fbpx

“ အမျိုးသားညီညွတ်ရေးအစိုးရအကူအညီတွေ စစ်ဘေးရှောင်တွေအတွက်ရောက်တယ်လို့ ကျနော်မကြားမိပါဘူး။ “

By MPA

ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့် မေလမှစတင်ပြီး စစ်ဘေးရှောင်များအတွက် အကူညီများပေးနေသော Freelance Volunteer Myanmarအဖွဲ့မှ ဦးဆောင်သူကို လက်ရှိကရင်နီပြည်နယ်တွင်ရှိသော စစ်ဘေးရှောင်များ၏ အခက်အခဲနှင့် လိုအပ်ချက်များကို Myanmar Pressphoto Agency မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။  အရင်ဆုံး အစ်ကိုတို့အဖွဲ့နဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါခင်ဗျ။

ဖြေ။ ။  ကျနော်တို့အဖွဲ့ကတော့ Freelance Volunteer Myanmarပါ။ ကရင်နီကို စကူညီတာကတော့ ၂၅ရက်၊ ၅လပိုင်းတည်းကစကူညီဖြစ်တာ။ အခုဆို ၅လကျော်ထဲရောက်လာပြီပေါ့နော်။ အဓိကကူတာကတော့ စစ်ဘေးရှောင်ရယ်၊ အခုကာကွယ်ရေးတပ်တွေရယ်ပေါ့။ ကာကွယ်ရေးတပ်တွေကိုတော့ အရင်တုန်းက မကူညီဖြစ်ခဲ့ဘူး။ ကူညီတာ ၃လလောက်ပဲ ရှိပါဦးမယ်ဗျ။စစ်ဘေးရှောင်တွေကို ကူညီလာရင်း ကာကွယ်ရေးအဖွဲ့တွေက အကူညီလာတောင်းလို့ ကူညီပေးမယ်ဆိုပြီး ကူညီပေးဖြစ်တာ။

မေး။ ။  ကရင်နီကစစ်ရှောင်တွေရဲ့အခြေအနေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။  ကရင်နီမှာစဖြစ်တာက ၄လပိုင်း၂၁ရက်နေ့က စဖြစ်လိုက်တဲ့အချိန်မှာတချို့ စခန်းတွေမှာဆိုရင် လေးလပိုင်းတည်းက ပြေးပြီးတော့ အခုသူတို့အိမ်က စကစတပ်စွဲထားတဲ့နေရာတွေမှာ အများဆုံးရှိတဲ့အခါ သူတို့ ပြန်လည်းပြန်လို့မရတော့ဘူး။ တိုက်ပွဲခနပဲဆိုပြီး ထွက်လာလိုက်ကြတာ အခုဆို  တောထဲရောက်လာတာကြာပြီ။ တောထဲကကျနော်ရောက်ခဲ့တဲ့စခန်းတစ်ခုက ကလေးတစ်ယောက်ဆိုရင် ဆေးဝါးအခက်အခဲကြောင့် တုပ်ကွေးဖြစ်ပြီးတော့ ဆုံးသွားခဲ့ရတယ်။ တချိုု့အမျိုးသမီးတွေကျလည်း သူတို့လက်မောင်းထဲထည့်တဲ့ပစ္စည်းတွေဆို သက်တမ်းကုန်သွားပြီး လက္ခဏာတွေပြလာပြီး ခွဲစိတ်ဖို့လိုနေတယ်။ အချို့ကျတော့ စားဝတ်နေရေး တောထဲမှာရှိတဲ့အဆင်ပြေတဲ့ မျှစ်လေးဘာလေးချိုးစားရတယ်။ သောက်ရေကလည်းမိုးရေ။ အခုဆောင်းတွင်းဝင်လာရင်တော့ သောက်သုံးရေက အခက်အခဲဖြစ်လာတော့မယ်။ နောက််တစ်ခုက သူတို့စပြေးတဲ့အချိန်မှာ ရွာတွေထဲမှာနေကြတယ်။ အချိန်ကာလတစ်ခုကြာလာတော့ ရွာကလူတွေလည်း စားဝတ်နေရေးအခက်အခဲကို ဆက်ဖြေရှင်းဖို့အတွက် သူတို့မှာရှိတဲ့ရိက္ခာတွေ ကုန်လာတဲ့အတွက် သူတို့ပြန်ပြီးတော့ မေတ္တာရပ်ခံကြတယ်။ကူညီပေးဖို့ အဆင်မပြေတော့ဘူး။ တစ်ခုခုလုပ်ကြပါဆိုတော့ ရွာပြင်မှာ တဲတွေထိုးပြီးနေကြရတယ်။ အဆင်ပြေသလိုစားသောက်ကြရတယ်။ အရမ်းအခက်အခဲရှိလာတာပေါ့။

မေး။ ။  အစ်ကိုတို့အဖွဲ့အနေနဲ့ ဘာတွေကူပေးဖြစ်ပါသလဲ။

ဖြေ။ ။  ကျနော်တို့ကူပေးတာက သူတို့ရဲ့စားဝတ်နေရေး၊ အဝတ်အထည် ၊ စခန်းမှာရှိတဲ့အရာအားလုံး ကျနော်တို့လိုက်ကူဖြစ်တယ်။အခက်အခဲကတော့ သယ်ယူပို့ဆောင်ရေးမှာအခက်အခဲရှိတယ်။ တချို့နေရာတွေဆို ကားတွေသွားလို့မရလို့ ကျနော်တို့ ဒီပစ္စည်းတွေကို ကျနော်တို့ကိုယ်တိုင် ထမ်းပိုးရတဲ့ အခြေအနေတွေလည်းရှိတယ်။ တချို့နေရာတွေကျတော့ ကျနော်တို့ အသက်အန္တရာယ်အခက်အခဲရှ်ိပေမယ့်လည်း ရောက်အောင် ကြိုးစားပြီးသွားခဲ့ရတယ်။ ဒါကတော့ စစ်ဘေးရှောင်ကို ကူညီရတဲ့အချိန်မှာ အခက်အခဲအများကြီးရှိတယ်။ ပစ္စည်းတွေဝယ်ဖို့ခြမ်းဖို့လည်း အဆင်မပြေဘူး။ဘာလို့ဆိုတော့ ကျနော်တို့ အရင်တုန်းကတော့ လုံခြုံရေးအရ ပေ့ဂျ်မှာ သိပ်မတင်ဘူး။ နောက်ပိုင်းကျတော့ လူတွေရဲ့ယုံကြည်မှုအတွက် ချပြခဲ့တယ်။ ကျနော်တို့ကအဖွဲ့စည်းကြီးလည်းမဟုတ်ဘူး။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့စည်းထားတဲ့အဖွဲ့။ လူအင်အားလည်း အများကြီးရှိတဲ့အဖွဲ့မဟုတ်ဘူး။ ကျနော်တို့ Free Burma Rangerအဖွဲ့တွေနဲ့ ဆက်သွယ်တယ်။ အောက်ခြေအထိ လိုအပ်တာတွေ သွားပြီးလိုက်ကူပေးတယ်။ကျနော်တို့ စခန်းတွေသွားပြီဆိုရင် ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားတွေ၊ လူကြီးတွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်တွေကိုဖြေသိမ့်ပေးတယ်။ ပြီးတော့ တချို့ကလေးတွေဆို အာဟာရမှုန့်တွေ မစားရလို့ အားပြတ်နေတဲ့ကလေးတွေကို အာဟာရမှုန့်တွေ လှူပေးခဲ့တာမျိုးရှိတယ်။

မေး။ ။  ကရင်နီပြည်နယ်စစ်ဘေးရှောင်စခန်းမှာ လူဦးရေနဲ့စခန်း ဘယ်လောက်ရှိပါပြီလဲ။

ဖြေ။ ။  စခန်းရယ်တော့ သတ်မှတ်လို့မရဘူး။ ဒီကရင်နီပြည်နယ်တခုလုံးနီးပါးကိုပြေးနေရတာပေါ့။ ကျနော်တို့ ဒီးမော့ဆို ၊ငွေတောင်၆မိုင်၊ ၅မိုင် ၊ ပြီးတော့ဧက၅၀၀ ၊ ဒီဘက်တွေအကုန်လုံးက စစ်ဘေးရှောင်နေရတယ်။ နောက်ဆုံးကောက်တဲ့စစ်တမ်းအရဆိုရင် စစ်ဘေးရှောင်တစ်သိန်းကျော်ရှိနေပြီဗျ။ ဆက်တိုးလာဖို့ပဲရှိနိုင်ပါတယ်။

