By MPA
မန္တလေးတိုင်း၊မနော်ဟရီတောင်ဘက်ရှိ မြရည်နန္ဒာအိမ်ယာဝင်းအတွင်းတွင် အသက် ၇၃နှစ်အရွယ်အဘွားအိုတစ်ဦးက အိမ်အကူအားရိုက်သတ်ပြီး အလောင်းဖျောက်ရန်ကြံစည်စဉ် အဖမ်းခံရမှုဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်နေ့၊ည ၈နာရီခန့်က မန္တလေးတိုင်း၊မနော်ဟရီတောင်ဘက် ၄၆လမ်းနဲ့ ၄၇လမ်းကြားရှိ မမ၁၆၊အမှတ် ၁၁၇၊တိုက် ၁၅မှာနေထိုင်သူ အသက် ၇၃နှစ်အရွယ်၊အိမ်ရှင်အဘွားအိုသည် အသက်၁၃နှစ်အရွယ် အိမ်အကူ ကလေးမလေးကို ရိုက်နှက်ခဲ့ရာ လူသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
“စနေနေ့ညက ကဖြစ်တာ။ ကောင်မလေးကို ပန်းကန်ဆေးခိုင်းတာ။မပြီးသေးလို့လို့ကြားတယ်။ဒေါသထွက်ပြီးရိုက်သတ်တာ။အော်သံတွေကြားလို့ လူသိသွားတာ”ဟု မြရည်နန္ဒာအိမ်ယာဝင်းအတွင်း နေထိုင်သူတစ်ဦးကရှင်းပြပါတယ်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၉ရက်နေ့ည ၈နာရီလောက် မြရည်နန္ဒာအိမ်ယာ၊အမှတ် ၁၁၇ တိုက်၁၅မှာနေထိုင်သူ အဘွားအိုတစ်ဦးက အတူနေ အိမ်အကူအမျိုးသမီးအား ဒေါသထွက်ပြီး သံတုတ်အရှည် ၅လက်မနဲ့ ၁၀ချက်ထက်မနည်းရိုက်နှက်ပြီး မီးချောင်းဖြင့် ထိုးသွင်းဒဏ်ရာတွေပြုခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရသိရသည်။
ယင်းနောက် ရိုက်နှက်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားသည့် အသက်၁၃နှစ်အရွယ် အိမ်အကူအလောင်းအား အိမ်ရှေ့ခန်းသို့ နေရာရွှေ့ပြီး ကော်ဖီဖျော်ကာ ကိတ်ခြောက်ဖြင့်တို့စားခဲ့သေးကြောင်း အိမ်နီးနားချင်းများကဆိုသည်။
ယင်းကဲ့သို့ စားပြီးနောက် အသက်၇၃နှစ်အရွယ် အဘွားအိုသည် သွေးစွန်းအင်္ကျီဖြင့် နေအိမ်အောက်ထပ်ရှိ ကျော်ထမင်းဆိုင်အနီး ကုန်စုံဆိုင်မှ အမှိုက်အိတ်အရွယ် အိတ်အမဲရှိ/မရှိမေးမြန်းနေစဉ် ရပ်ကွက်နေပြည်သူတွေက ရောက်ရှိလာကာ ရဲစခန်းသို့အကြောင်းသည့်အချိန်တွင် သူမနေထိုင်ရာ အခန်းသို့ပြန်ကာ တရားမှတ်နေခဲ့ကြောင်း ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“အဖွားကြီးက စိတ္တဇဖြစ်နေသလိုပဲ။လူသတ်ပြီးတာတောင်အေးဆေး။ရဲတွေလာတော့ ကောင်မလေးက ရာသီလာပြီးလဲနေတာလို့ပြောတယ်။ပြီးတော့ သူမသတ်ဘူးပဲပြောနေတယ်။ရဲတွေဖမ်းသွားပါပြီ”ဟု မြရည်နန္ဒာအိမ်ယာအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် အသက်၇၃နှစ်အရွယ် အဘွားအိုအား အိမ်အကူ ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို သတ်မှု ပုဒ်မ ၃၀၂နဲ့ မနော်ဟရီရဲကင်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။