fbpx

၂၀၀၈ အခြေခံဥပဒေအောက် ပြန်မသွားဟု NUCCမှ ဦးမင်းကိုနိုင်ပြော

By MPA
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏ ဒီကနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် ၂၀၀၈ အခြေခံဥပဒေအောက်သို့ ပြန်လည်ဝင်ရောက်ရန်မရှိကြောင်း ပြောကြားခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့် အားကောင်းလာသည့်ကာလတွင် အကြမ်းဖက်စစ်တပ်က စေ့စပ်ညှိနှိုင်းရန်ပြောကြားလာပါက NUCCအနေဖြင့်မည်သို့သဘောထားမည်နည်းဟုသတင်းဌာနမှမေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဖြေရှင်းမှုဆိုတာ ပုံစံမျိုးစုံရှိတယ်။ စကားပြောပြီး ဖြေရှင်းတာရှိတယ်။ တကယ်ကို ရွပ်ရွပ်ချွံချွံပြန်ပြီးတော့ ခုခံပြီးဖြေရှင်းကြရတာ ရှိတယ်။ ဒီဟာတွေဟာ မေးစရာရှိတယ်။ ကျနော်တို့က ၂၀၀၈ဆိုတဲ့ ဖွဲ့စည်းပုံအောက်ကို ပြန်သွားမှာ မဟုတ်ဘူးနော်။ ဒါကတော့ သေချာတယ်”ဟုဦးမင်းကိုနိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးမင်းကိုနိုင်၏ ပြောကြားချက်ထဲတွင် လက်ရှိအချိန်ထိ စစ်တပ်ဘက်မှ စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကို ဦးတည်နေသည့် အပြုအမူ အပြောအဆိုများ ရှိနေခြင်းမရှိကြောင်း ပြောကြားသည်။
“ကျနော်တို့ NUCCအပါအဝင် အခြားသောတော်လှန်ရေးအင်အားစုတွေမှာ ကိုယ်ပိုင်လမ်းပြမြေပုံတွေရှိတယ်။ ဒါဟာလက်တွေ့လည်းကျတယ်။ တစ်ဖက်ကလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကြရမယ်။ PDFအပါအဝင်တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တွေ သူတို့ကကာကွယ်ကြရမှာဗျ။ကျနော်တို့မှ ပဋိညာဉ်တွေရေးပြီးသွားပြီ မူကြမ်းရပြီပြီ။သူ့လမ်းစဉ်နဲ့ သွားနေကြတယ်။ အခြေခံအချက်အလက်တွေ များစွာပေါ်မှာမူတည်ပြီး ဒီစေ့စပ်ဆွေးနွေးရေးတို့ တော်လှန်ရေးကို ဘယ်လိုပြီးအောင်လုပ်မလဲတို့က အဲဒီအပေါ်မှာ များစွာမူတည်ပါတယ်ဗျ ”ဟု ဦးမင်းကိုနိုင်က ဆက်ပြောသည်။
NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို အစုအဖွဲ့ အဖွဲ့အစည်း (၂၈)ဖွဲ့နဲ့ စုစည်းထားခြင်းဖြစ်ပြီး ယင်းအစုအဖွဲ့များထဲတွင် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပါဝင်ကြောင်း သိရှိရသည်။
လာမည့် ဒီဇင်ဘာလတွင် NUCC သည်အစုအဖွဲ့များ၊ပြည်သူလူထုများ ပါဝင်သော ပြည်သူ့ညီလာခံကိုလည်း ပြုလုပ်သွားမည်ဟု လျာထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: