fbpx

မိုးဗြဲတွင် လူနေအိမ်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်

By MPA
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် မိုးဗြဲမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
မိုးဗြဲမြို့အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေး ကင်းစခန်းကို တိုက်ခိုက်ပြီးနောက် လူနေရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်တပ်က ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်အချို့ထိခိုက်ပြီး ဒေသခံများမှာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
“ဒီနေ့နံနက်၂နာရီကျော်လောက်မှာပစ်ခတ်တာပါ။ လူတွေထိတာတော့ရှိပါတယ်။ ဒါပေမယ့်အကုန်လုံးကမစိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်”ဟု မိုးဗြဲကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
နိုဝင်ဘာလ၁၇ရက်နေ့နံနက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ကအင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁နာရီခွဲကျော်ကြာခန့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ လက်နက်အင်အားမမျှတသဖြင့် မိုးဗြဲ PDF က ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲဘော်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ စိုးရိမ်ပြီး ၂ ဦး ရှပ်ထိခဲ့ကြောင်း သိရသည်။
တစ်နာရီခွဲကျော်ကြာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်အနေဖြင့်လည်း ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ခန့်မှန်းထားသည်။
နိုဝင်ဘာလ၁၆ရက်နေ့ကလည်း ကလေးမြို့ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီး၈ဦး၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: