားရင်း ၆ ပေသာသာတဲအိမ်လေးထဲတွင် အခြားသူများကို မည်သို့ကူညီပေးရမလဲဟု တွေးနေမိကြောင်း ဆိုသည်။

ရွာပြန်ချင်တာပေါ့။ ကိုယ့်အိမ်ကိုယ့်နေရာကို ဘယ်သူကမှ မစွန့်ခွာချင်ဘူး။ ရွာမှာဆို ယောက်ကျ်ားလေးတွေရော မိန်းကလေး သူငယ်ချင်းတွေရောရှိတယ်။ ကျောင်းနေတုန်းကတော့ ဂန္ဓာရီဘုန်းကြီးကျောင်းမှာ နေလို့စာသင်ခဲ့တယ်။ အဲဒီကျောင်းမှာက တိုင်းရင်းသားလူငယ်တွေကို စာသင်ဖို့ ထောက်ပံ့ပေးတယ်။ ဒါကြောင့်လဲ  ကလေးတွေကို စာသင်ပေးချင်တာထင်ပါတယ်’’ ဟု တူးတူးကဆိုသည်။

လူလူချင်းချစ်ခင်တတ်ကာ လိင်စိတ်ခံယူမှုကွဲပြားသူများမှာလည်း ချင်ခင်၊ ကြင်နာတက်သော လူပီသသည့်သူများရှိသေးကြောင်း နှင့် ထိုအမြင်မျိုး လူတိုင်းမှာရှိသင့်သည်ဟုလည်း သူမကပြောပါသည်။

ရခိုင်တွင်  လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်သေးမီအချိန်ထိ LGBT ဟု ခံယူထားသော တူးတူးသည် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ အကူအညီလိုအပ်သူများအတွက် အားကိုးတကြီးလှမ်းဆွဲစရာ သစ်တစ်ပင်အဖြစ် ဆက်ရှိလို့နေပါသည်။

#ရခိုင် #IDP #LGBT #MPA 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: