fbpx

ကလေးမြို့ ပကဖ ကျဆုံးရဲဘော်များအတွက် သက်ပျောက်တရားနာခြင်းနှင့် အမိန့်ပြန်တမ်းအခမ်းအနား ပြုလုပ်

By MPA
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတိုက်ပွဲတွင်ကျဆုံးခဲ့ကြသော ကလေးမြို့ ပကဖ ရဲဘော်(၄)ဦးအတွက် သက်ပျောက်တရားနာခြင်းနှင့် အမိန့်ပြန်တမ်းအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို ဇန္နဝါရီလ(၁၉)ရက်နေ့ မနက်ပိုင်းက နတ်ချောင်းသုသာန်တွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
နတ်ချောင်းရွာတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ကလေးမြို့ပကဖအဖွဲ့ဝင်(၄)ဦးမှာ ကိုငယ်လေး၊ ကိုအဲသား၊ ကိုအဲပွေနှင့်ကိုငွေသွားတို့ဖြစ်သည်။
” ကိုအဲပွေနှင့်ကိုငွေသွားအတွက် သက်ပျောက်တရား မနာပေးရသေးလို့ သူတို့အတွက် တရားနာပေးကြ ပါတယ်။ ကိုအဲသားနှင့်ကိုငယ်လေးကိုလည်း အမိန့်မပြန်ရသေးတဲ့အတွက် အမိန့်ပြန်ပေးတယ် ” ဟု ကလေးမြို့ ပကဖ မှ ပြောရေးဆိုခွင့်တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကိုအဲပွေနှင့်ကိုငွေသွားတို့သည် ညတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှလှမ်းပစ်သော လက်နက်ကြီးကျည်ထိမှန်ကာ ညတွင်းချင်းကျဆုံးခဲ့ရပြီး ကိုအဲသားနှင့်ကိုငယ်လေးတို့မှာ ညတိုက်ပွဲအပြီးနောက်ရက်တွင် စစ်ကောင်စီတပ်နှင့်ရင်ဆိုင်တိုးပြီး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်နေ့တွင် ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာ အထကကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PDF(Kalay)၊ CNDF၊ ပကဖ(ကလေးမြို့)နှင့် RKDF ပူးပေါင်းမဟာမိတ်အင်အားစုတို့သည် တစ်ညလုံးပြင်းထန်စွာ ညတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညတိုက်ပွဲအပြီးနောက်ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်ချောင်းရွာ လူနေအိမ်(၄၃)အိမ်လောင်ကျွမ်းပြာကျသည်အထိ ရွာကိုမီးရှို့ဖျက်စီးခဲ့သည်။
လက်နက်ကြီးများဖြင့် ထုခြင်းတို့ကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးခဲ့ရသလို ရွာချင်းဆက်ရွာများဖြစ်သည့် နတ်ချောင်းရွာ၊ နတ်မြောင်းရွာနှင့်ချောင်းခွရွာ ပြည်သူများသည် ကျေးရွာများကိုစွန့်ပြီး ယခုအချိန်ထိ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ဓါတ်ပု – နတ်ချောင်းရွာတိုက်ပွဲတွင်ကျဆုံးခဲ့ကြသော ကလေးမြို့ ပကဖ ရဲဘော်(၄)ဦးအတွက် သက်ပျောက်တရားနာခြင်းနှင့် အမိန့်ပြန်တမ်းအခမ်းအနား

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: