By MPA
တောင်ဥက္ကလာပက အကြမ်းဖက်စစ်ကောင်စီသတင်းပေးနှစ်ဦး ဓားဖြင့်ထိုးခံရပြီး အရေးပေါ်ရောက်နေကြောင်း တောင်ဥက္ကလာပရဲစခန်းမှ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့၊ည ၉နာရီခွဲက တောင်ဥက္ကလာပရဲစခန်းမှ ပတ်ကင်းများကို ရပ်ကွက်အခြေပြုသတင်းပေးနေသည့် ဦးမျိုးဆိုသူနှင့် အပေါင်းအပါတစ်ဦး ဓားထိုးခံခဲ့ရကြောင်း တောင်ဥက္ကလာပရဲစခန်း၏ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကပြောသည်။
“မနေ့ညက ဖြစ်တာပေါ့။တစ်ယောက်ကတော်တော်စိုးရိမ်ရတယ်။အခင်းဖြစ်နေရာအနီးမှာ ပွိုင့် ကျည်နှစ်တောင့်တွေ့တယ်။သေနတ်နဲ့ ပစ်ပြီးမှ ဓားနဲ့ဆင်းထိုးတဲ့ပုံပဲ။အခုတော့ ဓားထိုးခံရတဲ့သူတွေကို အရေးပေါ်ခန်းပို့ပြီး ကုပေးထားတယ်”ဟု တောင်ဥက္ကလာပရဲစခန်း၏ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ဓားထိုးခံရသည့် အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဦးမျိုးနှင့် အပေါင်းပါ အမျိုးသားတစ်ဦးသည် တောင်ဥက္ကလာပမြို့နယ် ၊ ၇ ရပ်ကွက် ၊ ရှင်သိဒ္ဓတ် ၁၃ လမ်းထိပ်တွင် ဓားဖြင့်ထိုးခံခဲ့ရပြီး ဗိုက်တွင်ဓားဒဏ်ရာရသူတစ်ဦးနှင့် လည်ပင်းနှင့် ဝဲဘက်ပေါင်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်မေ့မြောကျန်ခဲ့ကြောင်း ရှင်သိဒ္ဓတ် ၁၂ လမ်းနေသူတစ်ဦးကပြောသည်။
“အဲ့နှစ်ကောင်က ဒေါက်မကျိူးဘူး။ရပ်ကွက်ထဲ လူသစ်၊လူစိမ်းလာတာက အစချွန်တာ။သူ့အဖေတွေနဲ့ ကားလိုက်စီးဖို့ စောင့်ရင်း ဖောင်းဒိုင်းခံလိုက်ရတာ။သေနတ်နဲ့ပစ်ခံရသေးတယ်နဲ့တူတယ် ကျည်ခွံတွေတွေ့တယ်ကြားတယ်။ဦးမျိုးကတော့ သေဖို့များတယ်”ဟု ရှင်သိဒ္ဓတ် ၁၂ လမ်းနေသူတစ်ဦးကပြောသည်။
လက်ရှိမှာ တောင်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေးနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အဖွဲ့အစည်းအား အတိအကျမသိရှိရသေးသလို တိတိကျကျထုတ်ပြန်ခြင်းလဲ မရှိသေးကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ညက ဓားထိုးခံရသည့် ဒလန်များကို ဆေးရုံကားနှင့်ခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ အခင်းဖြစ်ပွါးရာနေရာသို့ ၉နာရီခွဲ ခန့်မှ ၁၁နာရီခွဲ အချိန်အထိ လာရောက်ကာ အနီးနားဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
#သတင်းပေး #အကြမ်းဖက်စစ်ကောင်စီ #ဓားထိုးခံရ #တောင်ဥက္ကလာ #MPA #Myanmar