fbpx

အိုင်စီဂျေ(ICJ)အမီ ပြန်လည်ရှေ့ထွက်လာသည့် အာဆာ

By MPA (Special Report)

ပဋိပက္ခတိုင်းပြည်

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလ ၁ ရက်နေ့ကစတင်ပြီး စစ်အာဏာသိမ်းမှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများ နိုင်ငံ့အနှံ့အပြားမှာ ဖြစ်ပေါ်လာခဲ့သည်။

ထိုဆန္ဒပြပွဲကြီးများ ပိုမိုများပြားကျယ်ပြန့်လာခဲ့ပြီးနောက် အဆိုပါလူထုဆန္ဒ ပြပွဲကြီးကိုနွေဦးတော် လှန်ရေးဟု အမည်ပေးခဲ့ကြသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေးအန်တုမှုကြီးဖြစ်သည့်နွေဦးတော်လှန်ရေးကို ထိတ်လန့်စိုးရိမ် လာသောအာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသတ်ဖြတ်မှုများကို ပြုလုပ်လာခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဆိုးဝါးလာသဖြင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြပွဲများအစား လက်နက်ကိုင်တော်လှန်မှုဖက်သို့ ပြောင်းလဲသွားခဲ့ကြရသည်။

ထိုကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးစတင်လာခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ်၊ဇွန်လ ၁၂ နေ့မှာ RSOအဖွဲ့က မြန်မာပြ ည်သူလူထုအကြိုက် ဝါဒဖြန့်ချီရေးစာတစ်စောင်ကို အကွက်ကျကျထုတ်ပြန်ခဲ့သည်။

အခုအချိန်မှာ ဗမာတစ်ပြည်လုံး တောတောင်၊ကျေး လက်ဒေသကနေ မြို့ကြီး ပြကြီးတွေအထိ လူထုလူတန်းစား အလွှာပေါင်းစုံက မင်းအောင်လှိုင်ရဲ့အကြ မ်းဖက်မုဒိမ်းတပ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့အချိန် နောက်ထပ်စစ်မျက်နှာတစ် ရပ်ဖွင့်မယ်ဆိုရင် ဘယ်အထိဖြစ်လာနိုင်သလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ဟု RSOမှ ဗိုလ်မှူး ကျော်မြင့်ထွန်းအမည်ခံ ကိုကိုလွင်က ထွက်ပေါ်ပြောဆိုခဲ့သည်။

ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မောင်တောနယ်စပ်ရှိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့အထိတိုက်ခိုက်မှုများ တစ်စုံတစ်ရာ မတွေ့ရသေးပေ။

ထိုကြောင့် အာဏာသိမ်းစစ်တပ်ကို မုန်းတီးနေကြသည့် မြန်မာပြည်သူများ အကြိုက်မက်လုံးပေး စည်းလုံးပြောကြားထားရုံ သက်သက်သာဖြစ်ပြီး ဒီမိုကရေစီလိုလားသူများ၏ အခက်အခဲကို RSO အဖွဲ့က အခွင့်အရေးတစ်ခုအဖြစ်အသုံးချပြောဆိုချက်တစ်ခုသာဟု ရခိုင်အရေးစောင့်ကြည့်လေ့လာသူများက ဝေဖန်ထောက်ပြကြသည်။

သို့သော်လည်း ၂၀၁၇ ဩဂုတ် ၂၅ ရက်က မောင်တောဒေသတိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် အရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(Arakan Rohingya Salvation Army_ARSA)မှာ ပိုမိုလှုပ်ရှားလာသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးတချို့၊ပြီးခဲ့သည့် ၂၀ ၂၁ ခုနှစ်၊ဒီဇင်ဘာလ ၁၇ ရက်နေ့က မောင်တောမြောက်ပိုင်းခရီးစဉ်အပြီးတွင် အာဆာအဖွဲ့ပိုမိုလှုပ်ရှားပြလာသည်ကို သတိထားမိလာကြသည်။

အဆိုပါခရီးစဉ်ကို အာဏာသိမ်းစစ်ကောင်စီ၏ နယ်စပ်ရေးရာ၊ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းတို့ ပါဝင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသော ရိုဟင်ဂျာများအား ပြန်လည်လက်ခံရေးအတွက် တောင်ပြို လက်ဝဲပြန်လည်လက်ခံရေးစခန်းမှတဆင့် ကြိမ်ချောင်း၊ကြိမ်ချောင်းမှတဆင့် အမှတ်() ပြန်လည်လက်ခံရေးစခန်း (ငါးခူရ)နှင့် လှဖိုးခေါင်ကြားစခန်းများသို့ သွားရောက်ခဲ့ကြသည်။

ထိုခရီးစဉ်အပြီး နှစ်ပတ်မပြည့်ခင် ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဆာခေါင်းဆောင်အာတာအူလာ၏ ၂၉မိနစ်စာ ရုပ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

၂၀၁၇၊မောင်တောဒေသဖြစ်စဉ်အတွင်း မြန်မာစစ်တပ်ဖမ်းဆီးထားသော ရိုဟင်ဂျာ နှစ်ဦး  Photo – MPA

RSO ဘာလဲ၊ဘယ်လဲ

ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ကုလားတန်မြစ်အနောက်ဖက်မှာ RSO အဖွဲ့ မပေါ်ပေါက်ခင်ကမူဂျာဟစ်ဒင်အမည်နှင့်မူဆလင်လက်နက်ကိုင်များ ရှိခဲ့ဖူးသည်။

မူဂျာဟစ်ဒင်ဆိုသည်မှာ အာရဗီ (Arabic)အသုံး အနှုန်းဖြစ်ပြီးမိမိ၏ တိုင်းပြည်နှင့်အစ္စလာမ်သာသနာအတွက် တိုက်ခိုက်သူဟု အဓိပ္ပာယ်ရကြောင်း စာတမ်းတစ်ချို့တွင် ရေးသားထားသည်။

၎င်းတို့သည် ဘူးသီးတောင်၊မောင်တောဒေသတွင် ၁၉၄၈ ခုနှစ်က စတင် ၍ အဓိကလှုပ်ရှားခဲ့ကြပြီး ယင်းတို့၏ လှုပ်ရှားမှုသည် ၁၉၆၁ တွင် အဆုံးသတ်ပျောက်ကွယ်ခဲ့သည်။

သို့သော်လည်း ၁၉၈၀ နှစ်များအစောပိုင်းမှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patriotic Front- RPF)  အမည်နှင့်လှုပ်ရှားလာခဲ့ကြပြီး မိုဟာမက်ယူနွတ်ဆိုသူ ဦးဆောင်ကာ RSO အမည်ကို အသုံးပြုလှုပ်ရှားလာခဲ့ကြသည်။

RSOနှင့်ARIF တို့ပူးပေါင်းပြီး ၁၉၉၈ ခုနှစ်၊အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသားကောင်စီ (Rohin gya National Council -RNC)ကို ဖွဲ့စည်းခဲ့ကြပြီးသူတို့၏ လက်နက်ကိုင်အဖွဲ့အဖြစ် ရိုဟင်ဂျာအမျိုးသားတပ်မတော် (Rohingya National Army -RNA) ကို ဖွဲ့စည်းခဲ့ကြသည်။

မောင်တောမြို့နယ်တောင်ပိုင်း၊အလယ်သံကျော်ကျေးရွာတွင် အစည်းအဝေးတစ်ခုလုပ်ပြီး ကုလားတန်မြစ်အနောက်ဖက်ကမ်းကို သီးခြားနယ်မြေအဖြစ် တောင်းဆိုချက်အပါအဝင် အချက်တချို့ကို တောင်းဆိုခဲ့ကြသည်။

RSO စစ်စခန်းများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox’s Bazaar ခရိုင်မှာတည်ရှိခဲ့ဖူးပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က RSOဗီဒီယိုဖိုင်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းဒေသက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူး ကျော်မြင့်ထွန်းအမည်ခံထားသည့် ကိုကိုလွင် မှာလည်း ထိုနေရာတွင်နေထိုင်ကြောင့် စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်(ကိုဖီအာနန်ကော်မရှင်)၏ အပြီးသတ်အစီရင်ခံစာထဲတွင်၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မကြာမီကာလမှာပင်ရခိုင်ပြည်နယ်အတွင်း၌ မူဂျာဟစ်ဒင်(Mujahidin) ဟုခေါ်သော မွတ်ဆလင်သူပုန်အဖွဲ့တစ်ဖွဲ့ ပေါ် ပေါက်လာကာ မွတ်လဆင်များသာ တူညီမျှသည့်အခွင့်အရေးများရရှိရေးနှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါပုန်ကန်မှု အရေးနိမ့်သွားခဲ့သော်လည်း ၁၉၈၀ ခုနှစ်များတွင် Rohingya Solidary Organization (RSO)အမည်ဖြင့် လက်နက်ကိုင်ပုန်ကန်မှုကို ပြန်လည်အစပျိုးလာခဲ့ပြန်သည်။

သို့ရာတွင် ၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် ယင်းအဖွဲ့၏ စစ်ရေးစွမ်းဆောင်နိုင်မှုများ ကျဆင်းလာခဲ့သည်။

၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့အားတိုက်ခိုက်ခဲ့သော Harakat al. Yaqin (နောင်တွင် Arakan Rohingya Salva tion Army(ARSA)ဟု ပြောင်းလဲခေါ် ဝေါ်သည်)အဖွဲ့၏ တိုက်ခိုက်မှုသည် လက်ရှိကာလတွင် မွတ်ဆလင်များကအစိုးရတပ်များအား တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုများထဲတွင် အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရေးသားထားသည်။

RSOအလွန် အာဆာခေါင်းထောင်လာခြင်း

ကုလားတန်မြစ်အနောက်ဖက်ကမ်းကို အပိုင်းရယူလိုသည့် RSO ၏ ရည်ရွယ်ချက်များမှေးမှိန်ခဲ့ပြီးနောက်  အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) ပေါ်ပေါက်လာခဲ့သည်။

ထိုအာဆာအဖွဲ့သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် မောင်တောဒေသရှိစစ်တပ်နှင့် ရဲစခန်းအများအပြားကို တပြိုင်တည်း တိုက်ခိုက်ခဲ့ဖူးသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဆာခေါင်းဆောင် အာတာအူလာ၏ ၂၉ မိနစ်စာ ရုပ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

မင်းတို့မှတ်ထားရမှာက ငါတို့ဟာ ဘယ်အခြေအနေရောက်ရောက် တစ်ဦးတစ်ယောက်ကျန်နေရင် တောင် ရခိုင်မြေကစွန့်ခွာသွားမယ်မထင်နဲ့။ ငါတို့အမြဲတိုက်ခိုက်သွားမှာဖြစ်တယ်။ဟု အာဆာခေါင်းဆောင် အာတာအူလာက ပြောဆိုထားသည်။

အာဆာအဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့ကို နှစ်ဖက်ခွကာနေထိုင်လှုပ်ရှားနေကြသော်လည်း မြန်မာနိုင်ငံကိုသာ အဓိကဦးတည်တိုက်ခိုက်ရန်ရည်ရွယ်နေကြောင့် အာဆာအကြောင်း စောင့်ကြည့်လေ့လာနေသူများကဆိုသည်။

အာဆာအဖွဲ့တွေဟာ မောင်တောမြောက်ပိုင်း၊ နယ်စပ်ခြံစည်ရိုးအနီးပတ်ဝန်ကျင်းမှာ အဓိကလှုပ်ရှား နေကြတာပါ။ စစ်တပ်ကဘာကြောင့်အပြီးတိုင်းရှင်း လင်းရေးမလုပ်တာလဲမသိဘူး။ဟု မောင်တောမြောက်ပိုင်းနေဒေသခံမြိုတိုင်းရင်းသားတစ်ဦးက ဝေဖန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ပတ်ကြာသွားရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိIDP Camp များတွင် အာဆာများ ခိုအောင်းနေထိုင်လျှက်ရှိကြောင့် တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

ရိုဟင်ဂျာများ နေရပ်ပြန်ရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေဖြင့် အလေးထားလုပ်ဆောင်ပေးရန်လည်း တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။

ထိုနေရပ်ပြန်ရေးကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အာဏာသိမ်းစစ်ကောင်စီတို့ နှစ်နိုင်ငံပူးပေါင်း ကော်မတီဖွဲ့ကာ အချက်အလက်ဖလှယ်ခြင်းတချို့ကိုဆောင်ရွက်နေကြသည်။

အာဆာကို ကျွန်တော်တို့က လက်ခံအသိအမှတ်မပြုပါဘူး။ ကျွန်တော်တို့ကို ကုလားခေါ်ခေါ်၊ ဘာခေါ်ခေါ် မြန်မာနိုင်ငံသို့ပြန်လာချင်ပါတယ်။ဟုမောင်တောမြောက်ပိုင်း တမန်းသားကျေးရွာတွင် နေထိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရုံးချိန်းမတိုင်မီ ပြန်လည်လက်ခံရေးကို ဟန်ပြလုပ်ဆောင်ပြရန် ကြိုးစားပြင်ဆင်နေချိန် မောင်တောမြောက်ပိုင်းမှာ အာဆာလှုပ်ရှားတိုက်ခိုက်မှုများ ဆက်တိုင်းဖြစ်ပေါ်လာသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးအပတ်မှ စတင်ကာ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် အာဆာအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်ကောင်စီနှင့်အာဆာအဖွဲ့ကြားတိုက်ခိုက်မှုများ ဖေဖော်ဝါရီလ အတွင်းတဖြည်းဖြည်း များပြာလာသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ကာ စစ်အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရအဖွဲ့ဝင် သမ္မတအပါအဝင်အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ထိုနောက် ပြည်သူ့အစိုးရအား လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းလိုက်ခြင်းကို တော်လှန်ဖို့ NLD နောက်ခံပြု အမျိုးသားညီညွတ်ရေးအစိုးရ (NU G)ကို ဖွဲ့စည်းခဲ့ကြသည်။

ထို NUG မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က အငြင်း ပွားစရာ သဘောထားထု တ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာမူဝါဒသဘောထားထုတ်ပြန်ချက်ဟု ခေါင်းစဉ်တပ်ထားသည်။

ထိုအထဲမှာလူ့အခွင့်အရေးနှင့် လူသားတို့၏ ဂုဏ် သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည့်အ တိုင်း ပြည်ထောင်စုအတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ ၊နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအားတည်ဆောက်ရန် ရည်ရွယ်သည် ။

အမျိုးသားညီညွတ်ရေးအစိုးရသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွင်း အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊လူ့အခွင့်အရေးများကို ရက်ရက် စက်စက် ချိုးဖောက်မှုများကြောင့် လူဦးရေ သောင်းပေါင်းများစွာ နေရပ်မှစွန့်ခွာ ထွက်ပြေးရခြင်း၏ ဘေးဒုက္ခများကို ကောင်းစွာသိရှိပြီး အထူးစိတ်မကောင်း ဖြစ်ရပါသည်။ဟုဖော်ပြထားသည်။

ထိုကဲ့သို့ မူဝါဒကို NUG က တရားဝင်ထုတ်ဖော်ပြောကြားထားသော်လည်း ရခိုင်အရေးအပါအဝင် ရခိုင်ရှိရိုဟင်ဂျာအရေးကိစ္စများကို NUG ဖက်ကလုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း ရခိုင်အရေး စောင့်ကြည့် လေ့လာနေသူ များက ထောက်ပြကြသည်။

ကျွန်တော်တို့တောင်းဆိုချင်တာကနေ ရပ်ပြန်လိုပါတယ်။ မူလနေရာကိုလိုချင်ပါတယ်။ဟု မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ၎င်းတို့၏သဘောဆန္ဒကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်စတင်ခဲ့သည့် ပဋိပက္ခများကြောင့် ပြန်လည်လက်ခံရေး၊ပြန်လည်နေရာချထားရေးဆောင်ရွက်ရန် ဒုက္ခသည်သန်းနှင့်ချီပြီးရှိနေကာ ထိုပြဿနာအပြင်ရခိုင်ပြည် နယ်ရှိ ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)အမှုရင်ဆိုင်ရန်လည်း ရှိနေသည်။

ထိုအမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို ပစ်မှတ်ထား တရားစွဲဆိုထားခြင်းဖြစ်ပြီး ပထမရုံး ချိန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ကန့်ကွက်ခဲ့သည်။

စစ်အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်အဓိကကြုံတွေ့ရမည့် ထို ICJ ၏ ဒုတိယရုံးချိန်မတိုင်မီ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က NLD အစိုးရကန့်ကွက်ခဲ့သည်များအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ICJ တရားရုံးမှာ ၂၀၁၉ခုနှစ်၊ဒီဇင်ဘာ လ၁၂ ရက်နေ့က ပထမအကြိမ်ကြားနာပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား နိဂုံးချုပ်လျှောက်လဲချက်ပေးရာတွင် အမှုကိစ္စအား ရုံးတော်ကပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာကတောင်းဆိုထားသည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များအား ပယ်ဖျက်ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ICJနှင့်ULA/AA

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုအမှုရင်ဆိုင်နေရမှုမှာ ရက္ခိုင့်အမျိုးသားအဖွဲ့/ရက္ခိုင့်တပ်တော် ULA/AA လည်း ဇာတ်ကောင်တစ်ဦး အဖြစ်ပါဝင်နေသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်န က်ကိုင်အဖွဲ့များထဲတွင် အချိန်တိုအတွင်း လက်နက်အင်အား၊စစ်သည်အင်အားများပြားလာသည့် AAအဖွဲ့မှ ကချင်ပြည်နယ်မှတဆင့် ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားလာနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ်မှစတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်နေချိန် ICJ သို့ သက်သေနှစ်ဦးပို့ပေးဖူးသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ဇန်နဝါ ရီလ ၄ ရက်၊လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်းလေးခုကို တစ်ပြိုင်တည်းဝင်တိုက်ပြီး ပြင်းထန်သည့်တိုက်ပွဲများအတွင်း အေအေဖက်က ဖမ်းဆီးရမိသောမြန်မာစစ်သားများထဲက ICJ အတွက် သက်သေခံနိုင်သူစစ်သားနှစ်ဦးကို ပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသက်သေနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နို င်ငံမှတဆင့် တရုတ်အကူအညီဖြင့်လေယာဉ်နှင့် ICJ အရောက်ပို့နိုင်ခဲ့ရာ အေအေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရမှ ယုံ ကြည်မှုတချို့ရှိလာခဲ့ကြောင်း နိုင်ငံတကာမှ စောင့်ကြည့်နေသူတချို့က သုံးသပ်ကြသည်။

မြန်မာနိုင်ငံစစ်အာဏာ မသိမ်းမီ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ NLD အစိုးရကရွေးကောက်ပွဲ မကျင်းမသည်ကိုအကြောင်းပြကာ ပြင်းထန်သည့် တိုက်ပွဲများမှာ မရှိတော့ဘဲ နှစ်ဖွဲ့စလုံးရုတ်တရက်တိုက်ပွဲများ ရပ်တန့်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်ထပ်မံအ နိုင်ရNLD ၏ အစိုးရသစ်ဖွဲ့ရန် လွှတ်တော်ပြန်စမည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ အာ ဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)ကြား စစ်ရေးတင်းမာမှု တချို့ကလွှဲ၍ တိုက်ပွဲများ ရပ်တန့်နေသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ အပါအဝင် နေရာအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်များ၊ပြည်သူ့ကာကွယ်ရေးတပ်များ(PDFs)နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်သောတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေချိန် ရက္ခိုင့်အမျိုးသားအဖွဲချုပ် (ULA) မှာ ရခိုင်ပြည်နယ်မှာ သီးခြားအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ထူထောင်နေသည်။

မြန်မာနိုင်ငံ အနောက်ဖက်က ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကြားနယ်နိမိတ်ချင်းထိစပ်နေပြီး ကမ္ဘာ့ပထဝီနိုင်ငံရေးအရအရေးပါနေရာ ကွန်ဖယ်ဒရိတ်ဟု တရားဝင်ပြောဆိုထားသည့် အေအေအတွက် ထိုနှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရရှိအောင် ကြိုးစားတည်ဆောက်နေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးက အဆိုးကြီးတော့မဟုတ်ပါဘူး။ဒါပေမယ့် အကောင်းကြီးလည်း မဟုတ်သေးပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ ကျွန်တော်တို့နဲ့ တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ ဆက်ဆံရေး တစ်ရပ်ထားဖို့အတွက် ရှင်းလင်းတဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဗျူဟာတစ်ရပ်ရှိတဲ့ပုံမမြင်မိဘူး။ဟု ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးစီးချုပ် တပ်မှူးချုပ် ထွန်းမြတ်နိုင်က အေးရှားတိုင်းမ်(Asia Times)သို့ပြောဆိုထားသည်။

အာဏာသိမ်းစစ်တပ်ရင်ဆိုင်ရမည့် ICJ ၏ ဒုတိယကြားနာမှုမှာ လာမည့် ၂၁ ရ က်နေ့တွင် စတင်တော့မည်ဖြစ်သဖြင့် ယခုအကြိမ်တွင်းလည်း ICJ အပေါ်အေအေဖက်က မည်သို့ပူးပေါင်းဆောင်ရွက်လာမည်နည်းဆိုသည်ကလည်း စိတ်ဝင်စားစရာဖြစ်နေသည်ဟု ရခိုင်အရေးစောင့်ကြည့်နေသူများက ဆိုသည်။

ဒီနှစ်ဖွဲ့လုံးနဲ့ကျနော်တို့ အဆက်အသွယ်မရှိပါဘူး။ RSO ကတော့ ARSA ထက် နိုင်ငံရေးအရ ပိုရင့် ကျက်ပုံ ပေါ်ပါတယ်။ဒါပေမယ့် ARSA က ကွန်ရက်ပိုကျယ်ပြီး လှုပ်ရှားမှုပိုများတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေနဲ့ ရခိုင်ကကျေးရွာတွေမှာ ARSA က ကိုယ့်လူမျိုးခေါင်း ဆောင်တွေကို ဘာတွေပြန်လုပ်လဲ တွေ့ကြမှာပါ။အဝေးရောက် မွတ်ဆလင်ပညာတတ်တစ်ချို့ဟာ ARSAကို လက်လွတ် စပယ် ကြိုးကိုင်လှုံ့ဆော်ပြီး နိုင်ငံရေးအကျပ်အတည်းကနေ အမြတ်ထုတ်နေကြတယ်။ဟု တပ်မှူးချုပ်ထွန်းမြတ်နိုင်က အေးရှားတိုင်းမ် (Asia Tim es)မှာ ထောက်ပြပြောဆိုထားသည်။

စစ်ကောင်စီ၊ ICJနှင့် အာဆာ

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းပဋိပက္ခပေါင်းစုံမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊စစ်ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်လာနေဆဲဖြစ်သည့် စစ်တပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုအပြီး ပိုမိုများပြားလာခဲ့သည်။

ပြည်သူ့အစိုးရကို စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ လာမည့် ၂၁ ရက်မှ ၂၈ ရက်အထိ ကိုယ်တိုင်သွားရောက် အမှုရင်ဆိုင်ကြားနာရတော့မည်ဖြစ်သည်။

ထိုကြားနာမှုကို မြန်မာနိုင်ငံကိုယ်စားပြု ခုခံချေပခွင့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်စစ်ကောင်စီတို့ အပြိုင်အဆိုင်တင်သွင်းထားကြပြီး မည်သူက နိုင်ငံကိုယ်စားပြုသွားရောက်ခွင့်ရမည်ကို မသိကြရသေးပေ။

ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ NLDအစိုးရကန့်ကွက်ခဲ့သည်များ ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားရာ အာဏာသိမ်းစစ်ကောင်စီအတွက် သေဒဏ်ကြိုးမိန့်ကို ရင်ဆိုင်ရမည့်ကိန်းဆိုက်လာခြင်းဖြစ်သည်။

နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များ အမြန်ရပ်တန့်သွားနိုင်ရေး ထိရောက်သော လုပ်ဆောင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ဟုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားများနှင့် ICJ ကိုရင်ဆိုင်ရန်အတွက် ပြန်လည်လက်ခံရေး စတင်မည်ဟု ပြောဆိုထားသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နှင့် အာဆာကြား တိုက်ပွဲများဖြစ်ပေါ်နေသည်။

ထိုတိုက်ပွဲများမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၈ နာရီကျော်အချိန်ခန့်မှစတ င်ပြီး မောင်တောမြောက်ပိုင်း၊ မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင်အမှတ် ၄၃ နှင့် ၄၄ ကြားတွင် အာဆာနှင့်စစ်ကောင်စီတပ်တို့ ထပ်မံဖြစ် ပွားခဲ့သည် ။

ထိုအပြင် အေအေနှင့်စစ်ကောင်စီတပ်တို့ကြား ထိုနေ့ ညနေ ၃ နာရီကျော်အ ချိန်ခန့်တွင် မောင်တောမြောက်ပိုင်း၊မင်္ဂလာညွန့်ကျေးရွာ အနောက်ဘက်တွင် လက်နက်ကြီးပစ်ခတ်မှုများနှင့်အတူ ပြင်းထန်စွာထပ်မံဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော(AA) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီးစစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့်အပါအဝင် အများအပြားသေဆုံးကြောင့်အမိန့်ပြန်တမ်းဗီဒီယိုဖိုဒ်တွင် တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေးအရအရေးပါသော ထွက်ပေါက်ဖြစ်လာမည့် မောင်တောဒေသမှာ ICJနီးလာသည်နှင့်အမျှ သေနတ်သံများနှင့်အတူ အဖွဲ့ပေါင်းစုံကလွှမ်းမိုးနိုင်ရေးအပြင်းအထန်ကြိုးစားနေကြသည်ကိုတွေ့ ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ICJ ကြားနာမှုနီးနေချိန်မှာ တိုက်ပွဲခေါ်သံ၊သေနတ်သံများနှင့်အတူ အာဆာအဖွဲ့ပြန်လည်ပေါ်ထွက်လာသည်က လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော ရိုဟင်ဂျာများအခွင့်အရေးအတွက်လား၊စစ်ကောင်စီအလိုကျ တိုက်ပွဲအတုများ ဖန်တီးခြင်းလားဆိုသည်မှာ နိုင်ငံတကာသို့ ဖြေဆိုရမည် အာဆာအဖွဲ့၏ ရပ်တည်ရေးစာမေးပွဲကြီးတစ်ခုဖြစ်နေတော့သည်။ 

#BNA# ICJ #စစ်ကောင်စီ #အာဆာ #ရခိုင် #AA #မောင်တော #အားပြိုင်မှု #Myanmar 

(ဓာတ်ပုံ၂၀၁၇၊မောင်တောဒေသဖြစ်စဥ်အတွင်း မြန်မာစစ်တပ်ဖမ်းဆီးထားသော မွတ်ဆလင်နှစ်ဦး/ BNA)

မှတ်ချက်။ ။ BNA နဲ့သဘောတူခွင့်ပြုချက်အရ ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး MPA မူဝါဒအရ အသုံးအနှုန်းအချို့ကိုပြောင်း သုံးစွဲကာဖော်ပြခြင်းဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: