fbpx

နိုင်ငံတကာ လူရာဝင်မှုအတွက် အာဏာသိမ်းစစ်ကောင်စီရဲ့ ဝှက်ဖဲ

By Kaung Mrat Naing / MPA ( သတင်းဆောင်းပါး )
၂၀၀၈ ဖွဲ့စည်းပုံကို လိုသလိုသုံးခြင်း
စစ်အာဏာရှင်များက ၁၇ နှစ်ကြာ စိတ်ကြိုက်အချိန်ယူရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြောင်ကျကျ ချိုးဖောက်ထားသည့်တိုင် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့သည် ဥပဒေနှင့်အညီပြုကျင့်ခဲ့ကြောင်း သက်သေထူရန် ကြိုးပမ်းနေဆဲဖြစ်သည်။
နိုင်ငံရေးအာဏာကို အလုံးစုံထိန်းချုပ်ရန်အတွက် ရွေးကောက်ခံအစိုးရကိုဖမ်းဆီးကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရဟုဆိုကာ အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ပုဒ်မ ၄၁၇ တွင် “နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊အကြမ်းဖက်မှုနှင့် အဓမ္မနည်းလမ်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန်လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည် ” ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် “ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်း ဖော်ပြရမည် ”ဟု လည်း ဖော်ပြပါရှိသည်။
ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အာဏာရယူခွင့်ကို ရွေးကောက်ခံသမ္မတက အရေးပေါ် အခြေအနေကြေညာပြီး ပေးအပ်ရမည်ဖြစ်သော်လည်း ထိုပြဋ္ဌာန်းချက်ကို ချိုးဖေါက်ပြီး စစ်အုပ်စုက ရွေးကောက်ခံ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးကာ စစ်အရာရှိဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ကိုယ်စားအရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ ရေးဆွဲခဲ့သည့် အခြေခံဥပဒေကို အပြည့်အဝ မလိုက်နာနိုင်ဘဲ ဥပဒေပါ အစိတ်အပိုင်းတစ်ရပ်ကိုသာ လိုသလိုဆွဲယူအသုံးချကာ စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်သည့်သဖွယ် ထုတ်ပြန်ကြေညာခဲ့သည့် သက်သေလည်း ဖြစ်သည်။
ထို့ပြင် စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသိမ်းမှုအတွက် အခြေခံဥပဒေပုဒ်မ ၄၀ (ဂ)ကို လည်း အသုံးချခဲ့သေးသည်။
ယင်းပုဒ်မ ၄၀ (ဂ) အရ နိုင်ငံ၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသည့် အဓမ္မနည်းဖြင့် ရယူရန် ကြိုးစားလာပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။
သို့သော်လည်း စစ်အုပ်စု၏ စွပ်စွဲချက်ဖြစ်သည့် ရွေးကောက်ပွဲမဲလိမ်လည်မှုသည် ပုဒ်မ ၄၀ (ဂ) နှင့် မည်သည့်အချက်တွင် ငြိစွန်းကြောင်း သက်သေပြချက် တစုံတရာ ရှိမနေပေ။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် အာဏာသိမ်းမှုကို နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်စေရေးအတွက် ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို အသုံးချရန် သိသာစွာကြိုးပမ်းခဲ့သော်လည်း လုံလောက်သည့် အောင်မြင်မှုတော့ မရှိခဲ့ပေ။
စစ်ကောင်စီ ကျရှုံးနေဆဲ နိုင်ငံတကာ လူရာဝင်ရေး
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်အုပ်စုသည် ၄င်းတို့ ၏ အတင်းအဓမ္မ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် နိုင်ငံတကာအသိ အမှတ်ပြုထောက်ခံမှုရရန် များစွာကြိုးစားအားထုတ်ခဲ့သည်ကို တွေ့ရသည်။
ကမ္ဘာ့ကုလသမ္မဂတွင် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်(သံအမတ်)နေရာကို ရယူရန်ကြိုးစားမှုမှာ ရှုံးနိမ့်ခဲ့သလို နိုင်ငံအချို့မှ ကိုယ်စားလှယ်များကိုလည်း လက်လွတ်ဆုံးရှုံးလိုက်ရသည်။
ဒေသတွင်း နိုင်ငံများအတွင်းရှိ နိုင်ငံရေးပြဿနာများနှင့် ကင်းကင်းရှင်းရှင်း ရှိလှသည့် အာဆီယံအစည်းအဝေးကိုပင် နိုင်ငံတော်အကြီးအကဲတစ်ဦးအဖြစ် တက်ရောက်ခွင့်မရခဲ့သည်အထိ ဖြစ်ခဲ့သည်။
ထိုမျှမကသေး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တယား (IIMM)အကြီးအကဲ ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ မှာ လူသားထုအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုမြောက်နိုင်သဖြင့် ဆန်းစစ်လေ့လာနေကြောင်း ပြောကြားလာသည်။
”မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီးတွေကို ကျုးလွန်သူတွေအပေါ် အ ရေးယူနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စနစ်တကျ ညွှန် ကြားချက်တွေနဲ့ ကျုးလွန်တာတွေကို တွေ့ရှိရတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့ ကြိုးပမ်းသွားမယ်”ဟု IIMM အကြီးအ ကဲ Nicholas Kumjian က ဆိုသည်။
မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှူများ ကျုးလွန်ခဲ့မှုကြောင့် ICC တွင် တရားစွဲခံရပြီးနောက် IIMM ကိုကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူခဲ့သော်လည်း နိုင်ငံရေးအရ တရားဝင်ကြောင်း သက်သေမပြနိုင်သည်သာမက အနီးစပ်ဆုံး ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံအသိုင်းအဝန်းတွင်ပါ နိုင်ငံတကာ လူရာဝင်မှု ပျောက်ဆုံးနေခဲ့သည်။
ကုလသမဂ္ဂတွင် အသိအမှတ်ပြုခံရမှုဆိုသည်မှာ ပို၍ ဝေးလံသော ကိစ္စဖြစ်ပြီး စစ်အုပ်စုနှင့် အနီးစပ်ဆုံး တရုတ်နိုင်ငံ၏ ယုံကြည်မှုပင် အပြည့်အဝမရသဖြင့် စစ်လက်နက်ဝယ်ယူခြင်း လုပ်ငန်းစဉ်များကို အကြောင်းပြကာ ရုရှားနိုင်ငံနှင့် ပိုမိုနီးကပ်ရေး ကြိုးပမ်းနေရသည့် အခြေအနေဖြစ်သည်။
ရိုဟင်ဂျာကို ဝှက်ဖဲတချပ် အနေနဲ့ သုံးမလား
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာဖိအားများနှင့် အာဆီယံဘုံသဘောတူညီချက်ကို ဟန်ရေးပြရှောင်လွှဲရန်အတွက် ရိုဟင်ဂျာဝှက်ဖဲကို ထုတ်သုံးရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အခြေအနေအချို့ကို မြင်တွေ့နေရသည်။
ဥပမာဆိုရလျင် ဒုက္ခသည်အဖြစ် ထွက်ပြေးသွားသည့် ရိုဟင်ဂျာများ စာရင်းကို စတင်ပြုစုနေခြင်း ဖြစ်ည်။
”တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေ စာရင်းအတိအကျရယ်။ သူတို့မှာ ကျန် ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုပါ အဆောက်အဦး၊ မြေယာကအစ လုပ်ခိုင်းထားပါတယ်” ဟု မောင်တောခရိုင် ထွေအုပ်ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ၂၀၁၇ ဖြစ်စဥ််၌ မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကြောင့် တဖက်နိုင်ငံသို့ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်အတွက်ဟုဆိုပြီး စစ်ကောင်စီက အောက်ခြေဌာနဆိုင်ရာများကို ထိုသို့ညွှန်ကြားထားခြင်း ဖြစ်သည်။
တစ်ဖက်တွင် ယင်းသို့ညွှန်ကြားထားသော်လည်း အောက်ခြေတွင်မူ ရိုဟင်ဂျာကျေးရွာ မြေနေရာများတွင် နယ်ခြားစောင့်တပ်စခန်းများကို အခိုင်အမာတည်ဆောက်နေပြီး နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးအင်အားကို ပိုမိုတိုးမြှင့်ချထားသည်။
”မွတ်ဆလင်လယ်တွေ၊ မြေတွေကို ဒေသခံတွေက ကျူးကျော်လုပ်ကိုင်နေတာကအစ စာရင်းလုပ်ခိုင်း၊ သတင်းပို့ခိုင်း ထားပါတယ် ” ဟု မောင်တောခရိုင်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ အတည်ပြုပြောသည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီသည် လာမည့်နှစ်ဆန်းပိုင်းတွင် ပြန်လည်လက်ခံရေးကို စတင်ရန် ပြင်ဆင်နေကြောင်း သတင်းလွှင့်နေသော်လည်း တကယ်တမ်းတွင် နေအိမ်မီးလောင် ဖျက်ဆီးခံရပြီး ထွက်မပြေးဘဲ ကျန်ရစ်ခဲ့သူများကိုပင် ပြန်လည်နေရာချထားရေးကို မဆောင်ရွက်ပေးနိုင်သေးပေ။
အဆိုပါ အရိပ်လက္ခဏာအချို့အရ ဖိအားပေါင်းစုံနှင့် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ကောင်စီသည် အသက်ရှုချောင်ရန် ထွက်ပေါက်တစ်ခုအဖြစ် ရိုဟင်ဂျာဝှက်ဖဲကို ထုတ်သုံးရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူများက သုံးသပ်ပြောကြသည်။
လက်ရှိအခြေအနေများအရ နိုင်ငံတကာက အာရုံစိုက်မှု အပြည့်အဝရရှိထားသည့် ရိုဟင်ဂျာကိစ္စရပ်များကို နိုင်ငံတကာ လူရာဝင်မှုနှင့် အလဲအလှယ်ပြုလုပ်နိုင်ရန် ကြံစည်ထားဟန်တူသည်။
ရိုဟင်ဂျာအရေးက စစ်ကောင်စီရဲ့ နောက်ဆုံးဂယ်ပေါက်လား
အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့တွင်ပင် အာဏာသိမ်းစစ်ခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာကို ယခင်က နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း ပြန်လည်ခေါ်ဆောင်ရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု ပြောဆိုထားသည်။
သို့သော်လည်း လက်တွေ့တွင်မူ ရိုဟင်ဂျာများ နေရပ်ပြန်ရေးမှာ တကယ်တမ်းတွင် မလွယ်ကူလှသေးပေ။
”ကျွန်တော်ထင်တာကတော့ တရားဝင်ဝင်လာဖို့ဆိုတာက သိပ်မလွယ်တော့ဘူး။ ခိုးဝင်လာကြမှာပေါ့ ” ဟု မောင်တောမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ပြည်န ယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီခေါင်းဆောင်၏ အဆိုပါမိန့်ခွန်းတွင် ပြည်တွင်းရှိ မွတ်ဆလင်များ ကိုလည်း နိုင်ငံသား အသိအမှတ်ပြုရေးဆိုင်ရာ(မှတ်ပုံတင်)လုပ်ငန်းစဉ်ကို စီစစ်ပြီး အကောင်အထည်ဖော်မည်ဟုလည်း ပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီသည် အာဏာမသိမ်းမီကတည်းက အရေးကြီးလျှင်ထုတ်သုံးရန်အတွက် ”ရိုဟင်ဂျာ” ဝှက်ဖဲကို ကြိုတင်ကြံစည်ပြင်ဆင်ခဲ့ဟန်တူပြီး အာဏာသိမ်း စကတည်းက နိုင်ငံတကာ သို့ လေသံပစ်ကစားပြထားခဲ့ဖူးသည်။
”နိုင်ငံတကာကလာတယ်။ ဂျပန်လာတယ်။ တရုတ်လာတယ်။ ဒါကနိုင်ငံတကာ ဖိအားကို လျှော့ချဖို့အတွက်ဖြစ်တယ်။ ဒါတွေနဲ့မရရင်တော့ ရိုဟင်ဂျာတွေကို ပြန်လက်ခံပြမယ်ပေါ့ ” ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။
ဖိအားပေါင်းစုံကြား အသက်ရှူကျပ်နေသည့် စစ်ကောင်စီအား တွေ့ဆုံဆွေးနွေးရန် အထိန်းသိမ်းခံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မကျေမလည်ဖြစ်ကာ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သူ အမေရိကန်နိုင်ငံ သားဘီလ်ရစ်ချတ်ဆန်ရောက်လာခဲ့သည်။
မရှေးမနှောင်းပင် စစ်အုပ်စုနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသူ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကာဝါရောက်နေကာ သူ မပြန်သေးခင်မှာပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သံတမန်ဆွန်ကော့ရှန် ရောက်လာသည်က အာဏာသိမ်းစစ်ကောင်စီအတွက် ထွက်ပေါက်တစ်ခုကို အလျင်စလို ရှာဖွေနေခြင်းဟုလည်း နိုင်ငံရေးလေ့လာသူအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေကြသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ နိုင်ငံတကာ သံတမန်စစ်ဆင်ရေးကို ရှုံးနိမ့်နေပြီး ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတွင်သာမက အာဆီယံအသိုင်းအဝန်းမှာပါ ကျရှုံးနေခြင်းဖြစ်သည်။
ယင်းကို အဖတ်ဆယ်ရန် အာဏာသိမ်းစစ်ကောင်စီအတွက် တစ်ခုတည်းသာရှိသော နောက်ဆုံးဂယ်ပေါက်မှာ ရိုဟင်ဂျာဝှက်ဖဲသာ ဖြစ်နိုင်ချေရှိနေသည်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လုံးချာလည်နေသူ
ရိုဟင်ဂျာအရေးကို ဝှက်ဖဲအနေဖြင့် ကစားရန် ကြိုးပမ်းနေသည့်တိုင် စစ်အုပ်စုအတွက် လွယ်ကူလှသည့် အခြေအနေမရှိပေ။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိုးအိမ်စွန့်ခွာထွက် ပြေးသွားခဲ့ကြရသည်။
မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များအား ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၉ ရက် နေ့တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ဆင်ရေးပြီးနောက် ရခိုင်ဒေသ တည်ငြိမ်အေးချမ်းသာယာ ဝပြောရေးဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြ ည် ဖွဲ့စည်းပေးခဲ့သော ရခိုင်အကြံပေးကော်မရှင်က ”လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်ပြုလုပ်ခဲ့သည့် ကာလအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့ကြသည်ဟူ၍ စွပ်စွဲခံခဲ့ကြရသည်။
ယင်းကိစ္စရပ်နှင့်ပတ်သက်၍ သမာသမတ်ကျပြီး ဘက်လိုက်မှုမရှိသော လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားသင့်ကြောင်း ကော်မရှင်အနေဖြင့် ၎င်း၏ ကြားဖြတ်အစီရင်ခံစာတွင် တင်ပြခဲ့သည် ” ဟု ဖော်ပြထားသည်။
ထိုနိုင်ငံတကာပုဂ္ဂိုလ်များပါဝင်သော ရခိုင်အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်အပြီး ၂၀၁၇ခု နှစ်၊ သြဂုတ်လ ၂၅ရက်နေ့ညမှာပင် မောင်တောဒေသတွင် ကြီးမားသောတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း တပ်မတော်၏ နယ်မြေရှင်းလင်းမှုမှာ အလွန်ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ပြုလုပ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ ကာယကံရှင်များနှင့် နိုင်ငံတကာအသိုင်းအဝန်းက ပြောဆိုကြသည်။
ထိုသို့ လူမျိုးတုန်းသတ်ဖြတ်မှုမြောက် သည့် အလွန်ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စစ်တပ်ကို နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားမှုများ စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းဖြစ်ရပ်အတွက် လုံလောက်ကျေလည်သော ဖြေရှင်းချက်များ မရှိလျင် စစ်ကောင်စီ၏ ရိုဟင်ဂျာများကိုအသုံးချပြီး နိုင်ငံရေးအရ အမြတ်ထုတ်မည့် စီမံကိန်းမှာ ရေစုံမျောမည်သာဖြစ်သည်။
”ဒီပြည်တွင်းရဲ့ ဥပဒေအရ ကာကွယ်နိုင်မှုအနေနဲ့ မလုပ်ဆောင်နိုင်သည့်တိုင် အောင် ဒီဟာကို ကျနော်တို့ ကြီးမား သောလူ့အခွင့်အရေးချိုးဖောက်မှု ၊ကြီးမားသော ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့အရာ ကမ္ဘာသိအောင်လည်း ကျနော်တို့ပြောပြီးပြီ။ နိုင်ငံတွေတော်တော်များများကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာတယ် ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။
ထိုအပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များမှာလည်း လူ့အခွင့်အရေးကို ဆက်လက်ပြီး ချိုးဖောက်နေကြောင်း သက်သေများ ဆက်လက်ထင်ရှားနေပြန်သည်။
မုဒိမ်းမှု၊ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု၊ ပြည်သူအများအပြားကို ဖမ်းဆီးနှိပ်စက်မှု၊ ရက်စက်စွာ သတ်ဖြတ်မှုများမှာ အတောမသတ်နိုင်အောင် ဖြစ်ပျက်နေဆဲဖြစ်သည်။
ထိုမျှမကသေး ရခိုင်တွင် ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကယ်ဆယ်ရေးစခန်းများမှာ ယာယီခိုလှုံနေကြရသည့် မွတ်ဆလင်ဒုက္ခသည်များကို အကူအညီပေးရေးများကိုလည်း စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်သည်။
တကယ်တမ်းတွင် စစ်ကောင်စီသည် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
ယင်းကြောင့်ပင် စစ်ကောင်စီ၏ ရိုဟင်ဂျာဝှက်ဖဲမှာလည်း အောင်မြင်မှုရရန် မရေရာသေးသည့် အခြေအနေရှိနေကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။
သို့သော်လည်း စစ်အုပ်စု အနေဖြင့် ၎င်းတို့ အာဏာသိမ်းယူမှု တည်မြဲရေးနှင့် နိုင်ငံတကာလူရာဝင်မှု အတွက် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မည်မျှအထိ အဆုံးစွန် လိုက်လျောနိုင်သည်ကို ခန့်မှန်းရခက်နေဆဲ ဖြစ်သည်။
(Photo – စစ်တွေမြို့ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု/MPA)

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: