fbpx

ထားဝယ်သပိတ်ခေါင်းဆောင်တစ်ဦး၏ ဇာတိရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေပြီး နေအိမ်ကို မီးရှို့ဖျက်ဆီး

By MPA

ထားဝယ်ခရိုင်လူထုလှုပ်ရှားမှုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေယံစိုး၏ရွာကို အကြမ်းဖက်စစ်တပ်က  နိုဝင်ဘာလ၁ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ပြီး  နေအိမ်ကိုမီးရှို့ခဲ့ကြောင်း သိရသည်။

သပိတ်ခေါင်းဆောင် ကိုဝေယံစိုး၏ ဇာတိရွာဖြစ်သည့် ထားဝယ်ခရိုင်လောင်းလုံမြို့ရှိ စပ်ပြဲ ရွာကို စစ်ကား၅စီး အင်အား၈၀ခန့်ဖြင့် ဝင်ရောက်ပြီး ည၁၂နာရီခန့်တွင် ကိုဝေယံစိုး၏နေအိမ်ကိုမီးရှို့ခဲ့ခြင်းဖြစ်သည်ကြောင်း ကိုဝေယံစိုးကဆိုသည်။

ကိုဝေယံစိုးကို ရှာဖွေရန်အတွက် ကျေးရွာစာသင်ကျောင်း၌ တပ်စွဲကာ ရွာသားများကိုဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း များပြုလုပ်ခဲ့သေးကြောင်းလည်း သိရသည်။

” ကျနော့်ရဲ့ဇာတိရွာမှာ ပတ်ပြီးမွှေပြီးတော့ လူတွေကိုဖမ်းပြီး ကျေးရွာရဲ့ စာသင်ကျောင်းမှာတပ်စွဲထားတယ်။ လူတွေကိုဖမ်းထားတယ်။ ည၁၂နာရီကျော်ကျော်လောက်မှာ ကျနော့်အိမ်ကိုလာပြီး တော့မီးရှို့သွားတယ်။” ဟုကိုဝေယံစိုးကMPAသို့‌ပြောသည်။

\ကိုဝေယံစိုး နေအိမ်နှင့် ကပ်ရပ်ရှိ ၎င်း၏ အဒေါ်ဖြစ်သူ နေအိမ်ကိုလည်း  ည၉နာရီခန့်က ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများကိုဖျက်ဆီးကာ အိမ်ရှိဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားခဲ့ကြကြောင်းလည်း သိရသည်။

“နှစ်အိမ်လုံးမှာလူတွေတော့မရှိကြဘူး။ ရှိမယ်ဆိုရင် ဖမ်းကြလိမ့်မယ်။ အဓိကကတော့ကျနော့်ကို လာဖမ်းတာလို့ယူဆပါတယ်” ဟု၎င်းကဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကိုဆန့်ကျင်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပတ်သက် ဆက်စပ်နေသူများ၏ နေအိမ်များကိုရှာဖွေရာတွင် နေအိမ်ရှိပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်တွင် ရှိနေသည့် တွေ့ရာလူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူထားသည်မှာ နိုဝင်ဘာလ ၁ရက်နေ့ အထိ ၉ လရှိပြီ ဖြစ်ပြီး ယင်းကာလအတွင်း   အကြမ်းဖက်စစ်တပ်မှ ပြည်သူပေါင်း ၉၅၀၀ကျော်ကိုဖမ်းဆီးထားပြီး လူပေါင်း ၁၂၀၀ကျော်ကိုသတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရွောက်ရေးအသင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

#သပိတ်ခေါင်းဆောင်အိမ် #မီးရှို့ခံရ #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: