By MPA
ဖေဖော်ဝါရီ ၁ရက်တွင်ဆိုင်ပိတ်မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင်ရေးသားသူများကို အကြမ်းဖက်စစ်ကောင်စီကလိုက်လံဖမ်းဆီးကာနေအိမ်နှင့်ဆိုင်ကိုချိတ်ပိတ်ခြင်းများပြုလုပ်နေသည်။
အသံသပိတ်တွင်မပါ၀င်ကြရန် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် လိုက်လံအော်နေပြီးနောက် ဆိုင်ပိတ်မည်ဟုကြေညာသူများကိုဖမ်းဆီးအရေးယူမှုများပြုလုပ်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့တွင် စျေးဆိုင်၊ ဆိုင်ခန်းများအနေဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချခြင်း မရှိပါက စည်ပင်သာယာရေး ဥပဒေများဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက လိုက်လံ ကြေညာလျက်ရှိသည်။
စားသောက်ဆိုင်၊ အိမ်ဆိုင်၊ စတိုးဆိုင်များအစ အနှေး ယာဉ်များနှင့် ပျံကျစျေးသည်များအနေဖြင့် လပြည့်၊ လကွယ်နှင့် ပုံမှန် ဆိုင်ပိတ်ရက်များအပ ပုံမှန်အတိုင်း ဖွင့်လှစ် ရောင်းချရမည် ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
ဖေဖော်ဝါရီ ၁ရက်တွင်ဆိုင်ပိတ်မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင်ရေးသားခဲ့သည့် မန္တလေးတိုင်းမှပြည်သူတစ်ဦးကို နေအိမ်တွင်လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်ထားကြောင်း မိသားစု၀င်တစ်ဦးကပြောသည်။ ထို့ပြင် နေအိမ်နှင့်ဆိုင်ကိုလည်းချိတ်ပိတ်သွားသည်ဟု ၎င်းကပြောသည်။
အသံတိတ်သပိတ်တွင်ပါ၀င်ရန်လှုံ့ဆော်သည်ဟုဆိုကာ ရန်ကုန်မြို့ရှိ အလှဖန်တီးရှင် Gucci Aung ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင်လာရောက်ဖမ်းဆီးခဲ့သည်။
စစ်တပ်လော်ဘီသတင်းဌာနဖြစ်သော မြ၀တီရုပ်မြင်သံကြားမှ ဇန်နဝါရီ ၂၇တွင် ထုတ်ပြန်ချက်အရ ဆိုင်မဖွင့်ရန် လူမှုကွန်ရက်တွင် ပို့စ်တင်သူစုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးအရေးယူထားသည်ဟုဆိုသည်။
ရန်ကုန်တိုင်းမှ ၇ ဦး ၊မန္တလေးတိုင်းမှ ငါးဦးဖြစ်ပြီး အများစုမှာ ဈေးဆိုင် နှင့် စားသောက်ဆိုင်ပိုင်ရှင်များဖြစ်သည် ။ ရန်ကုန်တွင် မြောက်ဥက္ကလာပ ၊ တောင်ဥက္ကလာပ ၊ စမ်းချောင်း ၊မရမ်းကုန်း ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း နှင့်တာမွေမြို့နယ်တို့မှပါ၀င်သည်။ မန္တလေးတွင် အောင်မြေသာစံ ၊ချမ်းမြသာစည် ၊ မဟာအောင်မြေနှင့် ပြင်ဦးလွင် မြို့နယ်တို့ဖြစ်သည်။
ထို့ပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုေအာက်ရှိ ဈေးများနှင့် ဆိုင်ခန်းများ၊ပျံကျဈေးသည်များ၊ရပ်ကွက်အတွင်းရှိပျံကျဈေးသည်များ ၊မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင် ၊လက်ဖက်ရည်ဆိုင်များ ၊ကုန်စုံဆိုင်များ ၊အိမ်ဆိုင်များ၊စတိုးဆိုင်များ ၊ ပုဂ္ဂလိကပိုင်ဈေးများ၊မီနီမတ်များ၊တည်းခိုခန်းများ၊ အများပြည်သူအပန်းဖြေရန်ပြုလုပ်ထားသော ပန်းခြံများ ၊ အပန်းဖြေရိပ်သာများ၊ အပေါင်ဆိုင်များ ၊အနှေးယာဉ်များ အနေဖြင့် ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခြင်းမပြုပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဇန်နဝါရီနောက်ဆုံးပတ်တွင်မြို့နယ်အချို့၌လိုက်လံ ကြေညာထားသည် ။
အကြမ်းဖက် စစ်ကောင်စီသည် ဆိုင်မဖွင့်သူများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၅၀၅ (က) နှင့် အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပ ဒေပုဒ်မ ၃၃ (က) စသည့်ပုဒ်မ ၄ ခုဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ထားရာမှ စည်ပင်ဥပဒေဖြင့်ပါ အရေးယူမည်ဟု ထပ်မံဖိအားပေး ခြိမ်းခြောက်လာခြင်းဖြစ်သည် ။
အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထု၏ သွေးစည်းညီညွတ်မှုနှင့် စုပေါင်းအင်အားအပေါ် အလွန်တုန်လှုပ်ခြောက်ခြားနေသည်မှာ သိသာထင်ရှားကြောင်း ၊လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲကြသည့် “အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး” ကိုအလွန် သွေးပျက်နေသဖြင့် ပုံစံမျိုးစုံဖြင့် ဖိနှိပ်နှောင့်ယှက်နေခြင်းဖြစ်ကြောင်း မန္တ လေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကပြောသည်။
“ကျနော်တို့ ဒီနှစ်သစ်မှာ မျှော်ရည်ရာ ပန်းတိုင်ကို ရောက်ဖို့၊ အောင်ပွဲဆင်ဖို့ “ပြည်တော်ဝင်” ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်။ ကျနော်တို့ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့” ဟု ဒေါက်တာတေဇာဆန်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်တပ်အာဏာသိမ်းမှု ၁ နှစ်ပြည့်ချိန် အသံတိတ်သပိတ် Silence Strike ပြုလုပ်သည့် ဖေဖေါ်ဝါရီ ၁ရက်နေ့သည် တရုတ်နှစ်သစ်ကူး နေ့ လည်းဖြစ်သည်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်သော်လည်း ပြည်သူများသွေးမအေးကြောင်းနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအောက်တွင် အသားကျမသွာ ကြောင်း ကမ္ဘာသိစေရန် ဖေဖော်ဝါရီ ၁ ရက်တွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်သည် ။
မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် ၊ ညနေ ၄နာရီတွင် လက်ခုပ်တီးသပိတ်ပြုလုပ်မည်ဖြစ်သည်။
အသံတိတ်သပိတ်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင်လည်းကောင်း ၊ဒီဇင်ဘာ ၁၀ရက်တွင်လည်းကောင်းပြုလုပ်ခဲ့ပြီး နိုင်ငံတကာကအသိအမှတ်ပြုရသည်အထိအောင်မြင်ခဲ့သည်။
#MPA #အသံတိတ်သပိတ် #Myanmar
Photo – MPA