fbpx

ချင်းတွင်းမြစ်အတွင်း တရားမဝင်သယ်လာသောကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးပြီး NUGထံ ​ပေးအပ်

By MPA
ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြုပြီး တရားမဝင်သယ်ယူလာသော ကျောက်စိမ်းများကိုမင်းကင်းပြည်သူကာကွယ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ကာကွယ်‌ရေးအဖွဲ့များအနေဖြင့် ချင်းတွင်းမြစ်ကြောင်းအတွင်း စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကျောက်စိမ်းများဖမ်းမိခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံသို့ပေးအပ်ခဲ့‌ခြင်းဖြစ်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း၁မှ ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ကာကွယ်ရေးအဖွဲ့များသည်ချင်းတွင်းမြစ်ရေကြောင်းအတွင်းစိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လွန်ခဲ့သောရက်များအတွင်းကလည်း ကျောက်စိမ်းများတရားမဝင်သယ်ဆောင်လာသော ရေယာဉ်၁၁ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ချောင်းမြောင်းပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
ချင်းတွင်းမြစ်ကိုအသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူ​စောထီးနှင့် အကြမ်းဖက်စစ်တပ်တို့၏ ရိက္ခာများ၊ ခဲယမ်းလက်နက်များ သယ်ယူနေခြင်းများနှင့် ရေကြောင်းကိုအသုံးပြု၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြခြင်းတို့ကြောင့် မိမိတို့တပ်ရင်းမှ ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်နေသည်ဟုလည်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။
ထိုသို့ ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်​နေစဥ် တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUGအစိုးရ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)အနေဖြင့် ရေကြောင်းစိုးမိုးမှုများကို ဆက်လျှက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင်သစ်ဝါးများ သယ်ယူနေခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ ထိန်းသိမ်းခြင်း၊ဖျက်စီးခြင်း၊NUG ထံအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးသည်။
Photo – မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: