Site icon Myanmar Pressphoto Agency

ပန်းဆက်ကျေးရွာတဝိုက် ပျူစောထီးများသောင်းကျန်း

Advertisements
By MPA
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ပန်းဆက်ကျေးရွာတဝိုက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များ သောင်းကျန်းနေကြောင်း ဒေသခံများ ထံမှသိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့များ၏ လက်နက်အပြည့်အစုံနဲ့ ဓာတ်ပုံများကို မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က လူမှုကွန်ယက်မှ တဆင့်မျှဝေခဲ့သည်။
“စစ်ခွေးများ၏ အရံအင်အား ပေါ်တင်အသုံးချခံ၊ အသုံးတော်ခံနေသည် လက်နက်တပ်ဆင်ထားသော ပျူစောထီးတွေကို ဘာလို့တင်ရသလဲဆိုရင် အခုလိုဇောင်းကြွနေတဲ့ကောင်တွေ တသက်လုံးပန်းဆက်ရွာထဲက အရှင်ထွက် ထွက်မရအောင် ကြေငြာပေးရတာပဲဖြစ်ပါတယ်”ဟု အဆိုပါ အဖွဲ့က ပြောဆိုထားသေးသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သည့်ပန်းဆက်ကျေးရွာသည် စစ်တပ်ထောက်ခံသူများ၊ ဒလန်များနှင့် ပျူစောထီးများအများဆုံးရှိရာကျေးရွာတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်တပ်အထောက်အပံ့ရထားသည့် ပျူစောထီးများသည်လုံခြုံရေး စစ်ဆေးရေးလုပ်ငန်များကိုပါ လုပ်ကိုင်နေကြကြောင်း ဒေသခံတော်လှန်ရေး သမားများကပြောသည်။
“သူတို့ကမြစ်ထဲက လာတဲ့သူတွေ ခရီသွားတွေ၊ လူငယ်တွေကို စစ်ဆေးတာတွေ။ ပြီးတော့ဖမ်းဆီးတဲ့ အထိ ပစ်ခတ်ဖမ်းဆီးတဲ့အထိကို လုပ်ပိုင်ခွင့်တွေ ရှိကြတယ်။ အဲဒီတော့ စစ်တပ်က မဝန်ခံပေမယ့် သူတို့က စစ်တပ်က အားပေးအားမြှောက်ပြုလုပ်ထားတဲ့အဖွဲ့ပါပဲ ” ဟု မင်းကင်းဒေသခံ တော်လှန်ရေးသမား တစ်ဦးက ဆိုသည်။
ချင်းတွင်းမြစ်ကို ဩဂုတ်လက ဖြတ်သန်းသွားလာခဲ့သည့် လူငယ်တစ်ဦး၏ ဖုန်းအတွင်း မင်းအောင်လှိုင်ကို နောက်ပြောင်ထားသော ဓါတ်ပုံများတွေ့ရှိသဖြင့် ပန်းဆက်ကျေးရွာပျူစောထီးအဖွဲ့မှ ၎င်းကိုဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပျူစောထီးမျာသည် လက်နက် အပြည့်အစုံပါဝင်ပြီး လူကြီးလူငယ် အရွယ်စုံပါဝင်ကာ သေနတ်ဖြင့်ပစ်ခတ်မှုများ၊ ဆဲဆိုရိုင်းစိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အဆိုပါလူငယ်က ပြောသည်။
“မင်းအောင်လှိုင်နဲ့ မန်ယူနည်းပြ ဆိုးလ်ရှားပုံရယ်ကို နှိုင်းယှဉ်ပြီး ဟာသလုပ်ထားတဲ့ပုံတွေ့သွားတယ်။ အဲဒီတော့ မင်းတို့နိုင်မယ် ထင်လားပေါ့။ မင်းတို့ကိုမကြောက်ဘူး။ မင်းတို့အကုန်လုံးကိုရှင်းမှာ၊ မင်းတို့KIA တွေရော KNUရော ခေါခဲ့ အဲဒီလိုပြောတယ်။ ပါးတွေရိုက်တယ်။အနောက်ကနေဆောင့်ကန်တယ်။ “ဟု အဆိုပါလူငယ်က ပြောသည်။
မင်းကင်းမြို့နယ်အတွင်းရှိ စစ်တပ်အမာခံပျူစောထီးနှင့် ဒလန်များ အများဆုံးနေထိုင်ရာနေရာဖြစ်သည့် ပန်းဆက်ကျေးရွာနှင့် တောင်ဖြူကျေးရွာကို ဇူလိုင်လအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
ပျူစောထီး အဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ငြင်းဆိုထားသည်။
သို့သော်လည်း မိမိကိုယ်ကို ပျူစောထီးဟု MPA ကို မိတ်ဆက်ခဲ့သူတစ်ဦးက ပျူစောထီးအဖွဲ့တွင် စစ်မှုထမ်း ဟောင်းများ၊ စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် မဘသများပါဝင်ပြီး သေနတ်ပစ်ခတ်ခြင်းကဲ့သို့ သင်တန်းများလည်း ပေါ်ပေါ်တင်ပေးလျက်ရှိကြောင်း ဇူလိုင်လအတွင်းကပြောဆိုထားသည်။
( Photo – ဗျူစောထီးများ လက်နက်ကိုယ်စီဖြင့် ဆိုရှယ်မီဒီယာတွင် ဟန်ရေးပြနေသည့် ဓါတ်ပုံများဖြစ်သည် )
Exit mobile version