Site icon Myanmar Pressphoto Agency

စစ်ကောင်စီကိုသွေးတိုးစမ်းနေတဲ့ မောင်တောဒေသက အမည်မသိလက်နက်ကိုင်တွေ

Advertisements

By Kaung Mrat Naing /  MPA

မောင်တောနယ်စပ်

ဒီမိုကရေစီအစိုးရအား အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရခိုင်တွင် လက်နက်ကိုင်ပဋိပက္ခများ တခဏတာချုပ်ငြိမ်းနေခဲ့သော်လည်း မောင်တောဒေသတွင်မူ  အမည်မသိလက်နက်ကိုင်များ သောင်းကျန်းလာနေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအတိုင်း နိုင်ငံတော်အာဏာကို ယာယီထိန်းသိမ်းထားသည် ဟု ဆိုသည်။သို့သော်  အာဏာသိမ်းပြီးနောက်ပိုင်း မောင်တောဒေသတွင်  လက်နက်ကိုင်သောင်းကျန်းလာနေသော အမည်မသိအဖွဲ့များကိုမူ ဖမ်းဆီးထိန်းသိမ်း အရေးယူနိုင်သည်ကို မတွေ့ရသေးဘူး ဟု ဒေသခံများက ပြောသည်။

ခု ရခိုင်တိုင်းရင်းသားတွေပဲရှိတယ်။ ခုတောထဲမှာဆိုရင်လည်း ကျွန်တော်တို့ ရက္ခိုင့်တပ်တော်တို့၊ စစ်ကြောင်းတို့ အမြဲတမ်းလှုပ်ရှားနေတဲ့ နေရာတွေဖြစ်ပါတယ်။ ပြီးတော့ မယူတောင်ပတ်ဝန်းကျင်ရွာတွေကလည်း ရခိုင်ရွာတွေ ဖြစ်နေတယ်‘ ‘ ဟု မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးအခြေအနေသည် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ()ရက်တွင် ဖြစ်ပွားခဲ့သော မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့အား လက်နက်ကိုင်တိုက်ခိုက်ခံရမှုများအပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည့်နောက်တွင် သိသာစွာယိုယွင်းလာခဲ့ပါသည်ဟု  ရခိုင်ကော်မရှင်က ရေးသားထားသည်။ 

ရခိုင်ပြည်နယ်၊ မောင်တောဒေအတွင်း၂၀၁၇ ခုနှစ်၊ ပဋိပက္ခများမဖြစ်မီအချိန်ထိ မေယုတောင်အနီးပတ်ဝန်းကျင်တွင်  မွတ်ဆလင်ကျေးရွာများရှိခဲ့သော်လည်း ပဋိပက္ခအတွင်း ကျေးရွာအားလုံးနီးပါး ဖျက်ဆီးခံလိုက်ရသည်။

ရခိုင်သည် လုံခြုံရေးဆိုင်ရာအကျပ်အတည်း(Security Crisis)ကို ရင်ဆိုင်နေရခြင်းကြောင့်  လုံခြုံရေးကဏ္ဍအတွက် ရခိုင်ကော်မရှင်က အချက် ၇ ချက်ကိုအကြုံပြုထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများကို ပြန်လည်လက်ခံရေးကိစ္စအား ဆောင်ရွက်မည်ဟု ပြောဆိုထားသော်လည်း  ယခုချိန်ထိ လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိသေးဘူး ဟု မောင်တောဒေသခံများက ဆိုသည်။

တစ်နိုင်ငံလုံး၌  စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ရေးကို ကြုံတွေ့ရင်ဆိုင်နေရသည့် စစ်ကောင်စီသည်  ရခိုင်ဒေသက တပ်ဖွဲ့ဝင်အချို့ကို ထုတ်နှုတ်ပြီး ပြည်မများတွင် အင်အားဖြည့်ဆည်းနေသည်ကို တွေ့ရသည်။ အဆိုပါ အခြေအနေများကို ကြုံတွေ့နေရသည့် စစ်ကောင်စီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ‘’ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြည်သူများအပေါ် သဘောထား  ဟူသည့် ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ချက်သည်လည်း စစ်ကောင်စီအတွက် ပင့်လက်သီးတစ်ချက်လို ဖြစ်နေသည်။

၄င်းထုတ်ပြန်ချက်နောက်ပိုင်း အချိန်အတော်ကြာ ပျောက်နေခဲ့သည့်  RSO သည်  ရုပ်သံထုတ်လွှင့်မှုများနှင့်အတူ ပြန်လည်ပေါ်လာသည်ကို သတိထားမိသည်။

၂၀၁၆ မောင်တော၊ ကျီးကန်းပြင်ဌာနချုပ် တိုက်ခိုက်မခံရမီကတည်းက ပျောက်သွားသည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization -RSO)သည်  NUG ၏ သဘောထားထုတ်ပြန်ချက် ထွက်ပြီးနောက် ဇွန် လ ၁၂ ရက်နေ့တွင် ရုပ်သံဖိုင်တစ်ခုအား ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အဆိုပါ RSOမှ ဗိုလ်မှူးကျော်မြင့်ထွန်းအမည်ခံ ကိုကိုလွင်ကအခုအချိန်မှာ ဗမာတစ်ပြည်လုံး တောတောင်၊ ကျေးလက်ဒေသကနေ မြို့ ကြီးပြကြီးတွေအထိ လူထုလူတန်းစား အလွှာပေါင်းစုံက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်မုဒိမ်းတပ်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့အချိန် နောက်ထပ်စစ်မျက်နှာတစ်ရပ်ဖွင့်မယ်ဆိုရင် ဘယ်အထိဖြစ်လာနိုင်သလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်ဟု  ပြောဆိုထားသည်ကို တွေ့ရသည်။

ဤကဲ့သို့ အာဏာသိမ်းစစ်တပ်ကို မုန်းတီးနေကြသော  မြန်မာပြည်သူအများစုကို မက်လုံးပေးစည်းရုံးပြောကြားထားသည်မှာ ဒီမိုကရေစီလိုလားသူများအခက်အခဲကို အကြမ်းဖက်သမားများက အခွင့်အရေးတစ်ခုအဖြစ် အသုံးချလိုက်ခြင်းသာဖြစ်သည်။

စင်စစ် မြေပြင်တွင်မူ  အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်သည်ကို မတွေ့ရှိရဘဲ ဒေသခံမွတ်ဆလင်များကိုသာ ဖမ်းဆီးသတ်ဖြတ် ဓားပြတိုက်လာကြသည်ကို တွေ့မြင်ကြားသိနေရသည်။

RSO ဘာလဲ၊ဘယ်လဲ

ရခိုင်ပြည်နယ်တွင်  အထူးသဖြင့် ကုလားတန်မြစ်အနောက်ဖက်၌ RSO အကြမ်းဖက်အဖွဲ့ မပေါ်ပေါက်ခင်ကမူဂျာဟစ်ဒင်အမည်နှင့် မူဆလင်လက်နက်ကိုင် သောင်းကျန်းသူများ  ရှိခဲ့ဖူးသည်။

မူဂျာဟစ်ဒင်ဆိုသည်မှာ Arabic အာရဗီ( Arabic)အသုံးအနှုန်းဖြစ်ပြီးမိမိ၏ တိုင်းပြည်နှင့် အစ္စလာမ်သာသနာအတွက် တိုက်ခိုက်သူဟု အဓိပ္ပာယ်ရသည်။ ထိုသူများသည် ဘူးသီးတောင်၊ မောင်တော၌ ၁၉၄၈ ခုနှစ်မှစတင်ကာ အဓိကလှုပ်ရှားခဲ့ကြကာ ၁၉၆၁ ခုနှစ်တွင်  မူဂျာဟစ်လက်နက်ကိုင်အမည်နှင့် အုံကြွမှုသည်   အဆုံးသတ်ပျောက်ကွယ်ခဲ့ရသည်။

သို့သော် ၁၉၈၀ နှစ် အစောပိုင်းတွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patriotic Front- RPF)အမည်နှင့် ပြန်လည်လှုပ်ရှားလာခဲ့ကြပြီး မိုဟာမက်ယူနွတ်ဆိုသူ ဦးဆောင်ကာ RSO အမည်ကို အသုံးပြုလှုပ်ရှားလာခဲ့ကြခြင်းဖြစ်သည်။

RSOသည် ဘာသာရေးအပေါ် အခြေပြုလှုပ်ရှားခြင်းကြောင့်  ကမ္ဘာ့မွတ်ဆလင်အဖွဲ့အစည်းများဆီမှ အထောက်အပံ့များ ရရှိလာခဲ့သည်။

RSO နှင့် ARIF တို့ပူးပေါင်းပြီး ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသားကောင်စီ (Rohingya National Council -RNC) ကို ဖွဲ့စည်းခဲ့ကြပြီး ၄င်းတို့၏ လက်နက်ကိုင်အဖွဲ့အဖြစ် ရိုဟင်ဂျာအမျိုးသားတပ်မတော် (Rohingya National Army -RNA) ကို ဖွဲ့စည်းခဲ့ကြသည်။

မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာ၌ အစည်းအဝေးတစ်ခုလုပ်ပြီး ကုလားတန်မြစ်အနောက်ဖက်ကမ်းအား သီးခြားနယ်မြေအဖြစ် တောင်းဆိုချက်အပါအဝင် အချက်အချို့ကို တောင်းဆိုခဲ့ကြသည့် အလယ်သံကျော်ညီလာခံစာတမ်းသည်လည်း နာမည်ကြီးခဲ့ဖူးသည်။

RSO စစ်စခန်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox’s Bazaar ခရိုင်တွင် တည်ရှိခဲ့သကဲ့သို့  ဇွန်လ ၁၂ ရက်နေ့က RSO ဗီဒီယိုဖိုင်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသက လွှင့်တင်ခဲ့ခြင်းဖြစ်သလို ဗိုလ်မှူးကျော်မြင့်ထွန်းအမည်ခံထားသည့်  ကိုကိုလွင်သည်လည်း အဆိုပါနေရာတွင် နေထိုင်နေခြင်းဖြစ်သည် ဟု  MPA က  စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထဲတွင်၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မကြာမီကာလမှာပင် ရခိုင်ပြည်နယ်အတွင်း၌ မူဂျာဟစ်ဒင်(Mujahidin) ဟု ခေါ်သော မွတ်ဆလင်သူပုန်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာကာ မွတ်လဆင်များ သာတူညီမျှသည့် အခွင့်အရေးများရရှိရေးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟု  ဆိုထားသည်။ 

မွေးစားအသုံးချခံများ

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မောင်တောဒေသတွင်  အမည်မသိလက်နက်ကိုင်အဖွဲ့ဟူသည့် အုပ်စုများ သောင်းကျန်းလာနေသည်ကို တွေ့ရသည်။ ၂၀၁၇ ခုနှစ်၊ မောင်တောဒေသ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုမှ  ယခုချိန်ထိ မောင်တောဒေသတွင် စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နှင့်ချီပြီး တိုးချဲ့ချထားဆဲဖြစ်သည်။ 

မောင်တောမြောက်ပိုင်း၊ ကျီးကန်ပြင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်၊ ကြိမ်ချောင်းတွင်  အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဗျူဟာ၊ ဒေါင်းမာန်ဟုန်စစ်ဆင်ရေး၊ မောင်တောတောင်ပိုင်းတွင် မောရဝတီဗျူဟာ၊ အင်းဒင်တပ်ရင်းအပြင် အသစ်တည်ဆောက်နေသည့်  မြင်းလွှတ်တပ်ရင်း ၊ မြို့သူကြီးတပ်ရင်းအပါအဝင် နယ်ခြားစောင့်တပ်ရင်း ၈ ခုနှင့် ဗျူဟာ ၃ ခုထက်မနည်း လုံခြုံရေးယူထားသည်ကို တွေ့ရသည်။ 

သို့သော် ၄င်းကဲ့သို့  စခန်း၊ တပ်ရင်း၊ ဗျူဟာ၊ ဌာနချုပ်များအပါအဝင် မြို့ပေါ်ရဲများမှအစ အင်အားထောင် သောင်းနီးပါးရှိနေသော်လည်း မောင်တောနယ်စပ်တွင်အမည်မသိလက်နက်ကိုင်အဖွဲ့က တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကို သွေးတိုးစမ်း သောင်းကျန်းလာနေသည်။ ပြီးခဲ့သည့်လမှစပြီး မောင်တောတွင်နေသည့် မွတ်ဆလင်များ၏ နေအိမ်များသို့ ဝင်ရောက်ပြီး လူများကိုသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ရွှေငွေများကို အတင်းအဓမ္မ လုယူခြင်းများ ပြုလုပ်နေကြသည်။ 

မောင်တောမြို့နယ်၊ ပန်းတောပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး၏ နေအိမ်ကို အမည်မသိလက်နက်ကိုင်တစ်စုက စက်တင်ဘာလ ၁၂ ရက်နေ့ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။အဆိုပါဖြစ်စဥ်တွင် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည် ။ ယင်းနေ့က အသတ်ခံရသူနေအိမ်အနီး၊ ပန်းတောပြင်ကျေးရွာထဲရှိ စာသင်ကျောင်းတွင်  စစ်ကောင်စီတပ်သားအချို့ တပ်စွဲလျက်ရှိနေပြီး ပန်းတောပြင်တံတားဂိတ်တွင်လည်း နယ်ခြားစောင့်ရဲကင်းစခန်း ရှိနေသည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီအား သွေးတိုးစမ်းနေသည့်  အမည်မသိ လက်နက်ကိုင်အုပ်စုကိုမူ  မဖမ်းမိနိုင်ခဲ့ဘူး ဟု  ဒေသခံကများက ဆိုသည်။ 

ထိုကဲ့သို့ မဖမ်းဆီးနိုင်သည့်  နောက်ဆက်တွဲပြဿနာက ထိုသူများ နောက်ထပ်ပြစ်မှုကျူးလွန်ရန် အခွင့်အလမ်းပေးနေသလို ဖြစ်နေသည်။ နောက်ဆက်တွဲအဖြစ် ကျီးကန်းပြင် နယ် ခြားစောင့်ဌာနချုပ်နှင့် ဆယ်မိုင်ခန့်သာဝေးသည့် ငန်းချောင်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ်၊ မွတ်ဆလင်အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၁ ရက်နေ့တွင်  အမည်မသိလက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲသွားသည်။

အဒူလာကိန်းဘယ်သူလဲ

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ မြင်းလွှတ်၊ အသံကျော်ဘက်များတွင် ၂၀၁၇ ပဋိပက္ခဖြစ်စဥ် ဖြစ်ပြီးချိန်ထိ အဒူလာကိန်းဓားပြအဖွဲ့ဟု  ဒေသခံများပြောကြသည့် သောင်းကျန်းသူအချို့ရှိခဲ့သည်။ သို့ရာတွင်  ၂၀၁၇၊ ဖြစ်စဉ်နောက်ပိုင်းတွင်  အဒူလာကိန်းအဖွဲ့၏ လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ပျောက်ကွယ်နေရာမှ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)  ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်နောက်ပိုင်း RSOနှင့်အတူ အဒူလာကိန်းအဖွဲ့လည်း ပြန်လည်ပေါ်ပေါက်လာသည်ကို သတိထားမိသည်။ 

ကျွန်တော်ထင်တာက သူ(အဒူလာကိန်း)နာမေခံပြီးတော့ တခြားအုပ်စုတစ်စုကနေ လုပ်နေသလားလို့ဟု မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက သူ့အမြင်ကို ပြောပြသည်။

မောင်တောဒေသရှိ မွတ်ဆလင်များအချင်းချင်း ပြဿနာဖြစ်ပါက မကျေနပ်လျှင် အဒူလာကိန်းဓားပြအဖွဲ့အား  တိုင်တန်းကြသည်ဟု ဒေသခံမွတ်ဆလင်အချို့က ဆိုသည်။ အဆိုပါ တိုင်တန်းခံရသူများကို  အဒူလာကိန်းအဖွဲ့မှ  ပြန်ပြေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းပြုလုများ ပြုလုပ်နေသည်ဟု ဆိုကြသည်။

အာဏာသိမ်းစစ်ကောင်စီဖက်ကမူ  ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးခေါ်ယူစစ်ဆေးမှုများ ရှိသော်လည်း ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်၊ ပြန်ပေးဆွဲနေသူများကိုမူ ဖမ်းဆီးအရေးယူသည်ကို  မတွေ့ရသေးခြင်းသည်  မေးခွန်းထုတ်စရာဖြစ်နေသည်။

မောင်တောနယ်စပ်က လက်နက်ကိုင်တွေ

အကြမ်းဖက်မှုများ၊ ပဋိပက္ခများ အကြိမ်ကြိမ်ဖြစ်ခဲ့သည့် မောင်တောနယ်စပ်တွင်   နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ စစ်ဖက်ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေး(စစစ)၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများ  ရှိနေသည်။

ထို့အပြင် အာဏာလွှမ်းမိုးတည်ဆောက်နေသည့် ရက္ခိုင့်တပ်တော်(AA) RSOနှင့်  ARSA အဖွဲ့များလည်း ရှိနေသေးသည်။ အဆိုပါ အဖွဲ့များအားလုံးသည် မောင်တောဒေသတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကို သွေးတိုးစမ်းနေသည့်  အမည်မသိလက်နက်ကိုင်အဖွဲ့အား  စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်သည်ကို မတွေ့ရသေးခြင်းသည်ပဟေဠိတစ်ပုဒ်လို  ဖြစ်နေသည်။

ရက္ခိုင့်တပ်တော်(အေအေ)ဖက်ကမူ ဒေသခံမွတ်ဆလင်တွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့အမည်မသိလက်နက် ကိုင်အဖွဲ့ကို စုံစမ်းဖော်ထုတ်နေတယ်လို့ MPA သို့ အတည်ပြု ပြောသည်။ ရက္ခိုင့်တပ်တော်(အေအေ)က  ရခိုင်ဒေသ၏  တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးများတွင်  ဒေသခံမွတ်ဆလင်များကိုလည်း ပါဝင်ခွင့်ပေးမည် ဟု တရားဝင်ပြောဆိုထားသည်။ 

ငါတို့လူမျိုး၊ ဘာသာ၊ လွတ်လပ်ရေးရလာသည်ထိ၊ ရခိုင်မြေမှာ ငါတို့လူမျိုး လွတ်လပ်ရေးရလာသည်ထိ ငါတို့ အမြဲတမ်း တိုက်ခိုက်နေမှာဖြစ်တယ်။ ရာသက်ပန် တိုက်ခိုက်နေမှာပါ။ ငါတို့ ဘယ်တော့မှနောက်မဆုတ်ဘူး။ အချိန်အခါသင့်ရင် ချောင်းမြောင်းတိုက်ခိုက်သွားမှာဖြစ်တယ်။ အခွင့်အရေးမရသေးသရွေ့ လှုပ်ရှားနေမှာပဲဟု အာဆာခေါင်ဆောင် အာတာဒူလာက စက်တင်ဘာ ၉ ရက်နေ့တွင်  ရုပ်သံဗီဒီယိုဖိုင်၌  ပြောဆိုထားသည်။

ယခင်က  မောင်တောနယ်စပ်တွင်  ပြစ်မှုကျူးလွန်နေသည့် အမည်မသိလက်နက်ကိုင်အဖွဲ့များကိစ္စသည်  အစိုးရတွင်သာ တာဝန်ရှိသည်ဟု  ဒေသခံများက ဆိုကြသော်လည်း  ယခုချိန်တွင်မူ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တွင်လည်း တာဝန်ရှိနေပြီ ဟု  ဒေသခံများက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့်  ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICC)တွင် တရားစွဲဆိုရန် NUG ကသဘောတူထားပြီးဖြစ်ခြင်းကြောင့်  စစ်ကောင်စီအတွက် မောင်တောဒေသမှ  အမည်မသိလက်နက်ကိုင်အဖွဲ့  များ ကိစ္စသည်လည်း နောက်ထပ်စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။

ရခိုင်ဒေသနေ မွတ်ဆလင်များအပေါ် ၂၀၁၇၊ နယ်မြေရှင်းလင်းရေးခေါင်းစဥ်တပ်ကာ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှု စွပ်စွဲချက်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုထားခံရသည့် အကြမ်းဖက်စစ်ကောင်စီက  မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို သွေးတိုးစမ်းနေခြင်းပဲ ဖြစ်ပါတော့သည်။

#ရခိုင် #AA #RSO #ARSA #MPA

Exit mobile version