fbpx

အုတ်ဖိုမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများနှင့် Non-CDMဝန်ထမ်းများကို ယနေ့မှစပြီး ၅ရက်အတွင်း မနှုတ်ထွက်ပါကတိုက်ခိုက်တော့မည်ဟု ဖတပအ သတိပေး

By MPA
အုတ်ဖိုမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများနှင့် Non-CDMဝန်ထမ်းများကို ယနေ့မှစပြီး ၅ရက်အတွင်း မနှုတ်ထွက်ပါကတိုက်ခိုက်တော့မည်ဟု ဖတပအ မှ သတိပေးထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဖက်ဆစ်တိုက်ဖျက်ရေး နှင့်ပြည်သူ့အာဏာတည်ဆောက်ရေး တပ်ဦး(ဖတပအ)အနေဖြင့် ဖေဖော်ဝါရီလ ၂ရက်နေ့ရက်စွဲပါ စာအမှတ် ၀၃ဖြင့် ယနေ့ မှာ အထက်ပါအကြောင်းအရာပါ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်သည်။
ယင်းထုတ်ပြန်ချက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများနှင့် Non-CDMဝန်ထမ်းများဟာ မိမိကိုယ်ကျိုးတစ်ခုတည်းသာကြည့်ပြီး အာဏာရှင်ကောင်းစားသက်ဆိုးရှည်ရေးအတွက် ယန္တရားအသွင်ဖော်ဆောင်နေသောကြောင့် ဖတပအအနေနှင့် အချိန်မရွေး၊နေရာမရွေးတိုက်ခိုက်သွားမည်ဟု အသိပေးထားပါသည်။
ယနေ့ထုတ်ပြန်ချက်ထုတ်သည့်အချိန်မှစလို့ ၅ရက်ကျော်သည့်အချိန်တွင်း မလိုက်နာပဲ ဆက်လက်တာဝန်ထမ်းဆောင်သူများနှင့် ပြည်သူများပူးတွဲသွားလာခြင်းမပြုရန် ဖတပအ မှ မေတ္တာရပ်ခံထားပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့က ဖက်ဆစ်တိုက်ဖျက်ရေး နှင့်ပြည်သူ့အာဏာတည်ဆောက်ရေး တပ်ဦး/မြေအောက်ပျောက်ကျားတပ်ဖွဲ့(အုတ်ဖို)(ဖတပအ) နှင့် Black Eagle Underground တပ်ဖွဲ့တို့ ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့ကာ အုတ်ဖိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သား၊ရဲတပ်သားများ​၏ ဒေါက်တိုင်များကို မိုင်း ၅လုံးဖြင့် ဖောက်ခွဲခဲ့သည်။
ယခုလိုဖောက်ခွဲရတာဟာ အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာလွှမ်းမိုးမှုကို ရပ်တန့်ရန် အဓိက ရည်ရွယ်ထားတာကြောင့်ဖြစ်သည်ဟု ဖတပအ စစ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့မနေ့က အဝေးထိန်းမိုင်း ၅လုံးဖောက်ခွဲခဲ့တယ် ၃လုံးကနေ့လည်ပိုင်း နောက်၂လုံးကတော့ ညပိုင်းပေါ့ ။ထိခိုက်မှု့တော့ရှိတယ် အတိအကျကိုတော့စုံစမ်းနေတုန်းပါပဲ။နောက်ထပ်တိုက်ခိုက်မှု့တွေလည်း မြို့နယ်တစ်ခုလုံးအတိုင်းအတာနဲ့ လှုပ်ရှားပါတော့မယ်။ပြည်သူတွေအနေနဲ့လည်း သတိဝရိယနဲ့နေဆိုင်ကြဖို့ အသွားအလာဆင်ခြင်ကြဖို့ပြောကြားလိုပါတယ်”ဟု ဖတပအ စစ်ရေးတာဝန်ခံတစ်ဦး ကပြောသည်။
ဖတပအ တပ်ဖွဲ့နှင့် Black Eagle မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဟာ ဖက်စစ်စစ်တပ်အနေနှင့် ပြည်သူများအား ဗိုလ်ကျစိုးမိုးမှုကို ရပ်တန့်ရန်၊မီတာဖြုတ်သိမ်းခြင်းနှင့် မီတာခများ အတင်းအကျပ်ကောက်ခံခြင်းကို ရပ်တန့်ရန်၊စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ နှုတ်ထွက်ကြရန်နှင့် ပြည်သူ့သစ္စာဖောက် ဒလန်များလည်း သတင်းပေးခြင်းလုပ်ငန်းများ ရပ်တန့်ရန်စတဲ့ အချက်လေးချက်ကို ဖေဖော်ဝါရီလ ၁ရက်နေ့ ဖောက်ခွဲမှုပြီးပြီးနောက် အသိပေးထားပြီး မလိုက်နာပါက မိမိတို့မဟာမိတ်တပ်ပေါင်းစုများမှ သုတ်သင်ရှင်းလင်းသွားမည်ဟု သတိပေး နှိုးဆော်ထားသည်။
အုတ်ဖိုမြို့က အကြမ်းဖက် စစ်ကောင်စီ၏ဒေါက်တိုင်တွေကို မိုင်း ၅လုံးခွဲခဲ့သည့် ဖတပအ နဲ့ Black Eagle မဟာမိတ်တပ်ပေါင်းစု အနေနှင့် ညအချိန်အရေးပေါ်ကိစ္စမှလွဲပြီး အပြင်ထွက်သွားလာခြင်းမပြုကြရန် အုတ်ဖိုမြို့နေပြည်သူတွေကို မေတ္တာရပ်ခံထားပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြဖို့ ထုတ်ပြန်ချက်အတွင်း အသိပေးတောင်းဆိုထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: