By MPA
ရန်ကုန်တွင် VPNအကြောင်းပြပြီး ၅၀၅နှင့် CDMသမားများကို အကြမ်းဖက် စစ်ကောင်စီဘက်က ဖမ်းဆီးမှုစိပ်လာခဲ့ကြောင်း CDMများကို ဖေးမကူညီနေသည့် အဖွဲ့တစ်ခုကပြောသည်။
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် လက်ကိုင် ဖုန်းများအတွင်း VPN ဆော့ဝဲတွေ့ရှိပါက ထောင်ဒဏ်သုံးနှစ်ချမှတ်မည်ဟု ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့သည်။
“အခုတလော VPNကိစ္စအကြောင်းပြပြီး ညဘက်ဝင်ဖမ်းတာတွေ များလာတယ်။တခါတလေ မီးဖျက်ပြီးဖမ်းတယ်။မနေ့ကလဲ စမ်းချောင်း၊ရွှေပြည်သာနဲ့ လှိုင်သာယာက CDMသမားတွေ ပါသွားတယ်”ဟု ရန်ကုန်အခြေစိုက် CDMများကို ဖေးမကူညီနေသည့် အဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ည ၁၀နာရီ ၄၅မိနစ်က စမ်းချောင်းမြို့နယ်၊ဂန္ဓာမာလမ်းအတွင်း အကြမ်းဖက် စစ်ကောင်စီက CDMများကို ကူညီနေစည်ဟုဆိုကာ မသီတာနှင့် အမည်မသိ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ရွှေပြည်သာမြို့နယ်၊၁၅ရပ်ကွက်ထဲဝင်ကာ နေအိမ်အတိအကျလိပ်စာဖြင့် ဖုန်း၊လက်တော့ပ်များ စစ်ဆေးကာ CDMဝင်ထားသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ယင်းအပြင် ယမန်နေ့ ညနေ ၆နာရီ၁၅မိနစ်က မြောက်ဥက္ကလာပမြို့နယ်၊၆ကွေ့ မှတ်တိုင်အနီး VPNအသုံးပြုသူ ၄၃ဦးအား ဖမ်းဆီးခဲ့ပြီး ၆ကွေ့အနီးက ရပ်ကွက်ရုံးအတွင်းခေါ်ဆောင်ကာ ဖုန်းအမျိုးအစားလိုက် ၃သောင်း၊၅သောင်း ဒဏ်ရိုက်ပြီး လက်မှတ်ထိုးပြန်စေခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ရက်နေ့ ည ၁၁နာရီခန့်ကလည်း လှိုင်မြို့နယ် ၁၆ရပ်ကွက်အတွင်းရှိ ၅လမ်းအတွင်း CDM၂ဦးနှင့် ၆လမ်းအတွင်းမှ CDM Supporterဟု ပုဒ်မတပ်ခံရသူ တစ်ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လှိုင်မြို့နယ်၊မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနေ့ညကလဲ စိန်ဂေဟာရှေ့မှာ VPNစစ်တာလက်မခံပဲ ထွက်ပြေးတဲ့ကောင်လေးတစ်ယောက် အဖမ်းခံလိုက်ရသေးတယ်။ဒီခွေးတွေက ဧည့်စာရင်းစစ်သလိုလို၊VPNစစ်သလိုလိုနဲ့ ၅၀၅သမားတွေ၊CDMသမားတွေကို လိပ်စာအတိအကျနဲ့ လာလာဖမ်းနေကြတာ”ဟု လှိုင်မြို့နယ်၊မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် VPN ကိုစစ်ဆေးနေသည့် သတင်းများ နေရာအနှံမှကြားသိရပြီး VPN ကြောင့် ဖမ်းဆီးအရေးယူခံရသူမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များက ခြိမ်းခြောက်အကြပ်ကိုင် ငွေညှစ်ခြင်းကို ပြလုပ်လာကြသည်ဟု လက်တွေ့ကြုံတွေ့ခဲ့ရသူများကဆိုသည်။