by MPA
စစ်ကိုင်းတိုင်း ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တပ်ရင်း ၃ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးဆေးတပ်သား၈ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း၃ကို ဝင်စီးခံရပြီး ဆေးတပ်ဖွဲ့ကနေ အမျိုးသမီး၈ဦး ဖမ်းဆီးခြင်းခံရတယ်။ လက်နက်တွေပါသွားတယ်လို့ ကနဦး သိရှိရပါတယ်။ ပြီးတော့ အခြား တပ်ခွဲတစ်ခု စီးခံရတယ်။ ကျန်တာတော့မသိရသေးပါဘူး” ကလေးPDF အဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ကလေးပြည်သူ့ကာကွယ်ရေး အဖွဲ့အနေဖြင့် တပ်ရင်း၃စီးနင်းခံရခြင်းကိုသာ အတည်ပြု ထုတ်ပြန်ထားပြီး အခြားတပ်ခွဲတစ်ခု စီးနင်းခြင်းခံရခြင်းနှင့် ပတ်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့နံနက်ပိုင်းမှစတင်၍ အကြမ်းဖက်စစ်တပ်က ကလေးမြို့နယ် အနောက်တောင် ဇီးချောင်းတဝိုက်မှ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာနေပြီး တိုက်ပွဲပြင်းထန်လျက် ရှိနေကြောင်း PDFကလေးမှ သတင်းထုတ်ပြန်ထားသည်။