fbpx

အတိုင်ပင်ခံ၏ သက်တော်စောင့် အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ထောင် ၃ နှစ်ကျ

By MPA
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင် ၃ နှစ်ချလိုက်ကြောင်းကို ၄င်း၏ မိတ်ဆွေများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း သက်တော်စောင့်များကိုတော့ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သက်တော်စောင့်တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့ နှစ်ဦးအား စစ်တပ်မှ တပြိုင်တည်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းတို့၏ နီးစပ်သူတစ်ဦးက ပြောသည်။
“ရဲ​စည်းကမ်းထိန်းသိမ်းရေးနဲ့ ထောင်၃နှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကို ဒီကနေပဲပို့လိုက်တယ် ” ဟု အမည်မဖော်လိုသူ ရဲအုပ်ပြည့်ဖြိုးနိုင်၏ မိတ်ဆွေတစ်ဦး ကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ကို ဖမ်းဆီးခံရချိန်တွင် ဇနီးသည်နှင့် သမီးတစ်ယောက် ကျန်ရှိခဲ့သည်။
အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ၏နေအိမ်သို့ လာရောက်သည့် စစ်သားများကို၀င်ရောက်ရန်အတွက် ဂိတ်တံခါးမဖွင့်ပေးသည့်အတွက် စစ်သားများက အုတ်တံတိုင်းဖြိုဖျက်ကာ အတင်း၀င်ရောက်ခဲ့သည့် အဖြစ်အပျက်များလည်းရှိခဲ့ကြောင်း နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို နယ်သာလန်နိုင်ငံ The Hague မြို့ကိုသွားရောက်ရင်ဆိုင်သည့်ခရီးစဥ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးများတွင် ငယ်ရွယ်ပြီး ရုပ်ရည်ပြေပြစ်သည့် ဒုရဲအုပ်ချယ်ရီထက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် အမြဲလိုလိုတွေ့ရပြီး ရဲအုပ်ပြည့်ဖြိုးနိုင်မှာ လူသိနည်းသူတစ်ဦးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကအသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: