fbpx

ရခိုင်တွင် PDFနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူအမျိုးသမီး ၅ ဦးထိရှိလာ

By MPA
ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF) များနှင့် ဆက်စပ်သည်ဟုဆိုပြီး ကျောက်ဖြူမြို့မှ အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂ ရက်နေ့ညက အကြမ်းဖက်စစ်တပ်မှ ထပ်မံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ အမျိုးသမီး ၅ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်ဖြူဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်နုနုအောင်၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင်ကို ပြည်သူကာကွယ် ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။
”မနေ့ညနေက အိမ်ကနေ လာဖမ်းသွားတာပါ။ ဘာကြောင့်လဲ သေချာမသိရသေးပါဘူး။”ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးကတည်းက ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုလည်း မရှိသလောက်ပင် ဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားကို AA ကထိန်းချုပ်ထားလုနီး အခြေအနေလည်း ဖြစ်သည်။
သို့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွတ်စွဲကာ မအေးမြင့်မြတ်အောင်အ ပါအဝင် အမျိုးသမီး ၅ ဦးအထိ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးဖြစ်သည်။
”ရခိုင်မှာ အေအေနဲ့တိုက်ပွဲတွေလည်းမရှိသလို PDF လှုပ်ရှားမှုတွေကိုလည်း မတွေ့ရပါဘူး။ဒါပေမယ့် ဒေသခံတွေ PDFနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတာတွေ တဖြည်းဖြည်းများလာတာက မကောင်းဘူးလို့ မြင်ပါတယ်။” ဟု ရခိုင်အရေးစောင့်ကြည့်နေသူတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတွင်းက သံတွဲမြို့နယ်မှ ဒေါငြိမ်းအိသူကျော်အပါအဝင် အမျိုးသမီးသုံးဦးနှင့် တောင်ကုတ်မြို့ ၊အထက(၂)မှ CDM ဆရာမ ဒေါ်ချယ်ရီသက်ရှည်တို့ကို PDFနှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် PDF များနှင့် ဆက်စပ်သည်ဟုဆိုကာ လူငယ်စာရေးဆရာမင်းဒီပါ(မြို့ဟောင်းမြေ)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စားပြု ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့သူ ဦးစိန်ချစ်၊ သံတွဲမြို့မှ ကိုရဲနိုင်ဦးတို့ကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲ များရပ်တန့်နေချိန် AA ဖက်မှ ဖမ်း ဆီးရမိထားသည့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသော ဒေသခံတချို့မှာ အကြ မ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အကျဉ်း ထောင်များတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: