By MPA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို အောက်တိုဘာလ၁၁ရက်နေ့ရုံးချိန်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေပုဒ်မ၂၅ဖြင့် စွဲချက်တင်အမိန့်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ ရွှေကြာပင်ရပ်ကွက်တွင် ပြီးခဲ့သည့်၂၀၁၉ခုနှစ်၊ စက်တင်ဘာလက ပါတီစည်းရုံးရေးကားများကို လက်ပြခဲ့သည့်အပေါ်တွင် အကြမ်းဖက်စစ်တပ်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေပုဒ်မ၂၅ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကာ ယနေ့တွင် ဇမ္မူသီရိမြို့နယ် အထူးတရားရုံးက စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေအဖွဲ့ထံမှသိရသည်။
“ဒီနေ့မှာသဘာဝဘေးအန္တရာယ်ပုဒ်မ၂၅နဲ့ သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်အမိန့်ချခဲ့ပါတယ် ” ဟု တရားလွှတ်တော်ရှေ့နေဦးကြည်ဝင်းက ပြောသည်။
ယနေ့ရုံးချိန်းတွင် အဆိုပါအမှုအတွက် အပြစ်ရှိပါသလားဟု မေးမြန်းခဲ့ရာ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတဦးဝင်းမြင့်က ဆိုခဲ့သည်။ စွဲချက်တင်ခံရခြင်းနှင့် ပတ်သက်ပြီး လာမည့်အောက်တိုဘာလ၁၈ရက်နေ့တွင် ပြန်ခေါ်သက်သေစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သမ္မတဦးဝင်းမြင့်ကလည်း recallပြန်ခေါ်ထားတယ်။ အတိုင်ပင်ခံကလည်းပြန်ခေါ်ထားတယ်။ ပြန်ခေါ်သက်သေပေါ့။ အဲ့ဒါတွေကိုလာမယ့်၁၈ရက်နေ့မှာ ပြန်စစ်သွားမှာပေါ့” ဟု ဦးကြည်ဝင်းကဆိုပါသည်။
အကြမ်းဖက်စစ်တပ်၏ တရားစွဲဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း၁၁မှုဖြင့် တစ်ပတ်လျှင်လေးရက် တရားရင်ဆိုင်ရလျက်ရှိနေပြီး ကျန်းမာရေးအခြေအနေများကြောင့် နှစ်ပတ်တစ်ကြိမ် ရုံးချိန်းပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း တရားရုံးက ငြင်းဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင်် နိုင်ငံ့ခေါင်းဆောင်များသည် ဖေဖော်ဝါရီလတစ်ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး အမှုပေါင်းများစွာဖြင့် တရားရင်ဆိုင်ရလျက်ရှိနေသည်။
#အတိုင်ပင်ခံနှင့်သမ္မတ#သဘာဝဘေးအန္တရာကာကွယ်ရေးဥပဒေ#စွဲချက်တင်