fbpx

အကြမ်းဖက် စစ်ကောင်စီခြိမ်းခြောက်သော်လည်း အသံသပိတ်ပြုလုပ်ရန် သပိ‌တ်ခေါင်းဆောင်များတိုက်တွန်း

By MPA

အသံတိတ်သပိတ်ပြုလုပ်သူများကိုအရေးယူမည်ဟု အကြမ်းဖက်စစ်ကောင်စီကခြိမ်းခြောက်နေသော်လည်း ပြည်သူများအနေဖြင့် စည်းစည်းလုံးလုံးဖြင့်အသံသပိတ်တွင် ပူးပေါင်းပါ၀င်ကြရန် သပိတ်ခေါင်းဆောင်များကတိုက်တွန်းနေကြသည်။

အာဏာသိမ်းမှုတစ်နှစ်ပြည့်သော်လည်း ပြည်သူများသွေးမအေးကြောင်းနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအောက်တွင် အသားကျမသွားကြောင်း ကမ္ဘာသိ‌စေရန် ဖေဖော်ဝါရီ ၁ ရက်တွင်တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်သည် ။

အသံတိတ်သပိတ်ပြုလုပ်သူများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၅၀၅ (က) နှင့် အီလက်ထရွန်းနစ်ဆက်သွယ်‌‌ဆောင်ရွက်‌ရေးဥပ‌ဒေပုဒ်မ ၃၃ (က) စသည့်ပုဒ်မ ၄ ခုဖြင့်အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများက အသံချဲ့စက်ဖြင့် လိုက်အော်နေပြီး ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကိုလည်း ပြည်သူပိုင်အဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်နေသည် ။

“ပထမ အသံတိတ်သပိတ်နှစ်ခုကအရမ်းအောင်မြင်ခဲ့တော့ စစ်ကောင်စီကပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကို ကြောက်လန့်တယ် ၊စိုးရိမ်တဲ့အတွက် ခုလိုခြိမ်းခြောက်ပြီးဖြိုခွဲဖို့လုပ်တာ “ဟုမုံရွာလူထုသပိတ်တိုက်ပွဲကော်မတီမှ ကိုခန့်ဝေဖြိုးကပြောသည် ။

အကြမ်းဖက်စစ်ကောင်စီသည်တရား၀င်မှုမရှိသည့်တွက် ၎င်းတို့ထုတ်ပြန်သမျှ အမိန့် ကြေညာချက်များကိုလိုက်နာစရာမလိုကြောင်း၊သို့သော် စစ်ကောင်စီသည် ပြည်သူများကို မတရားဖိနှိပ်သဖြင့် ပြည်သူများအနေဖြင့် ပါးပါးနပ်နပ်ဖြင့် စည်းလုံးညီညွတ်မှုကို ပြသရမည်ဖြစ်ကြောင်း ၎င်းကပြောသည် ။

အာဏာသိမ်းမှုနှစ်ပတ်လည်နေ့တွင် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အသံတိတ်သပိတ်ကို ပါ၀င်ဆင်နွှဲကြရန် မန္တလေးသပိတ်‌ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်းနိူးဆော်ထားသည်။

မြောက်ဒဂုံမှ ပြည်သူတစ်ဦးက” ကျမတို့ဘက်လည်း အသံတိတ်သပိတ်လုပ်ရင် အရေးယူမယ်ဆိုပြီး လိုက်အော်နေတယ် ။ ကျမတို့တော့ အဲ့ဒီနေ့ဆိုင်မထွက်ဘူး ။ ပြည်သူတွေဘယ်လောက်ညီတယ်ဆိုတာ အဲ့ဒီနေ့ကျရင်ကြည့်လိုက်ပါ ” ဟု ပြောသည် ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင်လည်းကောင်း ၊ဒီဇင်ဘာ ၁၀ရက်တွင်လည်းကောင်းပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုခဲ့ရသည်အထိအောင်မြင်ခဲ့သည် ။

ဈေးများ ၊ဆိုင်များ အားလုံးပိတ်ခဲ့သည့်အတွက် ယင်းနေ့တွင် စစ်ကောင်စီတပ်များက ဆိုင်မထွက်သူများကို ခြိမ်းခြောက်ခြင်း၊ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်။

#MPA #အသံတိတ်သပိတ် #မြန်မာ #ပြည်သူ #စကစ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: