By Kaung Mrat Naing / MPA
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းတွင် နေအိမ်အချို့ပျက်စီးနေသောကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီများ လိုအပ်နေကြောင်းသိရသည်။
”ကျွန်တော်တို့ ဒီကိုရောက်နေတာက သုံးနှစ်ပြည့်တော့မှာပါ။ တချို့နေအိမ်တွေက တက်လို့မရအောင် ပျက်စီးနေပါပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေပါတယ် ” ဟု စစ်ဘေးရှောင်တစ်ဦးက MPA သို့ပြောသည်။
အဆိုပါ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းသည် ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသတွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့က စတင်ခဲ့သည့် အစောဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။
”ကျွန်မတို့ မိန်းခလေးတွေ ရေချိုးဖို့အတွက် နေရာသီးသန့်မရှိပါဘူး။ အဆင်ပြေသလိုပဲ ရေချိုးနေကြရတာပါ။ စိတ်ထဲမှာတော့ မလုံခြုံသလိုခံစားရပါတယ် ” ဟု စစ်ဘေးရှောင်မြိုအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုစခန်းသည် ကျောက်တော်မြို့နယ်၊ ခမောင်း၊ သိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခုပ်ကျေးရွာများအပါဝင် ကျေးရွာ ၉ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဆင်သီဖျား၊ အဝပြန်စသည့် ကျေးရွာများမှ မြို၊ ဒိုင်းနက်စသည့် လူနည်းစုတိုင်းရင်းသား၊ အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၇၂၈ ဦး စစ်ဘေးရှောင် နေထိုင်လျှက်ရှိကြသည်။
ထိုစစ်ဘေးရှောင်စခန်းမှာ အထက်မြတ်လေးကျေးရွာအနီးရှိ လယ်ယာမြေအား ငှားရမ်းဆောက်လုပ်နေကြခြင်းဖြစ်သဖြင့် မြေငှားခများ နှစ်စဥ်ပေးနေရသကဲ့သို့ လယ်ပိုင်ရှင်မှာ အိမ်ဆောက်လုပ်ရန်အတွက် စစ်ဘေးရှောင်နေအိမ်တချို့လည်း ဖြိုဖျက်ဆုတ်ပေးလိုက်ရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၂၀၂၀ နိုဝင်ဘာလမှစ၍ တိုက်ပွဲများရပ်တန့်နေသဖြင့် မိမိတို့နေရပ်ကို ပြန်သွားကြသည့် စစ်ဘေးရှောင်တချို့ရှိနေပြီး အများစုမှာ စစ်ဘေးရှောင်စခန်းအသီးသီးတွင် ယာယီခိုလှုံနေထိုင်နေကြဆဲဖြစ်သည်။