မေး။ ။  စစ်ဘေးရှောင်တွေအတွက် ကူညီမှုအခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။  ကျနော်တို့အဖွဲ့ရယ်မဟုတ်ဘူး၊ အဖွဲ့တိုင်းလိုလိုက အားလုံးကူညီပေးတယ်။ လူပုဂ္ဂိုလ်တစ်ဦးနဲ့ ကူညီပေးတာရှိတယ်။ သူတို့အဖွဲစည်းနဲ့ ကူညီပေးတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ အရမ်းခက်ခဲလာတယ်။ တချို့ဆိုရင်ကျနော်တို့ ရောက်လို့မရတဲ့နေရာ တောထဲတောင်ထဲ အခက်အခဲအရမ်းရှိလာတယ်။ရှောင်ပြေးတဲ့သူတွေ များလာတဲ့အခါကျတော့ သွားရလာရတာခက်ခဲတာမျိုးရှိတယ်။

မေး။ ။  အခုစစ်ပွဲတွေဖြစ်ပွားတာ စိပ်လာတာရယ်၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေရယ်က စစ်ရှောင်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။

ဖြေ။ ။  အရင်ကဆို စစ်မဖြစ်တဲ့နေရာမှာ ကုန်စိမ်းလေးဘာလေးဝယ်လို့ရတယ်။ အခုက နေရာအနှံ့ တိုက်ပွဲဖြစ်နေတော့ ကုန်စိမ်းတွေလည်း ဝယ်လို့မရတော့ဘူး။ ငွေကြေးတစ်ခုအနေနဲ့ဆိုရင် ကျနော်တစ်လကို နှစ်ခုပဲထောက်ပံ့ပေးနိုင်တယ်။ အဓိကကတော့ အခုမြန်မာကျပ်တန်ဖိုးကျဆင်းလာတာရယ်၊ မြို့ပြပေါ်မှာရှိတဲ့ ပြည်သူတွေလည်း ငွေကြေးခက်ခဲလာတာကြောင့် ကူညီရတာ ပိုခက်ခဲလာတာမို့ ကျနော်တို့က နိုင်ငံခြားအလှူရှင်တွေ ပိုမျှော်လင့်တယ်ဗျ။ ပိုမျှော်လင့်ရတဲ့ အကြောင်းအရင်းကတော့ သူတို့လှူခြင်းအားဖြင့် နှစ်ဖက်နှစ်လမ်းက ကူညီလို့ရတယ်။ ကျနော်တို့ရဲ့အဖွဲ့က ရရှိတဲ့အလှူငွေရဲ့ ၈၀ရာခိုင်နှုန်းကို စစ်ဘေးရှောင်ကိုလှူတယ်။၂၀ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေကို လှူပါတယ်ဗျ။

မေး။ ။  စစ်ရှောင်စခန်းမှာရှိတဲ့ ကလေးတွေ ပညာသင်ကြားနေမှုကို ကူညီပေးနေတာရော ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ။ ။  ကျနော်တို့က စခန်းတွေသွားတဲ့အချိန်မှာ ကလေးတွေရဲ့စိတ်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ သူတို့လေးတွေက သုံးလေးငါးနှစ်မှာ လက်နက်ကိုင်တော်လှန်မယ်။ မင်းအော်လှိုင်လို့ပြောမယ်ဆိုမယ်ဆိုတော့ ကျနော်တိို့စိတ်ထဲမကောင်းဘူး။ တော်လှန်ရေးတစ်စိတ်တပိုင်းကို သူသိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဦးနှောက်စဖွံ့ဖြိုးစမှာ ထည့်သင့်တဲ့အရာနဲ့ကတလွဲတွေဖြစ်နေတယ်။ အဲ့တာနဲ့ ကလေးတွေအတွက် စာသင်ကျောင်းဖွင့်ပေးမယ်ဆိုပြီး ကျနော်တို့စဥ်းစားလိုက်တယ်။ သင်ရိုးစာအုပ်တွေကို အလှူခံလိုက်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ ပညာရေးအစီစဥ်ကို ပြန်ကိုးကားပြီး သင်ရိုးကိုပြန်ဆွဲတယ်။ ဆွဲပြီးတော့ ကလေးတွေကို ပြန်သင်ပေးမယ်၊ မှန်းထားတာကတော့ ဘာသာကြီးလေးရပ်ပေါ့။ အဂ်လိပ်ရယ်၊သချ်ာရယ် လူမှုစိတ်ပညာရယ်၊ အခြားအစီစဥ်တွေရယ်ပေါ့။ ကလေးတွေကို ဘာလို့အဲ့လိုသင်ပေးရလဲဆိုတော့ အချို့ကလေးတွေဆို အရမ်းစိတ်ဓါတ်ကျပြီး တက်ကြွမှုဆိုတာပျောက်သွားတယ်။ သူတို့ဘယ်အချိန်အိမ်ပြန်ရမတုန်း၊ ဘာကြောင့်ဒါဖြစ်တုန်း ၊ စိတ်ခံစားချက်က အရွယ်နဲ့မမျှအောင် ခံစားနေရတဲ့အတွက် စာသင်ကျောင်းလေးဖွင့်ပေးဖြစ်တာပါဗျ။

မေး။ ။  ကူညီတဲ့အချိန်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။  အဲ့လိုတော့မရှိသေးဘူး။ အခုနောက်ပိုင်း ကျနော်တို့ ချိတ်ဆက်ဖို့ကြိုးစားနေတယ်။ ဒီမှာကျနော်တို့လုပ်ထားတဲ့  activitiesတွေ ကျနော်တို့ချပြမယ်၊ ကျနော်တို့ဆက်သွယ်ဖို့ ကြိုးစားထားတယ်။ ဘာလို့ဆိုတော့ သူတို့လည်း ပြည်သူ့အစိုးရဆိုတော့ အလွှာအသီးသီးမှာ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတော့ အတင်းအကျပ်ကြီးတော့ မပူဆာသေးဘူးပေါ့နော်။ ကျနော်တို့ရဲ့အလှူရှင်တွေ ကျနော်တို့သိတဲ့ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေကိုအကူညီတောင်းတယ်။ ငါတို့ဆီက ကလေးတွေကိုကူညီပေးပါဦး၊ နောက်ပိုင်းတော့ တစ်ခုနှစ်ခုဖွင့်ပြီးရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်ဖို့ရှိတယ်။ ကျနော်ဘတ်ဂျတ်လိုင်းကို ခွဲလိုက်ချင်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဆီက ရမယ့်ဟာနဲ့ တစ်လကို တစ်ကျောင်းဖွင့်နိုင်ရန် မျှော်လင့်ထားပါတယ်။ အဲ့ဒါကြောင့် ချိတ်ဆက်ဖို့ကြိုးစားနေတာပါ။ စစ်ဘေးရှောင်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကူညီမှုကတော့ ကျနော်တို့မကြားမိသလောက်ရှိပါတယ်။ တချို့ဟာတွေကတော့ ကူညီရင်ကူညီမှာပေါ့နော်။ ဒါပေမယ့် ကျနော်မသိတာတွေ၊ မကြားတာတွေရှိနိုင်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရအကူအညီတွေ စစ်ဘေးရှောင်တွေအတွက်ရောက်တယ်လို့ ကျနော်မကြားမိပါဘူး။ သူတို့လည်းကြိုးစားနေပါတယ်။ ဒီဘက်မှာရှိတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့ကြိုးစားနေတယ်။ ပြီးတော့ ဒီကကာကွယ်ရေးအဖွဲ့တွေက ကာကွယ်ရေးတင်မဟုတ်ပါဘူး ဒီမှာရှိတဲ့စစ်ဘေးရှောင်တွေကို သူတို့ရတဲ့ရိက္ခာတွေ မျှဝေပေးတာရှိတယ်။ အမြဲတမ်းကာကွယ်ပေးတယ်။ဆန်တွေ၊ ရိက္ခာတွေပို့ပေးတယ်။

မေး။ ။  နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ။ ။  ကျနော် အလှူရှင်တွေကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ဆီမှာလူဦးရေသန်းပေါင်း ၅၀နဲ့၆၀ကြားမှာရှိတယ်။ တလကို တယောက်တထောင်ပဲလှူပေးကြပါ။၂၀က ဟိုဘက်ကိုပါလည်းရပါတယ်။ သန်း၄၀အင်အားရှိတယ်။ ဒီမှာရှိတဲ့ရဲဘော်တွေဆိုတာလည်း ရှေ့တန်းမှာ အသက်မငဲ့ဘဲ လုပ်နေကြရတာပါ။ တစ်လကို တစ်ထောင်နှုန်းပဲ ကူကြဦး။ ရှိသမျှအဖွဲ့တွေနဲ့လိုအပ်တဲ့ပန်းတိုင်ကို သွားလို့ရပါတယ်။ ပြီးတော့ အာသာဖြေတော်လှန်ရေးနဲ့ ကောက်ရိုးမီးစိတ်ကတော့ တော်လှန်ရေးအော်မှာမဟုတ်ဘူး။ ဒီတိုက်ပွဲက အားလုံးပါဝင်မှ အရေးတော်ပုံအောင်မှာပါ။

#MPA #ကရင်နီ #အင်တာဗျူး #IDP #FreelanceVolunteerMyanmar

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: