Site icon Myanmar Pressphoto Agency

ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ရန် အကြမ်းဖက်စစ်တပ်မှအရာရှိနှစ်ဦးကခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သမ္မတဦးဝင်းမြင့်ထွက်ဆို

Advertisements
By MPA
 
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ၁ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ချုပ်ကြီး(သို့)ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူ အရာရှိနှစ်ဦးက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်ရန် ပြောကြားခဲ့ပြီး နှုတ်မထွက်ပါက ပုဂ္ဂိုလ်ရေးထိခိုက်မည်ဟု ပြောကြားခဲ့ကြောင်း သမ္မတဦးဝင်းမြင့်က ထွက်ဆိုခဲ့သည်ဟု သိရသည်။
 
နေပြည်တော်ဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် စွဲချက်တင်ထားသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ၅၀၅(ခ)အမှုတွက် မိမိကိုယ်ကိုသက်သေအရာထား၍ ထုချေစဥ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေအဖွဲ့က ဆိုသည်။
 
“၂လပိုင်းတစ်ရက်နေ့နံနက်ပိုင်းမှာ သူ့ကိုသမ္မတရုံးကိုခေါ်သွားပြီး တပ်မတော်အရာရှိနှစ်ယောက်က သူ့ကိုကျန်းမာရေးအကြောင်းပြပြီး သမ္မတကနေ နှုတ်ထွက်ပေးဖို့ပြောတယ်။သူကကျန်းမာရေးကောင်းတယ်။ နှုတ်ထွက်မပေးနိုင်ကြောင်းပြောတယ်။ ပြောတဲ့အခါကျတော့ ပုဂ္ဂိုလ်ရေးထိခိုက်နိုင်ကြောင်း ပြန်စဥ်းစားဖို့ပြောတယ်လို့ ထွက်ဆိုခဲ့တယ် ” ဟု ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးကဆိုသည်။
 
တပ်မတော်အရာရှိနှစ်ဦး၏ ထိုသို့ခြိမ်းခြောက်ပြောဆိုမှုအပေါ်တွင် သမ္မတဦးဝင်းမြင့်က ကျန်းမာရေးကောင်းမွန်တဲ့အတွက် နှုတ်ထွက်မပေးနိုင်ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မည်ဆိုပါကလည်း မတတ်နိုင်ကြောင်း၊ အသေပဲခံလိုက်မယ် ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်းလည်း ထွက်ဆိုခဲ့သည်။
 
ယနေ့ရုံးချိန်းတွင် အစိုးရရှေ့နေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းထားများအပေါ်တွင် သိရှိပါသလားဟု မေးမြန်းခဲ့ရာ ဦးဝင်းမြင့်က ၎င်းအနေဖြင့် ဖမ်းဆီးခြင်းခံထားရသည့်အတွက် သိရှိခြင်းမရှိကြောင်း ပြန်လည်ထွက်ဆိုခဲ့သည်။
 
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သောစာနှစ်စောင်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော စာနှစ်စောင်နှင့်ပတ်သက်၍ ၎င်းနှင့်မသက်ဆိုင်ကြောင်း ဦးဝင်းမြင့်က ငြင်းဆိုထားသည်။
 
လက်ရှိအချိန်တွင် အဆိုပါအမှုအတွက် နိုင်ငံတော်သမ္မတအနေဖြင့် ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ခြင်းဖြစ်ပြီး လာမည့်အောက်တိုဘာ၂၆ရက်နှင့် နိုဝင်ဘာ၂ရက်နေ့တို့တွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့က သက်သေထွက်ဆိုသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
#နိုင်ငံတော်သမ္မတ #သက်သေထွက်ဆို #MPA
Exit mobile version