fbpx

အကြမ်းဖက်စစ်တပ်က အမေရိကန်သတင်းထောက် Danny Fenster ကို ပြည်နှင်ဒဏ်ပေး

by MPA
ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသား သတင်းထောက်တစ်ဦးဖြစ်သူ Danny Fenster ကို ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထောင်မှ လွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း Frontier Myanmar နှင့် နီးစပ်သူများထံမှ သိရသည်။
အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့်Frontier Myanmar၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဖြစ်သူ Danny Fenster ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။
Danny Fenster ကို အင်းစိန်တရားရုံးမှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့က ထောင်ဒဏ် ၁၁နှစ်နှင့် ငွေဒဏ်၁သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က Danny Fenster ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က” သံတမန်အချို့ကတော့ကျနော့ကို ဂုဏ်ယူပါတယ်ဆိုတဲ့စာတွေ ပို့တာတော့ ရှိပါတယ်” ဟု ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သူ မစ္စတာဘေလ် ရစ်ချတ်ဆန်ရောက်လာပြီး နှစ်ပတ်အကြာတွင် Danny Fenster ကို ပြန်လွှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဘေလ်ရစ်ချက်ဆန်သည် နိုဝင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များပေးရန် ဟုဆိုကာ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုပြုခဲ့သေးသည်။
Danny Fenster ကို ပြီးခဲ့သည့် မေလ၂၄ရက်နေ့က ၎င်း၏မိသားစုရှိရာ အမေရိကန်နိုင်ငံသို့ အပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
#Danny Fenster#ပြန်လွှတ်#ပြည်နှင်ဒဏ်ပေး #MPA
Photo- ရစ်ချတ်ဆန်စင်တာ။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: